ယခုရာသီ ဒုတိယသုံးလပတ်အတွက် မန်ယူအသင်း၏ ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေလျော့ကျသွားသလို ငွေလဲနှုန်းကြောင့် ကြွေးမြီပေါင် ၅၈ သန်းကျော် တိုးလာ

ယခုရာသီ ဒုတိယသုံးလပတ်အတွက် မန်ယူအသင်း၏ ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေလျော့ကျသွားသလို ငွေလဲနှုန်းကြောင့် ကြွေးမြီပေါင် ၅၈ သန်းကျော် တိုးလာ
Photo: Sky Sports
Photo: Sky Sports
Published 1 April 2023

 

၂၀၂၂-၂၀၂၃ ရာသီ ဒုတိယသုံးလပတ်အတွက် မန်ယူအသင်း၏ ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေရရှိမှုလျော့ကျသွားသလို ငွေလဲနှုန်းကြောင့် ကြွေးမြီပမာဏမှာ ပေါင် ၅၈ သန်းကျော် တိုးလာကြောင်း သိရသည်။

မန်ယူအသင်း၏ ထုတ်ပြန်မှုအရ ယခုရာသီ ဒုတိယသုံးလပတ်အတွက် (အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ) ဝင်ငွေရရှိမှုမှာ စီးပွားရေးနှင့် စပွန်ဆာစာချုပ်များအတွက် တိုးတက်လာသော်လည်း အမှတ်တရပစ္စည်းရောင်းချမှု၊ ရုပ်သံထုတ်လွှင့်မှုနှင့် ကွင်းဝင်ကြေးဝင်ငွေရရှိမှုမှာ လျော့ကျသွားသည်။ ယင်းကာလအတွင်း စီးပွားရေးစာချုပ်များမှ ပေါင် ၇၈ ဒသမ ၇ သန်းရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂၂ ဒသမ ၂ ရာခိုင်နှုန်း (ပေါင် ၁၄ ဒသမ ၃ သန်း)၊ စပွန်ဆာစာချုပ်များမှ ပေါင် ၅၀ ဒသမ ၄ သန်းရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄၃ ဒသမ ၂ ရာခိုင်နှုန်း (ပေါင် ၁၅ ဒသမ ၂ သန်း) မြင့်တက်လာကြောင်း သိရသည်။

သို့သော် အဝတ်အထည်၊ ထုတ်ကုန်ပစ္စည်းနှင့် အမှတ်တရပစ္စည်းများ ရောင်းချမှုမှ ပေါင် ၂၃ ဒသမ ၃ သန်းရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃ ဒသမ ၁ ရာခိုင်နှုန်း (သုည ဒသမ ၉ သန်း)၊ ချန်ပီယံလိဂ်အစား ယူရိုပါလိဂ်သာ ယှဉ်ပြိုင်ခွင့်ရသဖြင့် ရုပ်သံထုတ်လွှင့် မှုဝင်ငွေမှာ ပေါင် ၅၈ ဒသမ ၇ သန်းရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၃၂ ဒသမ ၁ ရာခိုင် နှုန်း (ပေါင် ၂၇ ဒသမ ၇ သန်း)၊ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို နိုဝင်ဘာမှ ဒီဇင်ဘာအထိ ရပ်နားထားရသဖြင့် ကွင်ဝင်ကြေးဝင်ငွေမှာ ပေါင် ၂၉ ဒသမ ၉ သန်းရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၃ ဒသမ ၆ ရာခိုင်နှုန်း (ပေါင် ၄ ဒသမ ၇ သန်း) လျော့ကျသွားခဲ့ရသည်။ 

ထို့ကြောင့် ဒုတိယသုံးလပတ်အတွင်း ကဏ္ဍပေါင်းစုံမှ ဝင်ငွေရရှိ မှုမှာ ယခင်နှစ်ကာလတူထက် ၁၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရသည်။ ယူရိုပါလိဂ်သာ ယှဉ်ပြိုင်ခွင့်ရသောကြောင့် လစာပေးချေမှု အသုံးစရိတ်မှာ ယခင်နှစ်ကာလတူထက် ၂၀ ဒသမ ၉ ရာခိုင်နှုန်း (ပေါင် ၂၀ ဒသမ ၄ သန်း) လျော့ကျသွားပြီး ပေါင် ၇၇ ဒသမ ၃ သန်း အသုံးပြုထားရသည်။ ထို့ပြင် အသင်း၏ကြွေးမြီပမာဏမှာ ပေါင်ငွေတန်ဖိုးကျဆင်းမှုကြောင့် ယခင်နှစ်ကာလတူထက် ပေါင် ၅၈ ဒသမ ၆ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။ 

မန်ယူ အသင်း၏ကြွေးမြီမှာ ဒေါ်လာတန်ဖိုးအရ သန်း ၆၅၀ ရှိပြီး ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိသော်လည်း ငွေလဲနှုန်းအရ ယခင်နှစ် ကာလတူတွင် ပေါင် ၄၇၇ ဒသမ ၁ သန်းရှိ ခဲ့ရာမှ ယခုနှစ်တွင် ပေါင် ၅၃၅ ဒသမ ၇ သန်း အထိ မြင့်တက်လာခြင်းဖြစ်သည်။ မန်ယူအသင်းသည် နည်းပြသစ် အဲရစ်တန်ဟက်ဂ် လက်ထက်တွင် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားအောင်မြင်မှုအဖြစ် လိဂ်ဖလား ချန်ပီယံဆုကို တစ်ကျော့ပြန်ဆွတ်ခူးရရှိထားသည်။

Most Read

Most Recent