တောင်သူလယ်သမားအတွက် သီးနှံအခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား

တောင်သူလယ်သမားအတွက် သီးနှံအခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား
Published 15 March 2023

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ထုတ်ပြန်ခဲ့ပြီး သီးနှံအခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

မတ် ၁၄ ရက်က ပြုလုပ်သည့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး (၁/၂၀၂၃) တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တောင်သူလယ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် အကျိုးစီးပွားများရရှိစေရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေ ပုဒ်မ ၄ အရ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ အဖွဲ့ဝင် ၃၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများနှင့် လုပ်ငန်းအဖွဲ့များအနေဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သီးနှံအခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် MEB Two Step Loan အစီအစဉ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးထားရှိကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့် သစ်တောမြေများတွင် ခွင့်ပြုချက်ရရှိပြီးသူများ ချေးငွေရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် စီမံပေးထားကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဆိုလာစီမံကိန်းများနှင့် ရေလိုအပ်သည့်နေရာများတွင် သင့်လျော်သည့် Solar System ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ကူညီဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အလားတူ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခက်အခဲများ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ Call Centre များ ဖွင့်လှစ်ခြင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နှစ်ပတ်တစ်ကြိမ် သွင်းအားစုဈေးနှုန်းများ ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း ပြည်တွင်းစားသုံးဆီမှု ဖူလုံစေရန်နှင့် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံစိုက်ဧက ၁ ဒသမ ၅သန်း တိုးချဲ့စိုက်ပျိုးရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေကြာစိုက်တောင်သူများအတွက် နိုင်ငံတော်မှ ကျပ် ၁၀၀ ဒသမ ၂၄၈ ဘီလျံအား မိုးနှင့် ဆောင်းနေကြာ စိုက်ပျိုးရာသီအတွက် ချေးငွေများထုတ်ချေးလျက်ရှိကြောင်း၊ ထို့ပြင် ပြည်သူလူထု၏ ဝတ်ရေးအဆင်ပြေစေရေးနှင့် ပြည်ပမှ ချည်မျှဉ်နှင့်ဝါ ဝယ်ယူမှု သွင်းကုန်အစားထိုးရေးနှင့် ဝါသီးနှှံ တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ ဝါစိုက်ပျိုးဧရိယာတိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်ရွယ်၍ လေးနှစ်တာ အထူးစီမံကိန်းအနေဖြင့် ဧက ခုနစ်သိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဧက ၄၅၈၃၈၈ စိုက်ပျိုးထားရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်းဧကငါးသိန်းနှင့် နွေစပါး ၈ ဒသမ ၅ သိန်း ဧကအတွက်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သုံးစွဲရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ကိုဗစ် - ၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော နိုင်ငံ၏ စီးပွားရေးပြန်လည်မြှင့်တင်နိုင်ရန် ကယား၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလျံစီ၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ ငွေကျပ် ရှစ်ဘီလျံနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသကြီး ခြောက်ခုသို့ ငွေကျပ် ငါးဘီလျံစီ စုစုပေါင်း ၁၀၀ ဘီလျံ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent