NCA အပေါ် ရပ်တည်မှုဖြင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ပြီး စီးပွားရေးအခွင့်အရေးများကြောင့် NCA လက်မှတ်ရေးထိုးခြင်းမဟုတ်ဟု RCSS ထုတ်ပြန်

NCA အပေါ် ရပ်တည်မှုဖြင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ပြီး စီးပွားရေးအခွင့်အရေးများကြောင့် NCA လက်မှတ်ရေးထိုးခြင်းမဟုတ်ဟု RCSS ထုတ်ပြန်
Published 4 April 2023

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် ရပ်တည်မှုဖြင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ပြီး စီးပွားရေးအခွင့်အရေးများကြောင့် NCA လက်မှတ်ရေးထိုးခြင်း မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) က ထုတ်ပြန်သည်။  

1009 INFANTRY (IPDF) က ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက်တွင် စီးပွားရေးအပေးအယူလုပ်၍ တပ်မတော်က RCSS/SSA တပ်ဖွဲ့ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းသာဖြစ်ကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၀၀၉ တပ်ရင်း (အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ IPDF) က ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်က ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက်တွင် ၂၀၂၃ ခုနှစ် မတ် ၂၃ ရက် မှ ၃၁ ရက်အထိ IPDF နှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြောင်း ရေးသားဖော်ပြထားပြီး စီပွားရေးအပေးအယူ ပြုလုပ်၍ RCSS/SSA ကို တိုက်ပွဲတွင်းသို့ ဆွဲသွင်းလာသည့် သတင်းများကို ကြားသိရသည်ဟုလည်း ရေးသားဖော်ပြထားကြောင်း RCSS က ဆိုသည်။

RCSS/SSA သည် သျှမ်းပြည်တောင်ပိုင်းတွင် ဖြစ်ပွားသည့် တပ်မတော်နှင့် PDF တိုက်ပွဲများတွင်းသို့ ပါဝင်ရှုပ်ထွေးရန် ရည်ရွယ်ချက်မရှိသည့်အပြင် ဒေသခံပြည်သူများကို ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူမဆန်‌သောလုပ်ရပ်များကိုလည်း RCSS/SSA က ကန့်ကွက်ရှုတ်ချကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် ရပ်တည်မှုဖြင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်နေပြီး ကောလာဟလသတင်းများကဲ့သို့ စီးပွားရေးအခွင့်အရေးများကြောင့် NCA လက်မှတ်ရေးထိုးရခြင်းမဟုတ်ကြောင်းနှင့် ယခုထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလသတင်းများသာဖြစ်ကြောင်း RCSS က ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နိုင်ငံရေးဆွေးနွေးမှုကြောင့် ပြည်သူလူထု နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့် တိုက်ပွဲများအား လျော့ချနိုင်ပြီး တည်ငြိမ်အေးချမ်း၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တည်ထောင်နိုင်ရန်၊ ပြည်သူလူထုများအတွက် ကောင်းကျိုးများရှိသည်ဟူသော ရည်ရွယ်ချက်ဖြင့် NCA လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်းကိုလည်း RCSS က ထုတ်ပြန်သည်။

RCSS/SSA သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟု လက်စွဲယုံကြည်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent