အဂတိလိုက်စားမှုဆိုင်ရာ စကားရပ်များ

အဂတိလိုက်စားမှုဆိုင်ရာ စကားရပ်များ
Published 6 March 2023

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုမှာ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုဟူသည် တရားမဝင် ကိုယ်ပိုင်အကျိုးအမြတ်အတွက် အစိုးရအရာရှိများ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ယင်းလုပ်ရပ်သည် အစိုးရအရာရှိတာဝန်နှင့် တိုက်ရိုက် ပတ်သက်မှုရှိမှသာ အစိုးရအာဏာရှိသူတစ်ဦး၏ တရားမဝင်လုပ်ရပ်ကို နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုဟု ခေါ်ဆိုနိုင်သည်။ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးတွင် လာဘ်စားခြင်း၊ အာဏာပြခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဦးစားပေးဝါဒ၊ ခရိုနီဝါဒ၊ ဆွေမျိုးကောင်းစားရေးဝါဒ၊ သူကောင်းပြုခြင်း၊ အာဏာရှိသူနှင့် အကျိုးအမြတ် ရယူလိုသူတို့အကြား ပွဲစားလုပ်ခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းတို့ ပါဝင်သည်။

ဦးစားပေးဝါဒ (Favoritism) ဟူသည် အလွန်ကျယ်ပြန့်သော အသုံးအနှုန်းတစ်ရပ်ဖြစ်သည်။ အခြေခံအားဖြင့် ဦးစားပေးဝါဒဟူသည့်အတိုင်း အလုပ်တစ်ခုအတွက် တစ်စုံတစ်ဦးကို အကောင်းဆုံးလုပ်နိုင်သောကြောင့် မဟုတ်ဘဲ ဦးစားပေးခြင်းဖြစ်သည်။ အလုပ်နှင့်မဆိုင်ဘဲ ပုဂ္ဂိုလ်ရေးအရ ကြိုက်ခြင်း မကြိုက်ခြင်း၊ မိမိကြိုက်နှစ်သက်သော အုပ်စုတစ်ခုအတွင်း ရှိခြင်းအစရှိသည့် အချက်များအရ ဦးစားပေးခြင်းဖြစ်သည်။ အလုပ်များ ခန့်ထားခြင်း၊ ဂုဏ်ပြုဆုများပေးခြင်းနှင့် ကန်ထရိုက်များပေးခြင်းတို့တွင် ဦးစားပေးဝါဒဟူသည့် စကားရပ်ကို အသုံးပြုလေ့ရှိသည်။ အာဏာရှိလာသူက ၎င်းရွေးကောက်တင်မြှောက်ခံရအောင် အကူအညီပေးခဲ့သည့်သူကို အစိုးရအလုပ်ရာထူးများပေးကာ သူကောင်းပြုခြင်းကဲ့သို့သောကိစ္စ၌ ဦးစားပေးဝါဒဟူသည့် စကားရပ်ကို သုံးစွဲတတ်သည်။ ဦးစားပေးဝါဒသည် အစိုးရလုပ်ငန်းများအတွင်း မကျေနပ်ချက်တစ်ရပ်အဖြစ် ကိန်းအောင်းနေတတ်သည်။ အလုပ်အကိုင်အတွက် အရည်အချင်းနှင့် အတွေ့အကြုံရှိရေးထက် ပတ်သက်ဆက်နွှယ်မှုကသာ အရေးပါသည့်သဘောဖြစ်သည်။

ခရိုနီဝါဒ (Cronyism) ဟူသည် ပိုမိုတိကျသော ဦးစားပေးဝါဒအမျိုးအစားဖြစ်သည်။ မိတ်ဆွေအပေါင်းအသင်း၊ ပတ်သက်ဆက်နွှယ်နေသူများကို ဦးစားပေးခြင်းဖြစ်သည်။ ခရိုနီဝါဒထက် ပိုမိုကျဉ်းမြောင်းသော ဦးစားပေးဝါဒ အမျိုးအစားမှာ ဆွေမျိုးကောင်းစားရေးဝါဒ (Nepotism) ဖြစ်သည်။ ဆွေမျိုးများကို ဦးစားပေးခြင်းဖြစ်သည်။ Nepotism ဟူသည် တူတော်မောင် (Nephew) ဟု အဓိပ္ပာယ်ရသော အီတလီဘာသာစကားဖြစ်သည်။ ကက်သလစ် ပုပ်ရဟန်းမင်းများနှင့် ဂိုဏ်းချုပ်ဘုန်းတော်ကြီးများသည် ကာဒီနယ်ဟုခေါ်သော ဘုန်းတော်ကြီးနေရာများကို ၎င်းတို့၏ တူတော်မောင်များကို ပေးအပ်ရာမှ ပေါ်ပေါက်လာသော စကားလုံးဖြစ်သည်။ နိုင်ငံရေးလောကတွင် အစိုးရရာထူးနေရာများ ခန့်ထားရာ၌လည်းကောင်း၊ စီးပွားရေးလောကတွင် အကျိုးအမြတ်ရှိသော ကန်ထရိုက်များပေးရာ၌လည်းကောင်း ခရိုနီဝါဒနှင့် မိသားစုကောင်းစားရေးဝါဒဟူသည့် စကားရပ်များက တွင်ကျယ်လာသည်။

ဦးစားပေးဝါဒ၊ ခရိုနီဝါဒနှင့် ဆွေမျိုးကောင်းစားရေးဝါဒတို့သည် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများလည်းဖြစ်သည်။ ကျင့်ဝတ်ဆိုင်ရာ၌ အခြေခံအကျဆုံးအချက်မှာ တရားမျှတမှုဖြစ်သည်။ ယင်းအချက်ကို အရစ္စတိုတယ်ကပင်လျှင် “ညီမျှသူများကို ညီမျှစွာဆက်ဆံသင့်ပြီး မညီမျှသူများကို မညီမျှသည့်အတိုင်း ဆက်ဆံသင့်သည်” ဟူသော စကားဖြင့် ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ ဆက်ဆံရန် လိုအပ်ထိုက်တန်မှု မရှိသူများကို အသာစီးရရှိအောင် ပြုလုပ်ပေးသောကြောင့် ဦးစားပေးဝါဒ၊ ခရိုနီဝါဒနှင့် ဆွေမျိုးကောင်းစားရေးဝါဒအားလုံးသည် တရားမျှတရေးအတွက် ဆူးငြောင့်ခလုတ်များအဖြစ် ကျင့်ဝတ်ကို နှောင့်ယှက်ဖျက်ဆီးသည်။ အများပြည်သူနှင့်ဆိုင်သော လောကတွင် ယင်းဝါဒများက ကောင်းမှုသုစရိုက်များကို လျော့ပါးစေသည်။ တစ်စုံတစ်ဦးသည် အရည်အချင်းနှင့် အတွေ့အကြုံကြောင့်မဟုတ်ဘဲ ပတ်သက်ဆက်နွှယ်မှုကြောင့် ရာထူးတစ်ခုကို ရရှိပါက ထိုသူဦးစီးသော ဌာနကို ပြည်သူများက အထင်သေးကြမည်သာဖြစ်သည်။ ၎င်းအပြင် အဆိုပါ၀ါဒကို ကျင့်သုံးမှုများသည် အစိုးရနှင့်ဆိုင်သော အလုပ်အကိုင်ရာထူးများ ခန့်ထားခြင်းနှင့် ကန်ထရိုက်များချပေးခြင်း လုပ်ငန်းစဉ်များ၌ ပွင့်လင်းမြင်သာမှုကို လျော့ပါးသွားစေသည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့တစ်ခုနှင့် ပတ်သက်သော လုပ်ငန်းစဉ်များအတွင်း ဦးစားပေးဝါဒ၊ ခရိုနီဝါဒနှင့် ဆွေမျိုးကောင်းစားရေးဝါဒများ လွှမ်းမိုးနေပါက ယင်းအစိုးရအဖွဲ့ကို ပြည်ပနိုင်ငံများက အထင်သေး၊ နှာခေါင်းရှုံ့ကြမည်ဖြစ်သကဲ့သို့ နိုင်ငံတွင်းရှိ ပြည်သူများကလည်း အယုံအကြည်ရှိမည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (မတ် ၇  ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent