မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်း၌ ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်း၌ ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
Published 4 April 2023

မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ဖြတ် ကျော်ဓာတ်အားလိုင်းစီမံကိန်း၌ ၂၀၂၄ ခုနှစ် တွင် ကျိုင်းတုံမြို့၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့အကြား မြန်မာ-လာအိုလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင် ချက်လက်မှတ်ရေးထိုးခြင်း အခမ်းအနားနှင့် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန် Consortium of PISASAI Energy and Mine Investment Ptd.Ltd. and Primus Sapphire Powerသို့ ပေးအပ်မည့် Notice to Proceed လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို ဧပြီ ၃ ရက်က ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် လက်မှတ်ရေး ထိုးခဲ့သည့်နားလည်မှုစာချွန်လွှာ၏ ငါးနှစ်တာကာလအတွင်း  Consortium of PISASAI Energy and Mine Investment Ptd.Ltd. and Primus Sapphire Power Company Limited တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံဓာတ်အား ကွန်ရက်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်/ရောင်းချနိုင်ရေး စီမံကိန်းအတွက် သိသာထင်ရှားသည့် လုပ်ငန်းတိုးတက်မှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ဓာတ်အားဝယ်ယူ/ရောင်းချရေးတွင် ကုမ္ပဏီနှစ်ခုအပြင် အစိုးရများအနေဖြင့်လည်း နီး ကပ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က မြန်မာ-လာအိုလျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ် ငါးနှစ်သက်တမ်းတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကြားလျှပ်စစ်ဓာတ်အား(၆၀၀) မဂ္ဂါဝပ်အထိ သွယ်တန်းနိုင်ရေး စီမံကိန်းများဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် မဲခေါင်မြစ်ရေအားလျှပ်စစ်စီမံကိန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်ပြီး နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိလည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိလည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံစွမ်းအင်နှင့် သတ္တုတွင်းဝန် ကြီးဌာနဝန်ကြီးမစ္စတာဖိုစေးစရာစုံက လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် Joint Working Committee(JWC) အစည်းအဝေးနှင့် (၆)ကြိမ်မြောက် Joint Working Committee(JWC) အစည်း အဝေးများမှနေ၍ မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာအား နောက်ထပ် ငါးနှစ်သက်တမ်းတိုးမြှင့်ရန် သဘောတူညီခဲ့ကြကြောင်း၊ အဆိုပါ နားလည်မှုစာချွန်လွှာတွင် နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းနှင့် ရေအားလျှပ်စစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ပါဝင်ပါကြောင်း၊ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ချစ်ကြည်ရေးနှင့် ကဏ္ဍစုံလက်တွဲဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်အရှိန်မြှင့်တင်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် လာအိုနိုင်ငံစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး ဌာနဝန်ကြီး မစ္စတာဖိုစေးစရာစုံတို့က မြန်မာ-လာအိုလျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက်(MoU Amendment)ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။ ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်၊ PISASAI Energy and Mine Investment Ptd.Ltd ၏ ဒုတိယမန်နေဂျင်း ဒါရိုက်တာ Mr.Shen DECAI နှင့် Primus Sapphire Power Company Limited အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်လှဝင်းတို့က  Notice to Proceed(NTP)ကို လက်မှတ် ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။

 

 

Most Read

Most Recent