လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မည်

လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မည်
Published 28 February 2023

လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်က စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်သင့်သည်များကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိအောင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့ပြင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ထာဝရငြိမ်းချမ်းစေရေးဆောင်ရွက်နိုင်မှသာလျှင် ဒေသခံနောင်လာနောက်သားများကို ကောင်းမွန်သည့်အနာဂတ်ဘဝများ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိမိတို့အနေဖြင့် နိုင်ငံရေးရည်မှန်းချက်များ၊ စီးပွားရေးရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး အဆိုပါရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက်လည်း ရခိုင်ပြည်နယ်တွင် လာရောက်တာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားလုံး တက်ညီလက်ညီဖြင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent