တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးဦးတင်မောင်ဆွေသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင်ပင်းထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဧပြီ ၂၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် သံအမတ်ကြီး ဦးတင်မောင်ဆွေအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကတည်းက နစကဥက္ကဋ္ဌက ခန့်အပ်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၂၀၂၂ ခုနှစ်သြဂုတ် ၇ ရက်တွင် ရုတ်တရက်ကွယ်လွန်ခဲ့သဖြင့် ၎င်းနေရာတွင် သံအမတ်ကြီးဦးတင်မောင်ဆွေအား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေသည် သြဂုတ် ၆ ရက်က မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ယင်းခရီးစဉ်အတွင်း သြဂုတ် ၇ ရက်တွင် ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဦးမျိုးသန့်ဖေသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာ့တပ်မတော်က အာဏာထိန်းသိမ်းပြီးနောက် ၎င်း၏ရာထူးတွင် ဆက်လက်ရှိနေခဲ့သူဖြစ်သည်။















