ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုမရှိသော ကုမ္ပဏီများအနေဖြင့် ဗဟိုဘဏ်၏ထုတ်ပြန်ချက်များ လိုက်နာနိုင်ရေးနှင့် လက်ရှိတွေ့ကြုံနေရသည့်အခက်အခဲများ တင်ပြနိုင်ရေး အဆိုပါကုမ္ပဏီများနှင့် ဗဟိုဘဏ်ဆွေးနွေး

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုမရှိသော ကုမ္ပဏီများအနေဖြင့် ဗဟိုဘဏ်၏ထုတ်ပြန်ချက်များ လိုက်နာနိုင်ရေးနှင့် လက်ရှိတွေ့ကြုံနေရသည့်အခက်အခဲများ တင်ပြနိုင်ရေး အဆိုပါကုမ္ပဏီများနှင့် ဗဟိုဘဏ်ဆွေးနွေး
ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို တွေ့ရစဉ်
ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို တွေ့ရစဉ်
Published 21 March 2023

ပို့ကုန် ရငွေပြန်လည်ဝင်ရောက်မှုမရှိသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ဥပဒေနှင့် စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးနိုင်ရန်နှင့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးနိုင်ရန် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အဆိုပါ ကုမ္ပဏီများနှင့်  တွေ့ဆုံဆွေးနွေးခဲ့သည်။

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို မတ် ၂၀ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ပို့ကုန်ရငွေပြန် လည်ဝင်ရောက်မှုမရှိသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်စည်းမျဉ်းများ၊ ညွှန် ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးနိုင်ရန်နှင့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးနိုင်ရန် တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၈-က၊ ပုဒ်မ ၃၈ (ခ)၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၃၅ ၊ ၃၆၊ ၃၇ နှင့် အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ ပို့ကုန်တင်ပို့ သူများအနေဖြင့် အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ၄၅ ရက်အတွင်း၌လည်းကောင်း၊ အာရှနိုင်ငံများမှအပအခြား နိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း၌လည်းကောင်း၊ ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိကို ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းအဖွဲ့တို့မှ ပူးပေါင်းစိစစ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ကုန် သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကုန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်း ရေးမှူးတို့မှလည်း Export Proceeds  ပြန်လည်ဝင်ရောက်ရေးဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အနေဖြင့်ပို့ကုန်ရငွေ ပြန်လည်ပေး သွင်းရမည့်ကာလ သတ်မှတ်ချက် ပြင်ဆင်ပေးခဲ့သည့်အခြေအနေများ၊ အစိုးရမှဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့ပြင် ပို့ကုန်ရငွေသည် နိုင်ငံတော်အတွက်အဓိကနိုင်ငံခြားငွေဝင်ရောက်ရာ လမ်းကြောင်းဖြစ်သဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်စေရေးအတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ညွှန်ကြားချက်များကို သေချာစွာလိုက်နာမှသာ နိုင်ငံအတွင်းငွေကြေးစီးဆင်းမှု ပိုမိုချောမွေ့စေမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။

ထို့နောက် UMFCCI  ပို့ကုန်လုပ်ငန်း အမျိုးအစားအလိုက် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက ၀ိုင်းဝန်းတင်ပြဆွေးနွေး ခဲ့ကြပြီးလက်ရှိတွေ့ကြုံရသည့်အခက်အခဲများအား တင်ပြဆွေးနွေးခဲ့မှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့်တာဝန်ရှိသူများ၊ UMFCCI  ဒုတိယ ဥက္ကဋ္ဌနှင့်ပို့ကုန်လုပ်ငန်းအမျိုးအစား အလိုက်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။