မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့ကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ရန်အတွက် ဂျာမနီနိုင်ငံသားနည်းပြဖြစ်သူ ဖိုက်အွန်ရှ်ဘိုင်နာနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့အကြား သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း MFF က Eleven Sports သို့ အတည် ပြုခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဂျာမနီနိုင်ငံသားနည်းပြ ဖိုက်ရှ်အွန်ဘိုင်နာတို့သည် အပြီးသတ်ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက လာမည့်ရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယင်းသတင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က မတ် (၁)ရက်အထိ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း နိုင်ငံတကာသတင်းများ၏ ဖော်ပြမှုအရ စာချုပ်သက်တမ်းကာလမှာ (၂)နှစ်ဖြစ်ကြောင်း သိရသည်။
နည်းပြ ဖိုက်ရှ်အွန်ဘိုင်နာက "မြန်မာအသင်းနဲ့ ကျွန်တော် ချိတ်ဆက်ပြီးပါပြီ။ လက်ရွေးစင်အသင်းတစ်သင်းကို နည်းပြအဖြစ် ကိုင်တွယ်လိုတဲ့ အိပ်မက်က ကျွန်တော့်ဆီမှာ ဟိုအရင်အချိန်ကတည်းက ရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ ကျွန်တော့်အပေါ် ယုံကြည်မှုထားရှိပေးတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ပါတယ်။ မြန်မာကစားသမားတစ်ဦးဖြစ်တဲ့ ဟိန်းထက်အောင်က လက်ရှိမှာ မလေးရှားစူပါလိဂ်က ဆီလန်ဂေါအသင်းမှာ ကစားနေပါတယ်။ မြန်မာ့ဘောလုံးက အတိတ်မှာ အောင်မြင်မှုတွေနဲ့ ကြီးကျယ်ခမ်းနားခဲ့တယ်ဆိုတာကို ကျွန်တော် သိထားပါတယ်။ စာချုပ်အတွက် ဒီရက်သတ္တပတ်ကို ကျွန်တော် မစောင့်ချင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာအသင်းရဲ့ လက်ရှိ ရှိပြီးသားအခြေအနေကနေ ပိုပြီးတိုးတက်အောင်လုပ်ဆောင်ဖို့ အခွင့်အရေးကောင်းတွေ ကျွန်တော်တို့ဆီမှာ ရှိနေလို့ပါ" ဟု ဂျာမနီအခြေစိုက်ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက် Transfermarkt သို့ ပြောကြားခဲ့သည်။
ဖိုက်ရှ်အွန်ဘိုင်နာသည် မြန်မာ့လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ ဟိန်းထက်အောင် ကစားနေသည့် မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါအသင်းကြီးနှင့် ဆီလန်ဂေါလူငယ်အသင်းများကို ၂၀၂၀ ခုနှစ် ကတည်းက နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်သည်။
ဖိုက်ရှ်အွန်ဘိုင်နာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်တွင် မလေးရှားစူပါလိဂ်ပြိုင်ပွဲဝင် ဆီလန်ဂေါအသင်းနည်းပြ ရာထူးမှ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာ ရာထူးသို့ ပြောင်းရွှေ့ခံခဲ့ရပြီး ရာသီအကုန်တွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
ဖိုက်ရှ်အွန်ဘိုင်နာသည် သူ၏နည်းပြသက်တမ်းတစ်လျှောက်တွင် ကလပ်အသင်းများကိုသာ အများဆုံးကိုင်တွယ်ခဲ့ပြီး လက်ရွေးစင်အသင်းအဖြစ် ဂျာမနီ ယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇ လူငယ်အသင်းများကိုသာ ကိုင်တွယ်ခဲ့ဖူးကြောင်း သိရသည်။ ယခင် မြန်မာ့လက်ရွေးစင် အသင်းနည်းပြ ချုပ်ဖြစ်သူ အန်တွမ်နီဟေးမှာလည်း ဂျာမနီနိုင်ငံသားပင်ဖြစ်ကြောင်း သိရသည်။















