ဖိလစ်ပိုင်စစ်စခန်းများကို အမေရိကန်အားအသုံးပြုခွင့်ပေးမှုသည် ရန်လိုသည့်လုပ်ဆောင်မှုမဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား

ဖိလစ်ပိုင်စစ်စခန်းများကို အမေရိကန်အားအသုံးပြုခွင့်ပေးမှုသည် ရန်လိုသည့်လုပ်ဆောင်မှုမဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား
မေ ၁ ရက်က ၀ါရှင်တန်ရှိ အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (ယာ) နှင့် ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo – AFP)
မေ ၁ ရက်က ၀ါရှင်တန်ရှိ အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (ယာ) နှင့် ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo – AFP)
Published 5 May 2023
Ref: AFP

ယခုနှစ်အတွင်း ဖိလစ်ပိုင်စစ်စခန်းများကို အမေရိကန်အားအသုံးပြုခွင့် ထပ်မံတိုးချဲ့ပေးရန် သဘောတူညီခဲ့ခြင်းသည် မည်သည့်နိုင်ငံကိုမျှ ဆန့်ကျင်သည့် ရန်လိုသော လုပ်ဆောင်ချက်အတွက် ရည်ရွယ်ခြင်းမဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။

၀ါရှင်တန်ရှိ အမေရိကန်ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ထံတွင် အမှာစကားပြောကြားခဲ့ချိန်တွင် မားကို့စ်က မကြာသေးမီက  တရုတ်အရာရှိများနှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများအတွင်း အဆိုပါအချက်ကို ပြောကြားခဲ့သည်ဟုဆိုသည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်အကြား စစ်ပွဲဖြစ်လာခဲ့မည်ဆိုပါက စစ်သားများထောက်ပံ့ပေးရန် အမေရိကန်က ဖိလစ်ပိုင်ကို တောင်းဆိုခဲ့ခြင်းမရှိကြောင်းလည်း မားကို့စ်က ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက် (EDCA) အရ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ဖြေရှင်းရန် ဖိလစ်ပိုင်ရှိ စစ်စခန်းများကို အမေရိကန်အား အသုံးပြုခွင့်ပေးခြင်းဖြစ်သည်ဟု မားကို့စ်က နိုင်ငံတကာလေ့လာရေးနှင့် မဟာဗျူဟာစင်တာတွင် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျွန်တော့်ဆီကို အလည်လာတုန်းက ကျွန်တော်က သူ့ကို ပြောခဲ့ပါတယ်။ ဒါဟာ တရုတ်အပါအဝင် ဘယ်သူ့ကိုမဆို ဘယ်နိုင်ငံကိုမဆို တိုက်ခိုက်ဖို့အတွက် ရည်ရွယ်တဲ့ စစ်စခန်းတွေမဟုတ် ဘူးဆိုတာ ကျွန်တော် သူ့ကိုသေချာပြောခဲ့ပါတယ်”ဟု မားကို့စ်ဂျူနီယာက ပြောကြားခဲ့သည်။

EDCA စစ်စခန်းများကို ရန်လိုသည့် လုပ်ဆောင်ချက်အတွက် အသုံးပြုမှုသည် ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ဆွေးနွေးခဲ့သည့် သတ်မှတ်ချက်မူဘောင်အပြင်ဘက်တွင် ရှိနေပြီး အမေရိကန်သည် မည်သည့်နိုင်ငံကိုမျှ ဆန့်ကျင်သည့် ရန်လိုသောလုပ်ဆောင်ချက်အတွက် ယင်းစခန်းများကို မည်သည့်အခါမျှ အသုံးပြုလိမ့်မည်မဟုတ်ဟု မားကို့စ်က ပြောကြားခဲ့သည်။

ရိုက်တာသတင်းဌာနနှင့် သီးခြားပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် မားကို့စ်က အဆိုပါစစ်စခန်းများသည် ဖိလစ်ပိုင်နိုင်ငံ သားများကို ရွှေ့ပြောင်းကယ်ဆယ်ရေးအတွက် လိုအပ်လာမည့် အခြေအနေမျိုးတွင် အသုံးဝင်လိမ့်မည်ဖြစ်ပြီး EDCA သည် ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးကို မြင့်တက်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အခုဆို အဲဒါနဲ့ပတ်သက်ပြီး ရှုထောင့်တစ်ခုပိုလာခဲ့ပါပြီ။ ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေဟာ ဆက်လက်မြင့်တက်နေပြီး ထိုင်ဝမ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးက အဓိကအကျဆုံးနဲ့ အရေးအကြီးဆုံးဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် ကြောက်မက်ဖွယ် အခြေအနေတစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင် EDCA စခန်းတွေဟာ ကျွန်တော်တို့အတွက် အသုံးဝင်တယ်ဆိုတာ သက်သေပြပါလိမ့်မယ်”ဟု မားကို့စ်က ထိုင်ဝမ်ပဋိပက္ခအခြေအနေကို ရည်ညွှန်းပြောဆိုခဲ့သည်။

အဆိုပါစစ်စခန်းများသည် ခံစစ်အနေအထားဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအသွင်ကိုဆောင်လိမ့်မည်ဖြစ်ကာ ဘေးအန္တရာယ်များနှင့် ဖိလစ်ပိုင်နိုင်ငံသားများကို ရွှေ့ပြောင်း ကယ်ဆယ်ရေးအတွက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မားကို့စ်လက်ထက်တွင် ဖိလစ်ပိုင်သည် အမေရိကန်နှင့် ဆက်ဆံရေးများ တိုးမြှင့်ခဲ့ပြီး ဖေဖော်ဝါရီလက နောက်ထပ်ဖိလစ်ပိုင် စစ်စခန်းလေးခုကို အမေရိကန်အား အသုံးပြုခွင့်ပေးခဲ့သည်။                  

Most Read

Most Recent