၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူများစာရင်း၌ ဘောလိဝုဒ်မင်းသမီး ဒီပီကာ ပဒူကုန်းပါဝင်

၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူများစာရင်း၌ ဘောလိဝုဒ်မင်းသမီး ဒီပီကာ ပဒူကုန်းပါဝင်
Photo - AFP
Photo - AFP
Published 3 March 2023

ဘောလိဝုဒ်မင်းသမီး ဒီပီကာပဒူကုန်းက ၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူများစာရင်း၌ ပါဝင်လာခဲ့သည်ဟု သိရသည်။

ဒီပီကာက အော်စကာဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူများအမည်ကို ထုတ်ပြန်ထားသည့် ပိုစ့်တစ်ခုအား Instagram တွင် မျှဝေခဲ့သည်။

ယင်းစာရင်း၌ ၎င်းနှင့်အတူ ဒွိန်းဂျွန်ဆင်၊ မိုက်ကယ်ဘီဂျော်ဒန်၊ ရစ်ဇ်အာမက်၊ အီမလီဘလန့်၊ ဂလန်းကလိုစ့်၊ ထရိုင်ကော့ဆာ၊ ဂျနီဖာကွန်နယ်လီ၊ ဆန်မြူရယ်အယ်လ် ဂျက်ဆန်၊ မယ်လစ်ဆာမက်ကာသီ၊ ဂျိုးဆယ်ဒါနာ၊ ဒွန်နီယန်း၊ ဂျိုနသန်မေဂျာစ်၊ ဂျနဲလ်မိုနေး၊ အရီရာနာဒီဘို့စ်နှင့် ကွက်စ်လက်ဗ်တို့ ပါဝင်သည်။

ဒီပီကာ မျှဝေထားသောပိုစ့်၌ ၎င်းခင်ပွန်းဖြစ်သူ ရန်ဗီယာဆင်းက နတ်သမီးမျက်နှာပုံစံနှင့် လက်ခုပ်တီးနေသည့် emojis များကို မှတ်ချက်ပေးခဲ့သည်။ နီဟာဒူပီယာကလည်း “ဒီပူးကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး” ဟူ၍ မှတ်ချက်ပေးခဲ့သည်။

ပရိသတ်များကလည်း ဒီပီကာအား ချစ်ခြင်းမေတ္တာများနှင့် ချီးကျူးဂုဏ်ပြုမှုများကို မျှဝေဖော်ပြခဲ့ကြသည်။ ပရိသတ်တစ်ဦးကမူ “ဒီပီကာပဒူကုန်းလို ဘယ်သူမှ မလုပ်နိုင်ပါဘူး။ ကောင်းမွန်တဲ့ အရွေ့တစ်ခုပါ။ ပထမတော့ ပရီယန်ကာ အခု ဒီပီကာ။ အိန္ဒိယမင်း သမီးတွေရဲ့ အောင်မြင်မှု”ဟူ၍ မှတ်ချက်ပြုခဲ့သည်။

နောက်ထပ်ပရိသတ်တစ်ဦးက “ဘုရင်မအတွက် လမ်းဖယ်ပေးကြပါ။ သူဟာ ဘက်ပေါင်းစုံမှာ အောင်မြင်တဲ့ သူတစ်ဦးပါ။ သူ့ကို ဘယ်ဟာကမှ မရပ်တန့်နိုင်ပါဘူး ဒါမှမဟုတ် အရှိန်မလျှော့ချနိုင်ပါဘူး”ဟု ရေးသားကာ ချီးကျူးပြောကြားခဲ့သည်။

၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို လော့စ်အိန်ဂျလိစ့်မြို့ရှိ Dolly ကဇာတ်ရုံတွင် မတ် ၁၂ ရက်၌ ကျင်းပသွားမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲတွင် အထင်ကရ အိန္ဒိယရုပ်ရှင်သုံးကားသည် ဆန်ခါတင် စာရင်းဝင်ထားသည့်အတွက် ယခုနှစ်သည် အိန္ဒိယအတွက် အထူးနှစ်တစ်နှစ်လည်း ဖြစ်သည်။

RRR ရုပ်ရှင်သီချင်း Naatu Naatu သည် အကောင်းဆုံးမူလတေးသီချင်းဆု ဆန်ခါတင်စာရင်းဝင်ထားပြီး All That Breathes ရုပ်ရှင်က အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဆန်ခါတင်စာရင်းဝင်ထားကာ The Elephant Whisperers က အကောင်းဆုံးမှတ်တမ်း ဇာတ်လမ်းတို ဆန်ခါတင်စာရင်းဝင်ခဲ့သည်။

Most Read

Most Recent