ထိုင်ဝမ်တွင် Blackpink အဖွဲ့က မတ် ၁၈ ရက်နှင့် ၁၉ ရက်များတွင် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး ရှိုးပွဲလက်မှတ်များကို ထပ်ဆင့်ပြန်ရောင်းကြသည့်စျေးမှာ ပုံမှန်စျေးထက် ၄၅ ဆ ပိုများနေသည့်အတွက် ပရိသတ်များအကြား ဝေဖန်မှုများ ထွက်ပေါ်လာသည်။
လက်မှတ်တစ်စောင်လျှင် မူရင်းစျေး ထိုင်ဝမ်ဒေါ်လာ ၈,၈၀၀ သာရှိသော်လည်း တစ်ဆင့်ပြန်ရောင်းကြသည့်စျေးက ထိုင်ဝမ် ဒေါ်လာ ၄၀၀,၀၀၀(ဝမ် ၁၆ ဒသမ ၉၇ သန်းခန့်) အထိ ၄၅ ဆ စျေးတင်ရောင်းလာကြသည်။
အလားတူ မနှစ်က နိုဝင်ဘာ ၂၆ ရက် နှင့် ၂၇ ရက်များ၌ ပြုလုပ်သည့် Super Junior အဖွဲ့ရှိုးပွဲတွင်လည်း လက်မှတ်မူရင်းစျေးက ထိုင်ဝမ်ဒေါ်လာ ၅,၈၀၀ သာရှိသော်လည်း ထပ်ဆင့်ပြန်ရောင်းချသည့်စျေးက ထိုင်ဝမ်ဒေါ်လာ ၁၀၀,၀၀၀ ဖြင့် ၁၇ ဆ ပိုများနေခဲ့သည်။
ထိုင်ဝမ်တွင် နာမည်ကြီးကေပေ့့ါပ်ရှိုးပွဲ တစ်ခုရှိတိုင်း လက်မှတ်များကို မတန်တဆစျေးဖြင့် တစ်ဆင့်ပြန်ရောင်းတတ်ကြသည်။
ထိုအလေ့အထကို မနှစ်သက်သူများက ရှိုးပွဲလက်မှတ်များ ပြန်ရောင်းချမှုကို တားမြစ်ကာ နာမည်ရင်းဖြင့်သာ လက်မှတ်ဝယ်ယူနိုင်သည့်စနစ်ကို အသုံးပြုရန် တောင်းဆိုလာကြသည်။ သို့သော်ယင်းစနစ်ကို ကုမ္ပဏီအချို့က ထောက်ခံသော်လည်း အချို့ကုမ္ပဏီများကမူ ရှိုးပွဲအဝင်တွင် လက်မှတ်ပါအချက်အလက်များကိုစစ်ဆေးရန်မှာ အချိန်လည်း ကြာ၊ လူအားလည်း လိုသည်ဟုဆိုကာ သဘောမကျကြပေ။
ယင်းပြဿနာကို ထိုင်ဝမ်ယဉ်ကျေးမှု ဝန်ကြီးဌာနက ပါဝင်ဖြေရှင်းလျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။
ထို့ပြင်ရှိုးပွဲစီစဉ်သူများနှင့်ပူးပေါင်းကာ လက်မှတ်လိမ်ရောင်းမှု၊ ပြန်ရောင်းမှုပြဿနာများအတွက် ထိရောက်သည့်နည်းလမ်းတစ်ခုကို ရှာမည်ဟုလည်း ထိုင်ဝမ်ယဉ်ကျေးမှုဝန်ကြီးဌာနကဆိုသည်။
Blackpink အဖွဲ့သည် ပြည်ပဖျော် ဖြေပွဲများအတွက် သီးသန့်လေယာဉ်ဖြင့် အသွားအပြန်ပြုလုပ်လေ့ရှိပြီး မတ် ၄ ရက်က မလေးရှားတွင် သွားရောက်ဖျော်ဖြေကာ၊ ဥရောပဖျော်ဖြေပွဲများ ပြီးဆုံးသွားပြီဖြစ်သည်။ မတ်တွင် ထိုင်ဝမ်အပြင် ဖိလစ်ပိုင်၌လည်း ဖျော်ဖြေဦးမည်။ ဧပြီတွင် အမေရိကန် ကိုချယ်လာဂီတပွဲတော်ရှိပြီး ထိုပွဲတွင်လည်း ၎င်းင်းတို့ အဖွဲ့ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။









