ရုရှား-ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူစရာများကို အလေးအနက်ဂရုပြုရန် ထိုင်ဝမ်ကို အမေရိကန် အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး တိုက်တွန်း

ရုရှား-ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူစရာများကို အလေးအနက်ဂရုပြုရန် ထိုင်ဝမ်ကို အမေရိကန် အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး တိုက်တွန်း
၂၀၂၂ ခုနှစ် ဇူလိုင် ၂၆ ရက်က ပြုလုပ်ခဲ့သည့် ထိုင်ဝမ်၏နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခုကိုတွေ့ရစဉ် (Photo – AFP)
၂၀၂၂ ခုနှစ် ဇူလိုင် ၂၆ ရက်က ပြုလုပ်ခဲ့သည့် ထိုင်ဝမ်၏နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခုကိုတွေ့ရစဉ် (Photo – AFP)
Published 4 May 2023
Ref: AFP

ထိုင်ဝမ်အနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူစရာများကို အလေးအနက် ဂရုပြုရန်နှင့် ဒရုန်းကာကွယ်ရေးအတွက်အား ဖြည့်လုပ်ဆောင်ရန် အမေရိကန် အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးတစ်ဦးက မေ ၃ ရက်တွင် ထိုင်ဝမ်ကို တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်ကျွန်းသည် တရုတ်၏စစ်ရေး ခြိမ်းခြောက်မှုများ တိုးမြှင့်လာမှုနှင့် ရင်ဆိုင်နေရသည်။

ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ထိုင်ဝမ်သည် တစ်ချိန်ချိန်တွင် ၎င်းနှင့်ပြန်လည်ပေါင်းစည်းမည့် ပိုင်နက်နယ်မြေ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ထိုင်ဝမ်ကမူ ၎င်းပြောဆိုချက်ကို  ပြင်းပြင်းထန်ထန် ပယ်ချထားသည်။

ဒရုန်းများအပါအဝင် စစ်လက်နက်ပစ္စည်းများ တီထွင်ထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍ ထိုင်ဝမ်ကုမ္ပဏီများနှင့် ဆွေးနွေးရန် မေ ၃ ရက်က တိုင်ပေသို့ ရောက်ရှိလာသည့် အမေရိကန် စစ်လက်နက် ကန်ထရိုက်တာ ကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်မရိန်းတပ်၏ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး စတီဗင်ရက်ဒါလည်း ပါဝင်သည်။

ထိုင်ဝမ်သည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ ယူကရိန်းစစ်ပွဲကို စောင့်ကြည့်လေ့လာလျက်ရှိကြောင်း ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲပြင်ပတွင် ရက်ဒါက သတင်းထောက်များကို ပြေကြားခဲ့သည်။

“သေးငယ်တဲ့ ဒရုန်းစနစ်တွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေတာကို မြင်တွေ့ခဲ့ရပြီးပါပြီ။ မြို့ပြဝန်းကျင်ထဲမှာ ဖြန့်ခွဲထားတဲ့ ခြေလျင်တပ်တွေဟာ အရင်က မကြုံဖူးသေးတဲ့ နည်းလမ်းမျိုးနဲ့ ခုခံကာကွယ်ရေးအတွက် ပစ်အားပုံစံတစ်မျိုးအဖြစ် ဖန်တီးနိုင်တာကိုလည်း မြင်တွေ့ခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါနည်းပညာဖြင့် သမားရိုးကျတပ်များ ဖြန့်ကြက်မထားနိုင်သည့် နေရာများတွင် လှုပ်ရှားစစ်ကစားနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ယမန်နှစ်တွင် ရုရှားက ယူကရိန်းကိုကျူးကျော်ခဲ့ပြီးနောက်ပိုင်း လမ်းမများထက်တွင် မြို့ပြစစ်ပွွဲဆင်နွှဲခြင်းသည် ယူကရိန်းတို့၏ပိုမိုကျယ်ပြန့်သော တန်ပြန်ထိုးစစ် တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

ယမန်နှစ်တွင် ထိုင်ဝမ်စစ်တပ်သည် ၎င်းတို့၏ နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှုများတွင် မြို့ပြစစ်ပွဲဆိုင်ရာ လေ့ကျင့်မှုများကို ထည့်သွင်းပြုလုပ်ခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုများအတွင်း အရန်တပ်ဖွဲ့ဝင်များက မြို့တော်တိုင်ပေကို ရန်သူများ ခြေကုပ်မယူနိုင်အောင် ပိတ်ဆို့ဟန့်တားသည့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်တွင် တိုက်ခိုက်ရေးပညာ လေ့လာသင်ယူရန် မြို့ပြစစ်ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်လေ့လာသည့် အရပ်သားဦးရေ များပြားလာခဲ့သည်။

တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းကို လှည့်ပတ်ပျံသန်းစေရန် ဒရုန်းတစ်စင်း စေလွှတ်ခဲ့သည်ဟု ထိုင်ဝမ်က ပြောကြားထားသည်။ ယင်းသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး စိစစ်သတ်မှတ်ဇုန်ထဲသို့ နေ့စဉ်နီးပါး စစ်လေယာဉ်များ ပျံသန်းစေသည့် တရုတ်၏ ကင်းထောက်နည်းဗျူဟာသစ် တစ်မျိုးလည်းဖြစ်သည်။ တာဝေးသွား ကင်းထောက်ဒရုန်းဖြစ်သည့် BZK-005 သည် မြောက်ဘက်မှ ထိုင်ဝမ်ကျွန်း၏ အရှေ့ဘက်သို့ ပျံသန်းခဲ့ပြီး တောင်ဘက်နှင့် အနောက်ဘက်သို့ ဆက်လက်ပျံသန်းခဲ့သည်ဟု သိရသည်။

Most Read

Most Recent