ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လာသည့် အိန္ဒိယနိုင်ငံမှ ပြည်သူများ၏ ပျော်ရွှင်မှုနှင့် စိုးရိမ်မှုများ

ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လာသည့် အိန္ဒိယနိုင်ငံမှ ပြည်သူများ၏ ပျော်ရွှင်မှုနှင့် စိုးရိမ်မှုများ
Photo - AFP
Photo - AFP
Published 30 April 2023

အိန္ဒိယအစိုးရဆေးရုံတစ်ရုံတွင် မိခင်တစ်ဦးဖြစ်သည့် မာနူဘာလာသည် မွေးကင်းစသမီးဖြစ်သူကို မောမောပန်းပန်း၊ ပီတိဖြစ်လျက်ပွေ့ ချီထားခြင်းနှင့်အတူ အိန္ဒိယနိုင်ငံအား ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာစေရန် အထောက်အကူပေးခဲ့သည်။

ဘာလာ၏ပါးပြင်ပေါ်တွင် ဝမ်းသာမျက်ရည်များ ကျဆင်းနေပြီး သူသည် အိန္ဒိယနိုင်ငံတစ်ဝန်းတွင်ဧပြီ ၂၄ ရက်၌ ကလေးမွေးဖွားသူ ၆၇၀၀၀ ကျော်တွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ဧပြီ ၂၄ ရက်သည် ကုလသမဂ္ဂက အိန္ဒိယအား ကမ္ဘာပေါ်တွင်တရုတ်နိုင်ငံကို ကျော်လွန်၍ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ်ကြေညာခဲ့ပြီး ကမ္ဘာပေါ်တွင် လူခြောက်ဦး၌ တစ်ဦးကျော်သည် အိန္ဒိယနိုင်ငံမှဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယတွင် လူဦးရေ လျင်လျင်မြန်မြန်တိုးပွားလာခြင်းနှင့် တရုတ်တွင် ယမန်နှစ်က လူဦးရေ ၁ ဒသမ ၄၂ ဘီလျံကျော် ရှိလာပြီးနောက် လူဦးရေတိုးနှုန်း ကျဆင်းလာခြင်းတို့ကြောင့်အိန္ဒိယ၏လူဦးရေက တရုတ်ကို ကျော်လွန်သွားခဲ့သည်။

အေဒီငါးရာစုက ရောမအင်ပါယာပြိုလဲသွားပြီးနောက်ပိုင်း ကမ္ဘာ့လူဦးရေအများဆုံးအဖြစ် ရပ်တည်ခဲ့သည့် တရုတ်နိုင်ငံသည် ယခုရာစုနှစ်အကုန်တွင် လူဦးရေ တစ်ဘီလျံဝန်းကျင်အထိ ကျဆင်းသွားဖွယ်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။တရုတ်၏လူဦးရေစာရင်းတွင် ထိုင်ဝမ်၊ဟောင်ကောင်နှင့် မကာအိုတို့ကို ထည့်သွင်း တွက်ချက်ခြင်းမပြုပေ။

ယမန်နှစ်က တရုတ်နိုင်ငံသည် ဆယ်စုနှစ်ခြောက်ခုကျော်အတွင်း  ပထမဆုံးအကြိမ် လူဦးရေတိုးနှုန်း ကျဆင်းမှုဖြစ်ပေါ်ခဲ့ကြောင်း ဇန်နဝါ ရီ ၁၇ ရက်က တရားဝင်ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။ တရုတ်တွင် နောက်ဆုံးအကြိမ်လူဦးရေ ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်မှာ ၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းကာလများကဖြစ်သည်။

“အိန္ဒိယက တရုတ်ကို ကျော်သွားတဲ့ ဒီလိုနေ့မှာ ကျွန်မရဲ့သမီးကို မွေးဖွားရတာ အရမ်းပျော်ရွှင်မိပါတယ်။ ဒီလိုနေ့မျိုးမှာ ကလေးအမေ ဖြစ်ရတာ အရမ်းထူးခြားတယ်လို့ခံစားရတယ်”ဟု အသက် ၂၂ နှစ်အရွယ် အိမ်ထောင်ရှင်မတစ်ဦးဖြစ်သူ ဘာလာကပြောကြားခဲ့သည်။

“ကျွန်မရဲ့ကလေးလေးကိုစာ အရမ်းကြိုးစားစေချင်ပြီး သူဖြစ်ချင်တာကို လုပ်စေချင်ပါတယ်။ ကျွန်မသူ့ကို ကောင်းမွန်တဲ့ဘဝတစ်ခုရစေချင်ပါတယ်”ဟု ၎င်းကဆိုသည်။

ဘာလာသည် ဟိမဝန္တာမြို့၏ ပြည်သူ့ဆေးရုံတစ်ရုံရှိ ဟောင်းနွမ်းနေသော သားဖွားဆောင်တွင်မီးဖွားချိန်အတွင်း မချိတင်ကဲဝေဒနာခံစား နေရသည်။

ဆရာဝန်နှင့်သူနာပြုများက ကလေးကိုမွေးပေးနေချိန်တွင်ဘာလာ၏ ယောက္ခမနှင့်ခင်ပွန်းဖြစ်သူတို့က သားဖွားခန်းပြင်ပတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

ဘာလာသည် နောက်ဆုံးအကြိမ် ညှစ်ထုတ်အပြီးတွင် ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာ ကလေးမီးဖွားနိုင်မှုအတွက်ဝမ်းမြောက်ရွှင်လန်းခဲ့ကြသည်။

ပြည်နယ်အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ ဘာလာ၏ခင်ပွန်းသည်ရိုဟစ်က အခက်အခဲမရှိဘဲကလေးမီးဖွားနိုင်ခဲ့ပြီး ဖခင်တစ်ဦးဖြစ်လာသည့်အပေါ် စိတ်သက်သာရာရနေသည်။

မွေးဖွားပြီးနောက် ၁၁ ရက်အကြာတွင် ဟိန္ဒူဘာသာရေးခေါင်းဆောင်များနှင့် နက္ခတ်ဇယားများ၏ အကူအညီဖြင့် သမီးဖြစ်သူအမည်ပေးသည့်အခမ်းအနားကို  ပြုလုပ်သွားမည့်အကြောင်း ရိုဟစ်က တွေးတောလျက်ရှိသည်။ သို့သော်ရိုဟစ်သည်၎င်း၏သမီးဖြစ်သူအား စောင့်မျှော်နေသည့် အနာဂတ်အတွက် ကြိုတင်တွေးပူလျက်ရှိသည်။

“လူဦးရေ မြင့်တက်လာတဲ့အတွက် ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ပြဿနာတွေ အများကြီးရှိလာပါတယ်။ ဒီနေရာမှာ ဆရာဝန်ကိုပြသနိုင်ဖို့တောင် ကျွန်တော်တို့ တော်တော်စောင့်ဆိုင်းလိုက်ရပါတယ်”ဟု အသက် ၃၀ အရွယ်ရိုဟစ်က ဆိုသည်။

အိန္ဒိယသည် ၎င်း၏မြင့်တက် လာသော လူဦးရေအတွက် လျှပ်စစ်ဓာတ်အား၊ အစားအစာနှင့်နေစရာ နေရာတို့ကို ထောက်ပံ့စီစဉ်ပေးရမည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ၎င်း၏မြို့အများအပြားသည် ရေပြတ်လတ်မှုများ၊ လေနှင့်ရေထု ညစ်ညမ်းမှုများအပြင် အမှိုက်ပြဿနာများနှင့် ရင်ဆိုင်နေရသည်။

နှစ်စဉ် လူငယ်သန်းချီသည်အလုပ်အကိုင်လုပ်ကိုင်နိုင်သည့်အရွယ်သို့ေ ရာက်ရှိလာပြီး ၎င်းတို့အားလုံးကို အလုပ်အကိုင်များပံ့ပိုးပေးနိုင်စွမ်းမရှိသော စီးပွားရေးတွင်အခွင့်အလမ်းများ ရရှိနိုင်ရန်ရုန်းကန်နေရသည်။

“နိုင်ငံထဲမှာ အလုပ်လက်မဲ့ဦးရေ များပြားနေပြီးဖြစ်တဲ့အတွက်လူငယ်တွေအနေနဲ့ အလုပ်တစ်ခုရနိုင်ဖို့ ပိုပြီး ခက်ခဲလာပါလိမ့်မယ်”ဟု ရိုဟစ်က ပြောကြားခဲ့သည်။

“ကျွန်တော့်အထင်တော့ လက်ရှိအချိန်မှာ ကလေးတစ်ယောက်ပဲမွေးတာ လုံလောက်ပြီလို့ ထင်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။ Ref: AFP

Most Read

Most Recent