(၁)
ယနေ့ကမ္ဘာစီးပွားရေးနယ်ပယ်တွင် ဘဏ်လုပ်ငန်းများ၏အခန်းကဏ္ဍမှာ ယခင်ကထက် ပို၍နယ်ပယ်ကျယ်ပြန့်ကြီးလာသည်။ အီလက်ထရွန်နစ်ငွေကြေးများကို တီထွင်အသုံးပြုလာကြသဖြင့် ဘဏ်လုပ်ငန်းအခန်းကဏ္ဍလျော့နည်းကျဆင်းသွားနိုင်သည်ဟု ထင်မြင်ယူဆနေကြသော်လည်း ယခုအချိန်အထိ ဘဏ်လုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင်အရေးပါသောနေရာ၌ ရှိနေဆဲဖြစ်သည်။
စတော့အိတ်ချိန်းကဲ့သို့ အရင်းအနှီးဈေးကွက်ထွန်းကားမှု အားနည်းသောနိုင်ငံများတွင် ဘဏ်များသည်ပို၍အရေးပါကြသည်။ ငွေပိုငွေလျှံရှိသူများက ၎င်းတို့၏ ငွေကြေးများ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားရှိနိုင်ရေး၊ အတိုးနှုန်းဝင်ငွေရရှိရေးတို့အတွက် ဘဏ်များကို အားကိုးကြသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ကုန်ထုတ်လုပ်သူများက လိုအပ်သောငွေကြေးအရင်းအနှီးများအတွက် ဘဏ်များသို့ချဉ်းကပ်ကြရသည်။ ထို့ကြောင့် ငွေပိုလျှံရှိသူများ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများသည် ၎င်းတို့၏အကျိုးစီးပွားများအတွက်လည်းကောင်း၊ အခြားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုအများအတွက်လည်းကောင်း ဘဏ်များကို အားကိုးနေကြရသကဲ့သို့ နိုင်ငံ၏စီးပွားရေးယန္တရား လည်ပတ်စေရေးအတွက်လည်း ဘဏ်များသည် များစွာအထောက်အကူပြုနေဆဲဖြစ်သည်။
(၂)
ဘဏ်များသည် အပ်ငွေလက်ခံမှု၊ ချေးငွေထုတ်ပေးမှု၊ အရန်ငွေကြေးထားရှိမှု၊ အတိုးနှုန်း စသည်ဖြင့် ငွေကြေးဆိုင်ရာကိစ္စများကို ဗဟိုဘဏ်ကသတ်မှတ်ထားသော ပြဋ္ဌာန်းထားသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြေငြာချက်များနှင့်အညီ ဆောင်ရွက်ကြရသည်။ သတိထား၍လုပ်ဆောင်ရသည့်ကိစ္စတွင် ချေးငွေထုတ်ချေးခြင်း ပါဝင်သည်။ ဘဏ်၏ရပ်တည်မှုကို ထိခိုက်စေသည်မှာလည်း များသောအားဖြင့် ထုတ်ချေးလိုက်သောချေးငွေ ပြန်မရသည့်ကိစ္စဖြစ်သည်။
ဘဏ်များတွင် ချေးငွေပြန်မရသည်ကိစ္စမှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း ထုတ်ချေးထားသည့် ငွေပြန်လည်ပေးဆပ်မှုမရှိသည့် ပမာဏများပြားလာပါက အဆိုပါဘဏ်လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရေးမှာ မလွယ်ကူတော့ပေ။ ချေးငွေပြန်မရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များအဖြစ် ချေးငွေသစ်ထုတ်ချေးရန်ခက်ခဲလာခြင်း၊ ငွေအပ်နှံထားသူများ ပြန်လည်ထုတ်ယူလိုသည့်အခါ အကန့်အသတ်ရှိလာခြင်း၊ ထိုအခြေအနေများကြောင့် ဘဏ်၏ဂုဏ်သတင်းကျဆင်းကာ ငွေအပ်နှံထားသူများ၊ အစုရှယ်ယာရှင်၏ ယုံကြည်မှုလျော့ကျလာခြင်း စသည်ဖြင့် ဘဏ်ရပ်တည်နိုင်မှုကို ထိခိုက်စေသော အခြေအနေများ ဖြစ်လာသည်။
စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း ဘဏ်လုပ်ငန်းတစ်ခုပြိုလဲခဲ့ပါက ဗဟိုဘဏ်က ဝင်ရောက်ဖြေရှင်းပေးနိုင်သောအခြေအနေရှိသည့်တိုင်ငွေအပ်နှံသူများ၏ ငွေကြေးထိခိုက်ဆုံးရှုံးမှုများ မရှိခဲ့သည့်တိုင် ဘဏ်များနှင့်ပတ်သက်၍၊ ငွေကြေးစီးဆင်းမှုတို့နှင့်ပတ်သက်၍ စိုးရိမ်စိတ်ဖြစ်စေသော သတင်းများပြည်သူလူထုအတွင်း ပျံ့နှံ့သွားနိုင်သည်။ ပြန်လည်ပေးဆပ်ခြင်းမရှိသော ချေးငွေပမာဏများပြားသည့်ဘဏ်အရေအတွက်များပြားလာပါက ပြည်သူလူထု၏
ဘဏ်လုပ်ငန်းအပေါ် အယုံအကြည်ကင်းမဲ့သွားနိုင်ပြီး ဘဏ်လုပ်ငန်း အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ စီးပွားရေးအဆောက်အအုံအတွင်းငွေကြေးလည်ပတ်စီးဆင်းမှုအပေါ်လည်းကောင်း အနုတ်လက္ခဏာသက်ရောက်မှုများလည်းရှိလာနိုင်သည်။ နောက်ဆုံးတွင်ထုတ်လုပ်မှုကဏ္ဍများ၏အခြေအနေ အရပ်ရပ်ကိုပါ ထိခိုက်မှုဖြစ်လာစေသည်။
(၃)
ဘဏ်များကပြန်မရသည့် အလုပ်မဖြစ်သောချေးငွေများကို ဘဏ္ဍာရေးလောကတွင် Non-Performance Loan ဟု သိကြသည်။ အတိုကောက်အားဖြင့် အန်ပီအယ်လ် (NPL) ဟုခေါ်သည့် Non-Performance Loan များသည် ဘဏ်က သတ်မှတ်ထားသည့်အချိန်ကာလအတွင်း အတိုးရော အရင်းပါ ပြန်မရသည့် ချေးငွေများဖြစ်သည်။ ထိုကြောင့် NPL များသည် အလုပ်မဖြစ်၊ ဆုံးရှုံးနစ်နာမှုဖြစ်စေရုံသာမက နိုင်ငံ့စီးပွားရေးကို ဒုက္ခဖြစ်စေသော ပြည်တွင်းဘဏ်ချေးငွေများဟု ဆိုရပေမည်။
NPL နှင့်ပတ်သက်၍ မည်သို့သတ်မှတ်ထားသနည်း။ အဘယ်ကြောင့် NPL ဖြစ်သွားသနည်း။ အဘယ့်ကြောင့် ယူထားသောချေးငွေကိုပြန်မဆပ်နိုင်သနည်း စသည်ဖြင့် မေးခွန်းများရှိလာသည်။
NPL သတ်မှတ်ချက်နှင့်ပတ်သက်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပေ။ ချေးငွေယူထားသူများနှင့် ဘဏ်များအကြား သဘောတူသတ်မှတ်ထားသည့် ကာလအတွင်း ငွေရင်းနှင့်အတိုး ပြန်လည်ပေးဆပ်နိုင်စွမ်းမရှိသောအခါ NPL ဖြစ်သွားသည့်အခြေအနေတော့ တူသည်။ ရက်ပေါင်း ၃၀ အတွင်း ပြန်မဆပ်နိုင်သောသို့မဟုတ် သဘောတူသတ်မှတ်ထားသည့်ကာလ ကျော်လွန်ခဲ့သော ချေးငွေမျိုးကိုလည်း NPL ဖြစ်သည်ဟု ယေဘုယျဆိုကြသည်။ အချို့နိုင်ငံများတွင် NPL ကို substandard credit ၊doubtful credit နှင့် bad credit ဟူ၍ ခွဲခြားထားသည်လည်းရှိသည်။ NPL သည် ဘဏ်များ ရင်ဆိုင်ကြုံတွေ့လာရနိုင်သည့် အန္တရာယ်များထဲမှ တစ်ခုဖြစ်သဖြင့် ဘဏ်များသည် အထူးအလေးထားဂရုစိုက်ပြင်ဆင်ထားလေ့ရှိကြသည်။
(၄)
အဘယ့်ကြောင့် NPL ဖြစ်သွားရသနည်း။ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟူ၍သာ။ ပြန်လည်မပေးဆပ်နိုင်ခြင်း၏ နောက်ခံ အကြောင်းအရာများတွင် အမျိုးမျိုးသောအားနည်းခြင်းများဖြစ်သည့် အတွင်းမှ အကြောင်းတရားများ (internal factors)၊ ပြင်ပအကြောင်းတရားများ (external factors) ရှိနေသည်။ အတွင်းမှ အကြောင်းတရားများတွင် အဓိကအားဖြင့် ဘဏ်လုပ်ငန်းရှိ ချေးငွေထုတ်ချေးခြင်းကို တာဝန်ယူလုပ်ဆောင်သည့် ဘဏ်ဝန်ထမ်းများ၏ ကောင်းမွန်သောကိုယ်ကျင့်တရား၊ ကောင်းသောအကျင့်စာရိတ္တမရှိခြင်း၊ ဘဏ်၏ ချေးငွေဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းခြင်းတို့ကို တွေ့ရသည်။ ပြင်ပအကြောင်း တရားတွင် နိုင်ငံ့စီးပွားရေးအားနည်းနေခြင်း၊ ကျဆင်းခြင်းဖြစ်သည်။
NPL ဖြစ်စေသည့် ဘဏ်လုပ်ငန်းတွင်း အကြောင်းတရားကို သုတေသနပြုလုပ်၍ စူးစမ်းစရာမလိုပေ။ လူတိုင်းသိနိုင်သည့် အခြေအနေဖြစ်၏။ ငွေချေးငှားသူ၊ ချေးငွေထုတ်ပေးခွင့်ရှိသော ဘဏ်မန်နေဂျာ သို့မဟုတ် ဘဏ်မှတာဝန်ရှိသူ၊ ငွေချေးထုတ်ချေးရာတွင် ကွင်းဆင်း စစ်ဆေးရသည့် တာဝန်ရှိသူများအကျင့်စာရိတ္တအားနည်းမှု၊ ကျင့်ဝတ်သိက္ခာချို့တဲ့မှုတို့ကြောင့်လည်းကောင်း (ရာဖြတ် မှန်ကန်မှုမရှိခြင်း၊ လုပ်ငန်းအလားအလာ မှန်ကန်စွာသုံးသပ်မှုမရှိခြင်း
စသည်ဖြင့်) ဖြစ်နိုင်သည်။ ဘဏ်ချေးငွေ တာဝန်ရှိသူအဆင့်ဆင့်က အကျင့်စာရိတ္တကောင်းမွန်၍ အဂတိကင်းသည့်တိုင် ဘဏ်လုပ်ငန်းရှင် သို့မဟုတ် ဘဏ်အဖွဲ့အစည်းက ပုဂ္ဂိုလ်ရေးအရ ထုတ်ချေးစေခြင်း၊ ထုတ်ချေးသင့်သည့်ပမာဏထက် ပိုမိုထုတ်ချေးထားခြင်း၊ အဂတိဖြင့်လုပ်ကိုင်ဆောင်ရွက်ခြင်း စသည့် ဘဏ်ချေးငွေနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုစနစ်တကျမရှိခြင်း၊ အားနည်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။
ပြင်ပအကြောင်းတရားဖြစ်သည့် နိုင်ငံ့စီးပွားရေးကျဆင်းမှုတွင် တစ်နိုင်ငံလုံးရှိ ကဏ္ဍအသီးသီး အခြေအနေကောင်းမွန်မှုမရှိသောကြောင့် ဆက်စပ်ပတ်သက်နေသော နယ်ပယ်များမှ စီးပွားရေးလုပ်ငန်းအကြီးအသေးအားလုံး ထိခိုက်မှုများရှိလာသည်။ ထိုအခက်အခဲများကြားတွင် ဘဏ်မှငွေချေးယူ၍ လုပ်ကိုင် နေသော လုပ်ငန်းရှင်များသည် ချေးငွေအတွက်အတိုးနှင့် အရင်းပြန်လည်ပေးဆပ်ရေးအတွက် သတ်မှတ်ထားသည့်အချိန်တွင် မဖြစ်နိုင်တော့ပေ။ နိုင်ငံ့စီးပွားရေး နှေးကွေးကျဆင်းနေချိန်မျိုး၌ ဘဏ်များတွင် NPL အရေအတွက် များပြားလာတတ်သည်။ သို့သော် စီးပွားရေးကောင်းမွန်နေသော နိုင်ငံအချို့ရှိဘဏ်များတွင်လည်း စီမံခန့်ခွဲမှုညံ့ဖျင်းသောကြောင့် NPL များကို ရင်ဆိုင်နေကြသည်ဟု သုတေသီအချို့က ဆိုသည်။
(၅)
မည်သည့်အကြောင်းတရားကြောင့်ဖြစ်စေ NPL များသည် ထုတ်ချေးလိုက်သော ဘဏ်များကို အခက်အခဲများ အနည်းနှင့်အများဆိုသလို ဖြစ်စေသည်။NPL ပြဿနာဖြေရှင်းရန် ငွေနှင့် အချိန်ကုန်စရာဖြစ်လာသည်။ NPL နှင့် ပတ်သက်၍ အထူးဥပဒေများ မရှိသေးသည့်နိုင်ငံများတွင် ငွေပိုကုန်မည်၊ အချိန်ပိုကုန်သည်။ဆုံးရှုံးမှုကိုကာမိသည့် ငွေပမာဏ ပြန်လည်ရရှိရန် မသေချာမှုပိုများသည်။ အကယ်၍ စီးပွားရေးအဆောက်အအုံအတွင်း NPL များကို ရင်ဆိုင်နေရသော ဘဏ်အရေအတွက် များပြားလာသည့်အခါ ဘဏ်အကျပ်အတည်းဖြစ်လာနိုင်ပြီး နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှုနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများအထိ ကြီးကြီးမားမား ထိခိုက်မှုဖြစ်လာနိုင်သောကြောင့် တာဝန်ရှိသည့် အဖွဲ့အစည်းများက ထိထိရောက်ရောက်ဖြေရှင်းပေးရန် အကြောင်းရှိလာသည်။
(၆)
၂၀၂ဝပြည့်တွင် တစ်ကမ္ဘာလုံး၌ ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွား၏။ ထိုအချိန်ကတည်း တစ်ကမ္ဘာလုံးရှိ လုပ်ငန်းများ တုံ့နှေးခဲ့ပြီးနိုင်ငံအားလုံးစီးပွားရေးကျဆင်းသွားခဲ့သည်။ ယခုအချိန်အထိ ကိုဗစ်ရောဂါဖြစ်ပွားမှု အဆုံးမသတ်သေး။ နှစ်နှစ်နီးပါး နှေးကွေးလာသော စီးပွားရေးအခြေအနေအောက်တွင် NPL များပြားသည့် ဘဏ်အရေအတွက်တိုးလာနိုင်သည်။ အခြေအနေ ပို၍မဆိုးလာစေရန် နိုင်ငံအစိုးရအသီးသီးတို့က ၎င်းတို့၏ပြည်တွင်းအခြေအနေ ပေါ်မူတည်၍ ကိုယ်နည်း ကိုယ့်ဟန်ဖြင့် ဖြေရှင်းနေကြသည်။ ဗဟိုဘဏ်များအနေဖြင့် ချေးငွေပြန်ဆပ်ရန် ဆိုင်းငံ့ကာလများ လုပ်ပေးခြင်း၊ အတိုးနှုန်းလျှော့ချခြင်း၊ အခွန်လျှော့ချပေးခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်း၊ အင်ဖလေးရှင်းကို သတိပြုမိသော်လည်း အတိုင်းအတာတစ်ခုအထိ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးလျက် ထုတ်လုပ်မှုကဏ္ဍ ကျဆင်းမှု ကို ကျားကန်ပေးနိုင်ရေး ငွေစက္ကူသစ်များ ရိုက်ထုတ်ဖြေရှင်းခြင်းတို့လည်းပြုလုပ်သည်။
ပုံမှန်အခြေအနေမျိုးတွင် ဖြေရှင်းသည့်နည်လမ်းမျိုးဖြင့် ချဉ်းကပ်၍ရနိုင်မည်မဟုတ်။ တစ်ကမ္ဘာလုံးစီးပွားရေးထိခိုက်မှု ဖြစ်နေဆဲကာလတွင် NPL ပြဿနာကို ဘဏ်လုပ်ငန်း ရှုထောင့်တစ်ခုတည်းထက် တစ်နိုင်ငံလုံး၏ မက်ခရိုစီးပွားရေးခြေအနေ၊ ကမ္ဘာ့စီးပွားရေးအလားအလာများကို လေ့လာ၊ ချင့်ချိန်၍ နည်းလမ်းဟောင်းများမှဖောက်ထွက်စဉ်းစားအဖြေရှာရန်လိုအပ်လာသည်။
(၇)
စီးပွားရေးအခြေအနေ မျှော်လင့်ချက်နည်းပါး၍ ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှုလျော့ပါးနေသည့်အချိန်တွင် စီးပွားရေးအဆောက်အအုံအတွင်း ကြွေးမြီအန္တရာယ်မြင့်မားလာသည်။ ချေးငှားထားသူတို့ပြန်လည်ပေးဆပ်ရန် အခက်အခဲ၊ ဘဏ်တို့ချေးငွေ ဆုံးရှုံးမှုအန္တရာယ်၊ ဘဏ်များမှ ပြည်သူလူထုငွေထုတ်ယူမှု အခက်အခဲများ၊ ပြည်သူလူထု၏ ဘဏ်များအပေါ် ယုံကြည်မှုစသည့် အခြေအနေများစွာတို့ကို ထည့်သွင်းစဉ်းစား၍ ဖြေရှင်းရတော့မည်။
ဘဏ်များမှ ငွေထုတ်ယူများနှင့်ပတ်သက်၍ မရေရာမှုများရှိလာခြင်း၊ ငွေရေးကြေးရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော ကောလာဟလသတင်းများကိုတိကျခိုင်မာသော အချက်အလက်များဖြင့် မချေဖျက်နိုင်ခြင်းတို့သည် ပြည်သူလူထု၏ ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှု ထပ်မံလျော့ပါးလာစေသည်။ ငွေစက္ကူသစ်များ ထပ်မံထုတ်ဝေခြင်းသည် ငွေကြေးစီးဆင်းမှု လွယ်ကူချောမွေ့စေရန် အထောက်အကူဖြစ်စေသော်လည်း ခေတ္တခဏသက်သာမှုဖြစ်သည်ကိုလည်း
သတိထားသင့်သည်။ အဆက်မပြတ် ထုတ်ဝေမှုပြုလာပါက ပိုမိုဆိုးရွားသော အင်ဖလေးရှင်းက မဝေးသောအနာဂတ်တွင်ရောက်လာပေလိမ့်မည်။ နိုင်ငံထုတ်လုပ်မှု အကျဘက်တွင်ရှိနေချိန်၊ စီးပွားရေးအဆောက်အအုံအတွင်း လည်ပတ်နေသည့် ငွေကြေးပမာဏသည် အမှန်တကယ်နည်းပါးနေသည်မဟုတ်။ ဘဏ်စနစ်အပေါ် ယုံကြည်မှုလျော့ပါးနေချိန်ဖြစ်၍ ပြည်သူလူထုက ကိုယ်ပိုင်ငွေများကို ဘဏ်စနစ်မှတစ်ဆင့် ထည့်သွင်းလည်ပတ်မှုလျော့ကျသွားခြင်း၊ လုပ်ငန်းများနှေးကွေးနေ၍ ငွေကြေးလည်ပတ်မှု အရှိန်နှေးနေခြင်းတို့ကြောင့်ဖြစ်သည်။
ကိုဗစ်ကပ်ရောဂါ၏ အကျိုးဆက်၊ ဒေသတွင်းမတည်ငြိမ်မှုများ၊ စစ်ပွဲများ၏ သက်ရောက်မှုများကြောင့် စီးပွားရေးလုပ်ငန်းများ နှေးကွေးနေချိန်နှင့် ဘဏ်လုပ်ငန်းကဏ္ဍ၌ NPL ပမာဏ ကြီးမားလာသည့်ပြဿနာကို ယခင်ကာလ စဉ်းစားပုံ၊ လုပ်ကိုင်ပုံများနှင့် အဖြေရဖွယ်မမြင်ပေ။
(၈)
ဆေးမြီးတိုနှင့်မရ။ အချိန်ယူ၍ကုသရမည့် အခြေအနေ။ တာဝေးခရီးသွားရခြင်းမျိုးနှင့်တူ၏။ စိတ်ဓာတ်သည်အခရာကျသည်။ စိတ်ဓာတ်တွင်ယုံကြည်မှုသည် အဓိကဖြစ်လာသည်။ စီးပွားရေးအဆောက်အအုံထဲရှိ ပြည်သူလူထု၏ ဘဏ်စနစ်အပေါ် သဘောထား၊ မျှော်လင့်ချက်၊ စိုးရိမ်သောက၊ အစိုးရ၏ ကပ်ရောဂါ ကာကွယ်တားဆီးမှု၊ ပြည်တွင်းစီးပွားရေးပေါ်လစီများ အကောင်အထည်ဖော်မှုနှင့် နိုင်ငံတကာစီးပွားရေးအခြေအနေအပေါ် အပေါင်းလက္ခဏာဆန်သော ယုံကြည်မှု ဖြစ်သည်။ နိုင်ငံရေးပြဿနာများရှိနေသည့် နိုင်ငံများအတွက်မူ ပို၍သတိပြုစရာရှိလာသည်။ နိုင်ငံတကာ စီးပွားရေး၊ ကုန်သွယ်ရေးအခက်အခဲများကြားတွင် ရပ်တည်နိုင်ရေး အားထုတ်မှုများနှင့်အတူ ကြုံတွေ့နေရသောန ိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ပြည်သူလူထု၏အပေါင်းလက္ခဏာဆောင်သော ယုံကြည် မှုရရှိပြီးမှသာ ဘဏ်လုပ်ငန်း၊ ငွေရေးကြေးရေးအခြေအနေနှင့် စီးပွားရေးအခြေအနေတို့အပေါ် အကျိုးဖြစ်ထွန်းစေသည့် ယုံကြည်မှုတည်ဆောက်နိုင်ပေလိမ့်မည်။
(၉)
ယုံကြည်မှုလျော့ပါးနေသည့် အခြေအနေတွင် စီးပွားရေးဒဏ်ရာများကို တိုက်ရိုက်ကုစားမိပါက အဆိုးကျော့သံသရာသာဆက်၍လည်နေပေလိမ့်မည်။အဘယ့်ကြောင့်ဆိုသော် ခေတ်ကာလသည် အိုင်တီနည်းပညာ အလွန်အမင်းထွန်းကား၍ သတင်းအချက်အလက်ပျံ့နှံ့မှု အရှိန်ကောင်းနေသည့် အချိန်ဖြစ်သည်။ဖော်လ်မယ်စီးပွားရေးပုံစံ (formal economy) ထက် တစ်ဦးတစ်ယောက်ချင်း၊ အလွတ်တန်း သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကျွမ်းကျင်မှုလုပ်ငန်းများ၊ တီထွင် ဖန်တီးမှုလုပ်ငန်းများကို အားပေးသည့် ဂစ်အီကိုနော်မီ (gig economy) ထွန်းကားခေတ်စားလာနေသည့် ၂၁ ရာစု အချိန်ကာလဖြစ်နေသောကြောင့်ဖြစ်သည်။
(၁၀)
NPL သည်အလုပ်မဖြစ်၊ ဘဏ်လုပ်ငန်းတစ်ခုချင်းကို ဒုက္ခပေးသောချေးငွေဖြစ်၏။ ကိုဗစ်ကပ်ရောဂါကြောင့် အင်အားပိုမိုကြီးထွားလာခဲ့သော၊ စီးပွားရေးအကျပ်အတည်းကြောင့် ပိုမိုဆိုးရွားလာခဲ့သော NPL သည် ဘဏ်လုပ်ငန်းစနစ်လည်ပတ်မှုကို ထိခိုက်ခဲ့၏။ ဘဏ်များတွင် ငွေအပ်နှံသိမ်းဆည်းထားသူများကို စိတ်သောကဖြစ်စေ၏။ ဘဏ်များ၏ ဖောက်သည်များဟုဆိုရမည့် ပြည်သူအများ၏ ဈေးကွက်အပေါ် ယုံကြည်မှုကျဆင်းစေလျက် စိုးရိမ်ထိတ်လန့်မှုတိုးစေ၏။ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးခါစ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအင်အားကို များစွာယုတ်လျော့စေ၏။ ထို့ကြောင့် NPL အမှိုက်စလေးသည် နိုင်ငံ့စီးပွားရေးပြာသာဒ်ကြီးတစ်ခုလုံးကို မီးစွဲလောင်နိုင်သည်အထိ အဖျက်အင်အားကြီးသွားနိုင်သည်မှာ သတိပြုစရာဖြစ်ပေသည်။
Ref: Quarterly Report on the Euro Area










