မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ၎င်းကို အားပေးသည့် မန်ယူအသင်းပရိသတ်များအတွက် အစွမ်းကုန်ပေးဆပ်သွားမည်ဟု ကတိပေးပြောကြားခဲ့သည်။ လိဂ်ဖလား ဗိုလ်လုပွဲအတွက် ပြုလုပ်သည့် အစီအစဉ်တွင် ဘရူနိုဖာနန်ဒက်စ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အသက် (၂၈) နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၀ ဇန်နဝါရီတွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ယူကို စရောက်ကတည်းက အသင်းပရိသတ်များက ၎င်းကို အားပေးခဲ့ကြကြောင်းလည်း ပြောကြားခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်က "ပရိသတ်တွေနဲ့ ဆက်သွယ်ရတာ အရမ်းကို ကောင်းပါတယ်။ ကျွန်တော် မန်ယူအသင်းကို ရောက်ပြီး (၂) ရက်အကြာမှာပဲ ပရိသတ်တွေက ကျွန်တော့်နာမည်ကို သီချင်းလုပ်ဆိုကြတာကို ကျွန်တော် ကြားခဲ့ရတယ်။ ဒါက ကျွန်တော့်အနေနဲ့ နေရာမှန်ကို ရောက်လာတာလို့ ခံစားရစေပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို ကျွန်တော့်အနေနဲ့ အမြဲတမ်းခံစားမိတယ်။ အသင်းရလဒ်တွေ ဆိုးရွားနေချိန်၊ ကျွန်တော် ခြေစွမ်းမပြနိုင်ချိန်မှာတောင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တယ်။ သူတို့ ဒီလိုပဲ ဆက်အားပေးဦးမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ အဲဒီအတွက် ကျွန်တော့်အနေနဲ့ ပြန်လည်ပေးဆပ်သွားမှာပါ" ဟု ပြောကြားခဲ့သည်။