(၁)
ဝါရှင်တန်ဒီစီအခြေစိုက် ပညာရှင်အဖွဲ့ ဟဲရစ်တေ့ဂျ်ဖောင်ဒေးရှင်း (the Heritage Foundation) က ထုတ်ဝေသည့် နိုင်ငံများ၏ စီးပွားရေးလွတ်လပ်မှုအဆင့်ပြညွှန်းကိန်း (Index of Economic Freedom ranking) ဆိုင်ရာ နောက်ဆုံးထုတ်အစီရင်ခံစာထဲတွင် ဗီယက်နမ်နိုင်ငံသည် စီးပွားရေးလွတ်လပ်မှုအခြေအနေ ဆက်လက်အားကောင်းလာနေကြောင်း ဖော်ပြထားသည်ကို တွေ့ရ၏။ နိုင်ငံပေါင်း ၁၈၄နိုင်ငံ၏ စီးပွားရေးလွတ်လပ်မှုနှင့် သက်ဆိုင်သည့် ရှုထောင့် ၁၂ မျိုးကို အုပ်စုကြီး လေးစုဖွဲ့၍ နိုင်ငံ၏စီးပွားရေးအရ လွတ်လပ်မှုရှိခြင်း၊ မရှိခြင်း အခြေအနေများအပေါ် ရမှတ်များ တွက်ချက်၊ အဆင့်များသတ်မှတ်၍ စီးပွားရေးလွတ်လပ်မှုအခြေအနေအဆင့်အလိုက် အုပ်စု ငါးစုခွဲခြားထားသည်။ (ရှစ်နိုင်ငံသည် အချက်အလက်မရရှိ၍ ၁၇၆ နိုင်ငံကိုသာ တွက်ချက်၍ အဆင့်အုပ်စုခွဲထားသည်) လွတ်လပ်မှုအရှိဆုံးအုပ်စုကို “FREE” ဟုဖော်ညွှန်းထားပြီး ထိုအုပ်စုနောက်တွင်“MOSTLY FREE” အုပ်စု၊ “MODERATELY FREE” အုပ်စု၊ “MOSTLY UNFREE” အုပ်စုနှင့် လွတ်လပ်မှုအနည်းဆုံး သို့မဟုတ် အဆိုးဆုံးအုပ်စုကို “REPRESSED” ဝေါဟာရအသုံးပြု၍ ဖော်ပြထားသည်။ လွတ်လပ်မှုအရှိဆုံး“FREE” အုပ်စုတွင် စင်ကာပူ၊ ဆွစ်ဇာလန်၊ အိုင်ယာလန်နှင့် ထိုင်ဝမ်တို့ ပါဝင်ပြီး လွတ်လပ်မှုအနည်းဆုံး သို့မဟုတ် အဆိုးဆုံး “REPRESSED ” အုပ်စု၏ စာရင်းနောက်ဆုံးတွင် ဗင်နီဇွဲလား၊ ကျူးဘား၊ မြောက်ကိုးရီးယားနိုင်ငံတို့ပါဝင်နေသည်။
(၂)
၂၀၂၃ ခုနှစ် ဗီယက်နမ်၏ စီးပွားရေးလွတ်လပ်မှုရမှတ်ကို လေ့လာရာတွင် ၆၁ ဒသမ ၈ဖြစ်ပြီး စီးပွားရေးလွတ်လပ်မှုအခြေအနေသည် နိုင်ငံပေါင်း ၁၇၆နိုင်ငံထဲ၌ ၇၂ အဆင့်ရှိ လွတ်လပ်သော စီးပွားရေးအဆောက်အအုံတစ်ခုဖြစ်လာသည်။ အခြေအနေသည်လွန်ခဲ့သည့်နှစ်ကရမှတ်ထက် ၁ ဒသမ ၂ ပွိုင့် ပိုမိုကောင်း မွန်လာခြင်းဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၃၉ နိုင်ငံထဲတွင် အဆင့် ၁၄ ၌ ရပ်တည်လျက်ရှိပြီး ၎င်း၏ရမှတ်သည် ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ပျမ်းမျှအဆင့်ထက် ကျော်လွန်နေသည်ဟုဆိုသည်။ သို့သော် ယခုကဲ့သို့ ဗီယက်နမ်၏စီးပွားရေးလွတ်လပ်မှုဝေဖန်သုံးသပ်နေခြင်းသည် လတ်တလော ရမှတ်များအပေါ်ကို သာကြည့်ခြင်းမျိုးမဟုတ်ဘဲ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာမှုရှိနေသည့် အခြေအနေများ၏ အပေါင်းလက္ခဏာ အကျိုးဆက်များကိုပါ ထည့်သွင်း စဉ်းစားထားခြင်းဖြစ်သည်။
ဗီယက်နက်၏ စီးပွားရေးအခြေအနေနှင့်ပတ်သက်၍ ၁၉၉၅ ခုနှစ်မှစ၍ လေ့လာကြည့်သင့်သည်။ ထိုအချိန်ကတည်း ဗီယက်နမ်နိုင်ငံစီးပွားရေးအခြေအနေသည် တဖြည်းဖြည်းပြောင်းလဲတိုးတက်လာခဲ့ပြီး အချိန်ကာလတစ်လျှောက် စီးပွားရေးလွတ်လပ်မှုလည်း တိုးတက်လာခဲ့သည်ကို တွေ့ရသည်။ စီးပွားရေး လွတ်လပ်အဆင့်မြင့်တက်လာစေရန် အချိန်ကာလတစ်လျှောက် အဆက်မပြတ်လုပ်ဆောင်နိုင်ခဲ့သည့် ဗီယက်နမ်ကဲ့သို့နိုင်ငံမျိုး ကမ္ဘာ့နိုင်ငံများထဲ၌ မတွေ့ရဟု သုတေသီအချို့က ဆိုထားသည်။
စီးပွားရေးလွတ်လပ်မှု ညွှန်းကိန်း စတင်တွက်ချက်အသုံးပြုခဲ့သည့် ၁၉၉၅ ခုနှစ် အချိန်ကာလကို ပြန်ကြည့်သည့်အခါ ထိုအချိန်က ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးလွတ်လပ်မှုရမှတ်သည် ၄၁ ဒသမ ၇ သာရှိခဲ့သည်။ ယခုအချိန်၌ ဗီယက်နမ်နိုင်ငံ၏ ၆၁ ဒသမ ၈ မှတ်သို့ တိုးတက်မှုရှိလာခြင်းမှာ ကြားကာလနှစ်များတွင် ရမှတ်၂၀ ပွိုင့် တိုးမြင့်ရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအချိန် ၁၉၉၅ က တရုတ်နိုင်ငံ၏ စီးပွားရေးလွတ်လပ်မှု ရမှတ်မှာ ၅၂ မှတ်ဖြစ်ခဲ့၏။ ယခုနှစ်ရမှတ်မှာ ၄၈ ဒသမ၃ ဖြစ်သဖြင့်တရုတ်နိုင်ငံမှာ ကာလတစ်လျှောက် လေးပွိုင့်နီးပါးကျဆင်းခဲ့သည်ဟုဆိုရမည်။ ၂၀၂၃ ခုနှစ် စီးပွားရေးလွတ်လပ်မှုညွန်းကိန်းဖော်ပြချက်တွင် တရုတ်နိုင်ငံသည့် ရမှတ် ၄၈ ဒသမ ၃ မှတ်နှင့် နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် ၁၅၄ အဆင့်၌သာ ရပ်တည်လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံ၏ အနောက်၌ အဆင့် ၈၂ ဆင့်နိမ့်လျက် ရပ်တည်နေခြင်းဖြစ်သည်။
(၃)
အမေရိကန်နိုင်ငံသည်လည်း စီးပွားရေးလွတ်လပ်မှုအုပ်စု ငါးမျိုးထဲ၌ ဒုတိယအုပ်စု “MOSTLY FREE” အုပ်စုတွင် အဆင့်အားဖြင့် ၂၅ ဆင့်၌သာ တည်ရှိနေသည်။ ဥရောပဒေသတွင်မူ အမေရိကန်နိုင်ငံထက် စီးပွားရေးလွတ်လပ်မှုအဆင့် သာလွန်သောနိုင်ငံ ၁၆နိုင်ငံရှိသည်။ အကယ်၍ အမေရိကန်နိုင်ငံသည် လာမည့်နှစ်အဆင့်သတ်မှတ်ချက်များ၌ နောက်ထပ်အမှတ်တစ်မှတ်သာ ကျဆင်းခဲ့ပါက လက်ရှိအခြေအနေထက်ထပ်၍ နိမ့်ကျသည့် “MODERATETLY FREE” အုပ်စုသို့ရောက်ရှိသွားပေလိမ့်မည်။ လက်ရှိအနေအထားအရ အမေရိကန်နိုင်ငံသည် အခြေအနေမကောင်းပေ။ မကြာသေးမီနှစ်များအတွင်းကလည်း အဆင့်သတ် မှတ်ချက်များ တဖြည်းဖြည်း ကျဆင်းသွားခဲ့သည်ကို တွေ့ရှိနေရသည်။
(၄)
ဟဲရစ်တေ့ဂျ် ဖောင်ဒေးရှင်း (The Heritage Foundation) ၏ ဗီယက်နမ်အကြောင်း ရေးသားဖော်ပြချက်များတွင်ဗီယက်နမ်သည်အရင်းအနှီးတည်ဆောက်ခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစနစ်တွင် တဖြည်းဖြည်းပေါင်းစည်းလာနိုင်ရေး အားထုတ်နိုင်ခဲ့ပြီး နိုင်ငံ့စီးပွားရေးစနစ်၌ ဈေးကွက် အခန်းကဏ္ဍကို အလေထားမှုပိုမိုရှိလာခဲ့သည်ဟု သုံးသပ်ထားသည်။ လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများတွင်လည်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများပြုလုပ်ပေးခြင်းနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှု အခွင့်အရေးများကို အလေးထားမှုတို့ပါဝင်နေသည်။ ”ဗီယက်နမ်နိုင်ငံသည် "ဘဏ္ဍာရေး သန်စွမ်းမှုနှင့် အစိုးရအသုံးစရိတ်ကဏ္ဍ” တို့တွင် ခိုင်မာသော အဆင့်ရှိပြီး "စီးပွားရေးလွတ်လပ်ခွင့်" နှင့် "ငွေကြေးလွတ်လပ်ခွင့်" နယ်ပယ်တို့၌ အလယ်အလတ်အဆင့်ရှိနေသည်။ သို့သော် ပြုပြင်လုပ်ဆောင်စရာများစွာကျန်ရှိနေပါသေးသည်။ “အစိုးရ၏ ရိုးသားဖြောင့်မတ်မှု၊”၊ “တရားစီရင်ရေးဆိုင်ရာ ထိရောက်မှု”၊ “ပုဂ္ဂလိကပိုင်ဆိုင်မှုအခွင့်အရေး” နှင့် “ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လွတ်လပ်မှု” တို့၌ အားနည်းမှုများရှိနေဆဲဖြစ်သည်။
(၅)
အကယ်၍ ဗီယက်နမ်သည် ၁၉၈၆ ခုနှစ်ကစတင်ခဲ့သည့် ဒွိုင်မွိုင်း (Doi Moi) ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းအတိုင်း ဆက်လက်ဦးတည်သွားနေပါကမကြာမီအချိန်တွင် ကမ္ဘာ့နိုင်ငံများကြား၌ စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာစေမည့်အခွင့်အလမ်းကို ဆုပ်ကိုင်လာနိုင်စရာရှိသည်။ တစ်ချိန်တစ်ခါက ခက်ခဲကြမ်းတမ်းမှုများကြားတွင် ကျင်လည်ခဲ့ရသည့် ဗီယက်နမ်၏အတိတ်ဆိုးသည် ယခုအချိန်၌ ပြန်လည်အမှတ်ရစဉ်းစားစရာဖြစ်လာသည်။ ထိုအချိန် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ မစတင်မီ ကာလများ၌ ကြုံတွေ့ခဲ့ရသည့် ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာပြတ်လတ်မှုတို့ကို မြင်ယောင်လာစေသည်။ကောက်ရိတ်သိမ်းချိန်၌ ဆိုးရွားသောအခြေအနေကို ရင်ဆိုင်ရတိုင်း နိုင်ငံတွင်း၌ စားနပ်ရိက္ခာပြတ်လတ်၍ ငတ်မွတ်ခေါင်းပါးမှုကြုံရ၏။ ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အထောက်အပံ့၊ ဆိုဗီယက်နှင့် အရှေ့ဥရောပနိုင်ငံများမှ ဘဏ္ဍာရေးအကူအညီများကို များစွာမှီခိုအားထားခဲ့ရ၏။ ၁၉၉၃ ခုနှစ် နှောင်းပိုင်း အထိနိုင်ငံ လူဦးရေ၏ ၇၉ ဒသမ ၇ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးစွာနေထိုင်ခဲ့ကြရ၏။ ဆယ်စုနှစ်တစ်ခု ကာလကျော်လွန်ချိန် ၂၀၀၆ ခုနှစ်တွင် မျှော်လင့်ချက် ရောင်နီသန်းလာခဲ့ပြီ။ ဆင်းရဲနွမ်းပါးမှု ၅၀ ဒသမ ၆ ရာခိုင်နှုန်းသို့ကျဆင်းသွားသည်။ ၂၀၂ဝပြည့် ရောက်သောအခါ ငါးရာခိုင်နှုန်းသာရှိတော့သည်။
(၆)
ယခုတော့ ဗီယက်နမ်သည် ပြုပြင်ပြောင်းလဲမှုများဖြင့် လှုပ်လှုပ်ရှားရှားအဖြစ်ဆုံး၊ စိတ်ဝင်စားမှု အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေလေပြီ။ အလုပ်ကြိုးစားလုပ်ကိုင်နေကြသော နိုင်ငံသားများ၊ စွန့်ထွင်ဦးစီးလုပ်ကိုင်တတ်သော လုပ်ငန်းရှင်များအတွက် ကြီးမားသော အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် စီးပွားရေးတစ်ခုဖြစ်နေလေပြီ။ စျေးကွက်ပြုပြင်ပြောင်းလဲမှုမစတင်မီက ဆန်စပါး လုံလုံလောက်လောက် မထုတ်လုပ်နိုင်၊ နိုင်ငံသားများကို ဝဝလင်လင်မကျွေးမွေးနိုင်ခဲ့သည့် နိုင်ငံ၊ ယခု ကမ္ဘာ့အကြီးဆုံး ဆန်စပါးပို့ကုန်နိုင်ငံဖြစ်လာခဲ့ပြီ။ လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုမြင့်မားလာခြင်းနှင့်အတူ အီလက်ထရွန်နစ်ကုန်စည်တင်ပို့သည့် နိုင်ငံလည်းဖြစ်လာနေလေပြီ။ အကယ်၍ ကမ္ဘာ့စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံ တစ်နိုင်ငံ အမှန်တကယ်ဖြစ်လာခဲ့ပါ ဗီယက်နမ်အတွက် သတိပြုစရာရှိနေသည်။ အတိတ်က ခက်ခဲကြမ်းတမ်းရုန်းကန်ခဲ့ရမှုများကို မကြာခဏ အမှတ်ရနေခြင်း တစ်နည်းဆိုသော် ဘဝမမေ့စေရေး သတိပြုမိရန်ဖြစ်သည်။ “ဗီယက်နက် နိုင်ငံသူ နိုင်ငံ သားတို့ကို အတိတ်ဆိုးများ မမေ့စေခြင်းသည် ယနေ့ကာလဖြစ်ထွန်း တိုးတက်မှုများကို အလေးအနက်တန်ဖိုးထား၍မျက်ခြည်မပြတ် လုပ်ဆောင်နိုင်စွမ်းရှိလာစေရ
န်ဖြစ်သည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှုအခွင့်အရေးများကို အသိအမှတ်ပြုမှု မြင့်တက်လာခြင်း၊ စီးပွားရေးလွတ်လပ်ခွင့်ပိုမိုရှိလာခြင်းနှင့် ကမ္ဘာ့ကုန်သွယ်မှုစနစ်နှင့် ပိုမိုပူးပေါင်းလုပ်ဆောင်လာခြင်းတို့ကဲ့သို့ အခြေအနေများသည် ဗီယက်နမ်နိုင်ငံကို အောင်မြင်မှုလမ်းကြောင်းပေါ်သို ့ရောက်ရှိစေသည့် တွန်းအားများအဖြစ် လက်ခံအသိအမှတ်ပြု၍ အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေရန်လည်း လိုအပ်ပေသည်။
(၇)
ဗီယက်နမ်နိုင်ငံ၏ အနာဂတ်အလားအလာကောင်းများကို လေ့လာနေစဉ်မှာပင် ကမ္ဘာပေါ်ရှိနိုင်ငံများစွာသည် တည်ရှိနေပြီးသော စီးပွားရေးလွတ်လပ်မှုများကိုကန့်သတ်မှုချုပ်ခြယ်လာခြင်း၊ ဆန့်ကျင်ဘက်အခြေအနေများ ဖန်တီးလာခြင်းတို့ ပြုလုပ်လာနေသည်ကို အံဩစရာအဖြစ်တွေ့ရကြောင်း သုတေသီတို့ကဆိုထားသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေကိုထိန်းသိမ်းလျက်စီးပွားရေး လွတ်လပ်မှု ပိုမိုရရှိလာစေရေး ဆက်လက်အားထုတ်သင့်သည်ဟုလည်း ၎င်းတို့က အကြံပြုထားကြ၏။










