အချိန်ပိုင်းပေးနေပြီး ပြတ်တောက်မှု ပိုများနေတဲ့ လျှပ်စစ်မီး

အချိန်ပိုင်းပေးနေပြီး ပြတ်တောက်မှု ပိုများနေတဲ့ လျှပ်စစ်မီး
Published 23 April 2023

“မီးကလာရမယ့်အချိန်ကိုတောင်မှ မမှန် တော့ဘူး”

“ မီးလာတာက ငါးမိနစ်၊ ဆယ်မိနစ် ပြန် ပြတ်တာက တစ်နာရီလောက်ကြာတယ်”

“ လာရမယ့်အချိန်ကို ပြတ်တယ်။ ကိုယ် မီးရမယ့်အချိန်ကျရင် ပြတ်တာနဲ့ မီးကို နှစ်နာ ရီပြည့်အောင် မရဘူး”

အထက်ပါစကားသံများမှာ ရန်ကုန်မြို့တွင် နေထိုင်သူများ၏ သင်္ကြန်ကာလနောက်ပိုင်းတွင် လူပြောအများဆုံးစကားလုံးများဖြစ်သည်။

စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ လျှပ်စစ် မီးပြတ်တောက်မှုက ပိုမိုဆိုးရွား လာခဲ့သည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းအ တွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီးရရှိမှု အ နည်းငယ်ပိုရလာသော်လည်း သင်္ကြန်အပြီး တွင်မူ မည်သည့်မြို့နယ်မျှ လျှပ်စစ်မီးကို မှန် မှန်မရရှိတော့ပေ။

“ဒီလပိုင်းထဲမှာ (ဧပြီလ) မီးပြတ်တာက ပိုဆိုးလာတယ်။ မနှစ်ကထက်ပေါ့။ ဘယ်အချိန် လာမလဲဆိုတာလည်း မသိရဘူး။ ဘယ်အချိန်ပြတ်မလဲ ဆိုတာလည်း မသိရဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူတစ်ဦး က ပြောကြားသည်။

ရန်ကုန်မြို့တွင် အများပြည်သူ အုပ်စု A နှင့် B ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အလှည့်ကျ ဝန်အားလျှော့၍ လျှပ်စစ်မီးပေး မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည်။

ညနေ ၄ နာရီမှ နောက်တစ်နေ့ နံနက် ၉ နာရီအထိ ဓာတ်အားအပြည့် ပေးထားမည် ဖြစ်ပြီး စက်မှုဇုန်များကိုမူ နံနက် ၉ နာရီမှ ည နေ ၅ နာရီအထိသာ လျှပ်စစ်မီးပေးမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား  သည်။

ဦးစားပေးအဆင့် အုပ်စု ဗ တွင် မြို့နယ် ၁၆ မြို့နယ်ကို ကြေညာထားပြီး ရန်ကင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်း မတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်းမြို့နယ်တို့ ပါဝင်သည်။

လက်ရှိအချိန်အထိလည်း ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လျှပ် စစ်မီးကို အလှည့်ကျဖြင့်သာ ပေးဝေနိုင်သည်။ နယ်မြို့များတွင်မူ လျှပ်စစ်မီးရရှိမှုမှာ တစ် နေ့လျှင် ခြောက်နာရီခန့်သာ ရှိသည်။

ဧပြီလပိုင်းမှစတင်ကာ လျှပ်စစ်မီးများကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် နှစ်နာ ရီပြည့်အောင်ရရှိသည့် နေရာများမှာ ရှားပါး လာသည်ဟု ဆိုရမည်ဖြစ်သည်။

“ ထမင်းပေါင်းအိုးကို ထမင်းကျက် အောင်တောင် မတည်နိုင်တော့ဘူး။ ဘယ် လောက်အခြေအနေဆိုးသလဲဆိုတာ စဉ်းစား သာကြည့်တော့” ဟု ရန်ကုန်တိုင်းအတွင်းရှိ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

ဘာကြောင့် မီးပျက်သလဲ

လျှပ်စစ်မီးပြတ်တောက်မှုမှာ အကြောင်း အရာနှစ်ခုကြောင့်ဖြစ်ကြောင်း ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ၂၀၂၂  ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်သည်။ ဇောတိက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းယိုစိမ့်ခြင်းနှင့် ၁၃၂ ကေဗွီ ဘီလူး ချောင်း-တီကျစ်ဓာတ်အားလိုင်း တာဝါတိုင် နှစ်ခု ကျိုးပဲ့ပျက်စီးခြင်းတို့ကြောင့် ရန်ကုန် တိုင်းဒေသကြီးရှိ နေရာအချို့တွင် ဓာတ်အား ပြတ်တောက်နေကြောင်း YESC က ဆိုသည်။

ဒုတိယအချက်အနေဖြင့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့လိုင်း အရေးပေါ်ပြု ပြင်နေရသောကြောင့် ရန်ကုန်တိုင်းအတွင်း သဘာဝဓာတ်ငွေ့ လျှပ်စစ်ဓာတ်အားပေးစက် ရုံများသို့ ပို့လွှတ်မှု လျော့နည်းနေသည့်အတွက် နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက်နေ ခြင်းဖြစ်ကြောင်း YESC က ထုတ်ပြန်သည်။

ဇောတိကသဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း-တီကျစ် ဓာတ်အားလိုင်း တာဝါတိုင် ကျိုးပဲ့ခြင်းကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အား ပို့လွှတ်မှု စုစုပေါင်း ၂၈၀ MW ခန့် လျော့နည်းခဲ့ကြောင်း၊ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း  အရေးပေါ်ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း အလုံသဘာဝဓာတ်ငွေ့ သုံးဓာတ်အား ပေးစက်အမှတ် (၁၊ ၂) မှ ၄၅ MW, Tyotothai ဓာတ်အားပေးစက်မှ ၁၁၅  MW, သာကေတ ဓာတ်အားပေးစက်မှ ၁၇ MW, UPP(ရွာမ) ဓာတ်အားပေးစက်မှ ၄၅ MW , Max Power (သာကေတ) ဓာတ်အားပေးစက်မှ ၄၅ MW, လှော်ကားဓာတ်အားပေးစက်မှ ၆၀ MW, U Energy ဓာတ်အားပေးစက်မှ ၁၀၆ MW, U Energy စုစုပေါင်း ၄၃၃ MW ခန့် ဓာတ်အားစနစ်အတွင်း သို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းခဲ့ ကြောင်း၊ လျော့နည်းသွားသော လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုများအတွက် အချို့နေရာ များတွင် ဝန်အားလျှော့ချရခြင်းများ ရှိကြောင်း YESC က ထုတ်ပြန်သည်။

ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက် လိုင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ များသို့ ပို့လွှတ်နေခြင်းဖြစ်ပြီး ယင်းပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၄၃၃ MW ခန့် လျော့နည်းခဲ့ကြောင်း YESC က ထုတ်ပြန် သည်။

ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အ တွက် အရေးပေါ်ဝန်အား လျှော့ထိန်းညှိခြင်း များ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်သဖြင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ နေရာအချို့တွင် ယာယီဓာတ်အား ပြတ်တောက် မှုများရှိမည်ဖြစ်သော်လည်း အရေးကြီးနေရာ များ ပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်နေကြောင်း YESC က ဆိုသည်။

သုံးစွဲမှုနှင့် ထုတ်လုပ်မှု မမျှတနေသည့် လျှပ်စစ်မီးကိုအလှည့်ကျပေးမယ်

လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ် အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက် ပေးနိုင်မည်မဟုတ်ဘဲ အချိန်ပိုင်းပေးဝေမည့် အစီအစဉ်များ ချမှတ်ရမည်ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး သောင်းဟန်က ပြောကြားသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ရန် ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းရုံးတွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း နွေရာသီကာလတွင်လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးဆောင်ရွက်သွားမည့် အစီအမံ များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတွင် ၎င်းင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက လာမည့် နွေ ရာသီကာလတွင် ပြည်သူလူထု၏ တစ်နေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်မပေးနိုင်သော်လည်း ရရှိသည့် လျှပ်စစ်ဓာတ်အားကို လူတိုင်းအချိန်ပိုင်းအ လိုက် မျှဝေခံစားနိုင်အောင် ဓာတ်အားဖြန့်ဖြူး ပေးသွားမည့် အစီအမံများ ချမှတ်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ထိုသို့ အချိန်ပိုင်းအ လိုက် ဓာတ်အားသုံးစွဲမှု ပေးဝေနိုင်သောအချိန် များတွင်လည်း ရရှိသည့်အချိန်အတိုင်းအပြည့် အဝရရှိစေရန် ဓာတ်အားပြတ်တောက်မှု မဖြစ် ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ကြိုတင် ၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သင်္ကြန်ကာလနောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင်လည်း လျှပ် စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် သုံးစွဲမှု မမျှတ နေသည်ကိုလည်း တတ်နိုင်သမျှ ပြည်သူလူထု ၏လိုအပ်ချက်ကို ထိန်းညှိ၍ ဖြန့်ဖြူးပေးနေရ ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ် အား အပြည့်အဝရရှိ အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ် ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးလျက် ရှိသော ဓာတ်အားပေးစက်ရုံမှူးများ၊ မဟာ ဓာတ်အားလိုင်းမှူးများ၊ ပင်မဓာတ်အားခွဲရုံ မှူးများနှင့် ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၉ ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအ ဝေးတွင်  နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာ အရေးပါသဖြင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ် အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ရရှိနိုင်သမျှသော  စွမ်းအင်အရင်းအ မြစ်မျိုးစုံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှု နည်း မျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး တိုး တက်ထုတ်လုပ်နိုင်ရေးကို  ဆောင်ရွက်လျက်ရှိ ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့်   သုံးစွဲမှု မမျှတနေသည်ကိုလည်း တတ်နိုင်သမျှ ပြည်သူလူထု၏ လိုအပ်ချက်ကို ထိန်းညှိ၍ ဖြန့်ဖြူးပေးနေရကြောင်း၊ ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် စွမ်း အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့သည်။

ပြည်သူတွေဆီက လျှပ်စစ်ပြန်ဝယ်မယ်

ဧပြီ ၂၁ ရက်တွင် ရန်ကုန် လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း (YESC) က အများပြည်သူ အသုံးပြုနေသည့် ဆိုလာ လျှပ် စစ်များမှ ပိုလျှံဓာတ်အားများကို ဝယ်ယူမည် ဟု ထုတ်ပြန်သည်။

ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၊ ဟို တယ်များ၊ နေအိမ်များ၊ စက်မှုဇုန်များရှိ စက်ရုံ အလုပ်ရုံများစသည့် အဆောက်အဦခေါင်မိုး များ ပေါ်တွင်လည်းကောင်း၊ မိဘပြည်သူများ၊ လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်မြေ နေရာများ ပေါ်တွင် လည်းကောင်း၊ တစ်နိုင်တပိုင်တပ် ဆင်ထားသော ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်မှ မိမိတို့လုပ်ငန်းအ တွက် အသုံးပြုပြီး ပိုလျှံသော လျှပ်စစ်ဓာတ် အားကို ရန်ကုန်ဓာတ်အားဖြန့်ဖြူးမှုကွန်ရက် စနစ်သို့ ချိတ်ဆက်ရောင်းချနိုင်သည်ဟု YESC က ဆိုသည်။

ထိုသို့ရောင်းချလိုပါက တစ်- မဂ္ဂါဝပ် အထက်မှ ၁၀ မဂ္ဂါဝပ်အထိ 1kwh  လျှင် ကျပ် ၈၀၊ ၁၀၀ ကီလိုဝပ်မှ တစ်-မဂ္ဂါဝပ်အထိ  1 kwh လျှင် ၈၅ ကျပ်နှုန်းဖြင့် ရောင်းချနိုင် ကြောင်း၊ ဓာတ်အား ကွန်ရက်ချိတ်ဆက် အသေးစား ဆိုလာစနစ် အတွက် နည်းပညာ ဆိုင်ရာသတ်မှတ်ချက်များ၊ လျှောက်ထားရ မည့်လုပ်ငန်းစဉ်များ၊ ပုံစံများနှင့် ပတ်သက် သည့် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပို ရေးရှင်း (YESC) က ထုတ်ပြန်သည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များ roof top ဆိုလာများပြုလုပ်ပြီး အသုံးမပြုသောအချိန် များတွင် ထွက်ရှိလာသည့် လျှပ်စစ်ကို ပြန် လည် ရောင်းချနိုင်သည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်က ပြောကြားထားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ မကွေးတိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ စဉ် ၎င်းင်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ် သည်။

မကွေးတိုင်းဒေသကြီးအတွင်း အသေး စားရေအားအရင်းအမြစ်များရှိ၍ စူးစမ်း လိုသည်များရှိပါကလည်း ဝန်ကြီးဌာနအနေ ဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင်စက်မှုဇုန်များအပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် roof top solar  ပြုလုပ်၍ အသုံးမပြုသောအချိန်များတွင် ပြန်လည်၍ ရောင်းချနိုင်ကြောင်း၊ ဆောင်ရွက် ရန် နည်းပညာအရ လိုအပ်သည် များရှိပါက လည်း ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဘာတွေဖြစ်လာသလဲ

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စီးပွား ရေး၊ လူမှု ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း များတွင် ထိခိုက်မှုများရှိလာသည်ဟု ရန်ကုန် တိုင်းအတွင်း နေထိုင်သူများက ပြောကြား သည်။

ရန်ကုန်မြို့တွင်း အဓိက သယ်ယူပို့ ဆောင်ရေးမှာ CNG ဂက်စ်ဖြည့်တင်းမောင်း နှင်ရသည့် YBS ယာဉ်လိုင်းများဖြစ်သည်။

CNG ဆိုင်များမှာ ရန်ကုန်တိုင်း၊ မန္တ လေးတိုင်းနှင့် မကွေးတိုင်းတို့တွင် တည်ရှိ သည်။ အဆိုပါ တိုင်းသုံးတိုင်းတွင် CNG အ ရောင်းဆိုင်ပေါင်း ၄၆ ဆိုင်ရှိပြီး CNG ယာဉ်စီး ရေ ၂၈၃၀၁ စီး အတွက် နေ့စဉ်သဘာဝ ဓာတ် ငွေ့ ၁၉ သန်းကျော် ရောင်းချ ပေးနေရကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ CNG ဆိုင်များ တွင် အချို့ဆိုင်များမှာ မီးစက်ဖြင့်မောင်း နှင်ကာ CNG ဖြည့်တင်းနိုင်သော်လည်း အများစုမှာ လျှပ်စစ်မီးရရှိမှသာ ဂက်စ်ဖြည့် တင်းနိုင်သည့်ဆိုင်များ ဖြစ်သည်။

“ရန်ကုန်မှာက မီးစက်မောင်းပြီး ဖြည့် ပေးလို့ရတဲ့ဆိုင်က လက်ချိုးရေတွက်လို့ရ တယ်။ အများစုကတော့ မီးလာမှ ဖြည့်ပေး လို့ရတာတွေ” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

YBS တစ်စီးအတွက် တစ်နေ့လျှင် မော်တော်ယာဉ်ဂိတ်က သတ်မှတ်ချက်အရ လိုင်းပြေးဆွဲရသည့် အကြိမ်ရေမှာ လေး ကြောင်းဖြစ်သည်။ သို့သော် ဂက်စ်မလောက်ငှ မှုကြောင့် ယာဉ်အများစုမှာ အခေါက်ရေ အပြည့် ပြေးဆွဲနိုင်ခြင်းမရှိဘဲ နှစ်ခေါက်၊ သုံး ခေါက်သာ ပြေးဆွဲရသည်ဟု YBS ယာဉ် ပေါင်း ၁၀၀ ကျော် ပြေးဆွဲနေသည့် ယာဉ်လိုင်း တစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“အခု ကားတစ်စီးက အများဆုံး သုံး ကြောင်းလောက်ပဲ ရတယ်။ တစ်ခေါက်စာ နစ်နာတယ်။ ဝင်ငွေလျော့တာပေါ့။ အုံနာ အတွက်လည်း အဆင်မပြေသလို ယာဉ်မောင်း အတွက်လည်း မကျန်ဘူး။ ကျွန်တော်တို့က တစ်နေ့စာ ပြေးလို့ရတဲ့ပိုက်ဆံရဲ့ ၂၀ ရာခိုင် နှုန်းရတာ။ ဥပမာ ကားတစ်စီးက တစ်ရက်ကို တစ်သိန်းခွဲရတယ်ဆိုရင် ကျွန်တော့်အတွက် စရိတ်ငြိမ်း တစ်ရက် နှစ်သောင်းခွဲပေါ့။ ကျန် တာက အုံနာရတယ်။ အုံနာကလည်း ဂိတ်ဖွင့် ကြေးတွေ၊ ဘော်ဒါကြေးတွေ၊ ကားပြင်ဆင် စရိတ်နဲ့ဆို သူ့အတွက်ကလည်း သိပ်မကျန် ဘူး။ အခု လိုင်းအပြည့်မဆွဲရတော့ တစ် ခေါက်စာနစ်နာတော့ ပိုဆိုးတယ်”ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် YBS ယာဉ်မောင်းများမှာ ညအိပ်စောင့်ဆိုင်းပြီး CNG ဖြည့်တင်းရသည့် အခြေအနေများတွင်ရှိနေပြီး အနားယူရ သည့်အချိန် မှာ နည်းပါးသည်ဟု သိရသည်။

“အရင်က ကားသိမ်းပြီး CNG ဖြည့်ဖို့ တန်းစီရတာ အများဆုံး တစ်နာရီပေါ့။ အခုက တော့ လိုင်းဆွဲနေရင်းနဲ့ ဂက်စ်ပြတ်သွားလို့ တခြားယာဉ်ကို ပြောင်းပေးရတာတွေရှိတယ်။ သွားဖြည့်ရင်လည်း အရင်လို ခဏလေးနဲ့ မရ တော့ဘူး။ ဆိုင်မှာ မီးပြတ်နေပါတယ်ဆိုတဲ့ စာတန်းမချိတ်ထားပါစေနဲ့ ဆုတောင်းရတယ်။ နို့မိုဆို မီးအလာကို ထိုင်စောင့်တော့ပဲ။ မီးလာ တယ်ဆိုရင်လည်း ချက်ချင်းရတာ မဟုတ်ဘူး။ Pressure တက်အောင် စောင့်ရသေးတယ်။ အခုကတော့ ညပါအိပ်ပြီးစောင့်ရတယ်”ဟု သန်လျင်မှ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယင်းသို့  ညအိပ်စောင့်ဆိုင်းကာ CNG ဖြည့်တင်းနေစဉ် မော်တော်ယာဉ် ခိုးယူခံရ သည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။ ပြီးခဲ့သည့် နှစ် သြဂုတ် ၂ ရက်က ဂက်စ်တန်းစီနေသည့် လူထုမိတ်ဆွေယာဉ်လိုင်းမှ YBS - ၉၄ ယာဉ် ခိုးယူခံခဲ့ရသည်။

သြဂုတ် ၂ ရက် နံနက် ၃ နာရီခွဲ က YBS -၉၄ ယာဉ်လိုင်းမှယာဉ်တစ်စီးသည် ရွှေပြည် သာကွေ့ CNG ဂက်စ်ဆိုင်တွင် ဂက်စ်ဖြည့်ရန် တန်းစီခဲ့ကြောင်း၊ ယာဉ်မောင်းမှ တန်းစီရ သည့်အခြေအနေကို သွားရောက်မေးမြန်းစဉ် အမည်မသိသူတစ်ဦးက ယာဉ်ကိုခိုးယူမောင်း နှင်ခဲ့ကြောင်း၊ ခိုးယူခံရသည့်ယာဉ်ကို လိုက်လံ ရှာဖွေရာ ဂျပန်လမ်းမှတ်တိုင်အနီး လမ်း ပြောင်းပြန်အနေအထားဖြင့် ဓာတ်တိုင်များ ဝင်တိုက်ကာ ရပ်တန့်နေကြောင်း၊ ထပ်မံသိရှိရ သည့် အချက်အလက်အရ ဒညင်းကုန်းလမ်း ဆုံတွင်လည်း အခြားယာဉ်တစ်စီးကိုဝင်တိုက် ခဲ့ကြောင်း လူထုမိတ်ဆွေယာဉ်လိုင်းက ထုတ် ပြန်ခဲ့သည်။

အဆိုပါ ခိုးယူခံရသည့်ယာဉ်ကို မောင်း နှင်ခဲ့သူက ယာဉ်တိုက်မှုများ ကျူးလွန်ခဲ့ခြင်း ကြောင့် ၁၂ နှစ်အရွယ်ကလေးတစ်ဦးအပါ အဝင် သုံးဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

“ယာဉ်ကို ညအိပ်စောင့်ရတာလည်း စိတ်ချရတာမဟုတ်ဘူး။ မနက်ကို CNG ရတာ မရတာထက် ကိုယ့်ကား ဘာလုပ်ခံရမလဲဆို တာကို စောင့်ကြည့်နေရတာ”ဟု ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

YBS ယာဉ်များမှာ ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် အားကိုးအားထား ပြုနေရသည့် သယ်ယူပို့ဆောင်ရေးယာဉ်များ ဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ဖြည့်တင်းရာတွင်အခက်အခဲများရှိ နေပြီး ယာဉ်မပြေးဆွဲနိုင်ခြင်းကြောင့် ခရီးသွား များအတွက် အခက်အခဲများ မကြာခဏ ဖြစ် ပွားခဲ့ရသည်။

ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းပေါင်း ၁၂၇ လိုင်းရှိပြီး ယာဉ် စီးရေစုစုပေါင်း လေးထောင်ကျော် ရှိသည်။ အဆိုပါယာဉ်များအနက် ထက်ဝက်ကျော်မှာ CNG ဖြည့်တင်းမောင်းနှင်ရသည့် ယာဉ်များ လည်းဖြစ်သည်။

ထို့ပြင် ဧပြီလမှာ အပူပြင်းဆုံးလဖြစ်သ ဖြင့် လူအများစုမှာ လျှပ်စစ်ဓာတ်အားကို သုံး စွဲနေရသည့်အခြေအနေလည်းဖြစ်သည်။

“ ညဘက် အိုက်တော့ ပန်ကာရှိတဲ့လူက ပန်ကာဖွင့်မယ်။ အဲကွန်းရှိတဲ့သူက အဲကွန်း ဖွင့်မယ်။ အခုက မီးပြတ်တော့ အိပ်လို့မရဘူး။ အိပ်ရေးမဝတော့ လုပ်ငန်းခွင်တွေမှာ ထိခိုက် လာတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင် သူတစ်ဦးက ပြောကြားသည်။

ထို့အတူ စီးပွားရေးလုပ်ငန်းများတွင် လည်း လျှပ်စစ်မီးအပြည့်အဝ မရရှိခြင်း ကြောင့် လုပ်ငန်းအတွက် အပိုကုန်ကျစရိတ် များမြင့်တက်လာသည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောကြားသည်။

“ မီးမလာတော့ဘူးဆိုကတည်းက မီး စက်နဲ့ မောင်းနေရပြီ။ မီးစက်နဲ့ မောင်းရတာ ဆိုတော့ စက်သုံးဆီက ဝယ်ရတယ်။ အခု စက် သုံးဆီဝယ်ရတာက မလွယ်ဘူး” ဟု ရန်ကုန် မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။

လျှပ်စစ်မီးအခက်အခဲကြောင့် ကြုံတွေ့ ရသည့်အခြေအနေများနှင့် ပတ်သက်ပြီး ယခု နှစ် ဇန်နဝါရီလဆန်းပိုင်းကပင် လုပ်ငန်းရှင် များက နစကအစိုးရအဖွဲ့ဝင်များထံ တင်ပြမှု များရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်က ကုန်သည်စက်မှု အသင်းချုပ်၌ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကုန်သည်စက်မှုအသင်း ချုပ် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များ တွေ့ ဆုံစဉ် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင်  ကုန်ထုတ်လုပ်မှုတိုးတက်ရန် ကုန်ကြမ်းရရှိရေး သည် အရေးပါပြီး ယင်းစက်မှုကဏ္ဍအတွက်  မဖြစ်မနေလိုအပ်သည့် လျှပ်စစ်စွမ်းအားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်းက ကုန်ကျစ ရိတ်များပြားလွန်းသည့်အတွက် နည်းလမ်း ရှာဖွေရန် လုပ်ငန်းရှင်များက တင်ပြခဲ့ကြ သည်။

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင်  ကုန် ထုတ်လုပ်မှု တိုးတက်ရန် ကုန်ကြမ်းရရှိရေးအ တွက် အရေးကြီးကြောင်း၊စက်မှုကဏ္ဍအတွက် လျှပ်စစ် စွမ်းအားကို ဒီဇယ်ဖြင့် မောင်းနှင်နေရ ခြင်းသည် ကုန်ကျစရိတ် များပြားသည့်အတွက် နည်းလမ်းရှာဖွေရန်၊ Made in Myanmar များကို တင်ပို့မှုဦးစားပေးစေလို ကြောင်းလည်း လုပ်ငန်းရှင်များကတင်ပြခဲ့ သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ် ကိုင်လျက်ရှိသည့် ဥရောပကုန်သည်ကြီးများ အသင်းဝင်ကုမ္ပဏီ ၁၂၀ ကျော်ရှိသည့်  Euro Cham Myanmar  ကလည်းဘဏ်ကိစ္စများ၊ မူဝါဒပြောင်းလဲမှုများအပြင် လျှပ်စစ်မတည် ငြိမ်မှုမ ျားကြောင့် အခက်အခဲကြုံတွေ့လျက် နေသည့်အခြေအနေများကိုလည်း တင်ပြခဲ့ သည်။

မြန်မာနိုင်ငံအခြေစိုက် Euro Chamber of commerence in Myanmar မှ CEO ဖြစ်သူ Ms. Karina ufert နှင့်အဖွဲ့ဝင်များသည် စီး ပွားရေးဆိုင်ရာ အခြေအနေများ၊ အခက်အခဲ များ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ကုန်သည် စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာ ဝန်ရှိသူများအား ယခုနှစ်ဇန်နဝါရီ ၈ ရက်က လာရောက် တွေ့ဆုံဆွေးနွေးစဉ် တင် ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ များအပေါ် Euro Cham Myanmar က သုတေသနစာတမ်း ပြုလုပ်ထားခြင်းကို တင်ပြ လာခဲ့ပြီး အဓိကအခက်အခဲများအနေဖြင့် ဘဏ်ကိစ္စရပ်များ၊ မူဝါဒရေးရာ ပြောင်းလဲမှု၊ လျှပ်စစ်မီးမတည် ငြိမ်မှုများကြောင့် အများဆုံး အခက်အခဲကြုံတွေ့လျက်ရှိသည်တို့ကို  တင်ပြ ခဲ့သည်။

အလားတူ ကိုရီးယားလုပ်ငန်းရှင်များက လည်း မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက် လုပ်ကိုင်သည့်အခြေအနေများနှင့် ပတ်သက် ပြီး ကြုံတွေ့ရသည့်အခက်အခဲများအနက် လျှပ်စစ်မီးကိစ္စမှာလည်း တစ်ခုအပါအဝင်ဖြစ် သည်ဟု တင်ပြခြင်းများရှိခဲ့သည်။

မြန်မာနိုင်ငံအခြေစိုက် Korea Cham-ber of Commerce in Myanmar ဥက္ကဋ္ဌ Mr. Park Jeong -Hwanနှင့် အဖွဲ့ဝင်များသည်  ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေး ဝင်းနှင့် တာဝန်ရှိသူများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် အသင်းချုပ်ရုံးသို့ လာ ရောက်တွေ့ဆုံခဲ့ကြသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကို ရီးယားကုမ္ပဏီ ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံမှုရှိကြ ကြောင်း၊ ကုမ္ပဏီ ၁၀၀ ခန့်သည်  အထည်ချုပ် လုပ်ငန်းကုမ္ပဏီများဖြစ်ကြပြီး အခြားသော လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန် အစရှိသည့် ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံထားသည့် ကိုရီးယားလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် အဆင်ပြေချော မွေ့စွာ လုပ်ငန်းလုပ်ဆောင်နိုင်ရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများဆက်လက် ဖန်တီး ပေးနိုင်ရေးတို့အတွက်   အသင်းချုပ်မှ ပံ့ပိုးမှု၊ လမ်းညွှန်မှု၊ အကြံပြုမှုတို့ကို လိုအပ်ကြောင်း၊ ကိုရီးယားလုပ်ငန်းရှင်များအတွက် ဗီဇာရရှိ ရေး၊ သွင်းကုန်၊ ပို့ကုန်လိုင်စင်ကန့် သတ်မှုများ ဖြေလျှော့စေရေး၊ လျှပ်စစ်မီး၊ ဒေါ်လာငွေလဲ လှယ်မှုနှုန်း၊ စျေးကွက်အခက်အခဲများနှင့် ရင် ဆိုင်ကြုံတွေ့လျက်ရှိခြင်းကြောင့် ကိုးရီးယား စီးပွားရေးအဖွဲ့ကို  အကြံပြု ကူညီပေးစေလို သည်ဟု တင်ပြခဲ့ကြသည်။

လျှပ်စစ်မီးလုံလောက်စွာရရှိမှသာ တိုင်း ပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မည့်အခြေ အနေတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လုပ်ငန်းရှင်များ ရပ်တည်ရန် အခက်အခဲရှိ လာပါက စီးပွားရေးလည်ပတ်မှုများတွင် အ ခက်အခဲများနှင့် ကြုံတွေ့နိုင်မည်ဖြစ်သည်။

          ယင်းကြောင့် လျှပ်စစ်မီးလုံလောက်စွာ ရရှိရေးမှာ အရေးကြီးသည့်အခြေအနေတစ် ရပ်လည်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

 

Most Read

Most Recent