လီဗာပူးလ်အသင်းကို ရောင်းထုတ်မည်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံလိုသူများနှင့် ဆွေးနွေးခြင်းသာဖြစ်ကြောင်း ဂျွန်ဟင်နရီ ပြောကြားမှုအပေါ် အသင်း၏တန်ကြေးကို သိရှိလိုခြင်းကြောင့်ဟု သုံးသပ်မှုများရှိနေ

လီဗာပူးလ်အသင်းကို ရောင်းထုတ်မည်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံလိုသူများနှင့် ဆွေးနွေးခြင်းသာဖြစ်ကြောင်း ဂျွန်ဟင်နရီ ပြောကြားမှုအပေါ် အသင်း၏တန်ကြေးကို သိရှိလိုခြင်းကြောင့်ဟု သုံးသပ်မှုများရှိနေ
Photo: Getty Images
Photo: Getty Images
Published 22 February 2023

 

လီဗာပူးလ်အသင်းကို ရောင်းထုတ်မည်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံလိုသူများနှင့် ဆွေးနွေးခြင်းသာဖြစ်ကြောင်း အသင်းပိုင်ရှင်ဖြစ်သည့် ဂျွန်ဟင်နရီ ပြောကြားမှုအပေါ် ရှယ်ယာအနည်းငယ်ရောင်းချပြီး အသင်း၏တန်ကြေးအမှန်ကို သိရှိလိုခြင်းကြောင့်ဟု သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။

လီဗာပူးလ်အသင်းကို ပိုင်ဆိုင်ထားသော Fenway Sports Group (FSG) ၏ ပိုင်ရှင်ဖြစ်သူ ဂျွန်ဟင်နရီက မိမိတို့အနေဖြင့် လီဗာပူးလ်အသင်းကို ရောင်းထုတ်သွားမည်မဟုတ်ကြောင်း Boston Sports Journal နှင့် Email ဖြင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် အတည်ပြုပြောကြားခဲ့သည်။ FSG သည်  မန်ယူအသင်းနည်းတူ လီဗာပူးလ်အသင်းကို ရောင်းထုတ်ရန် စီစဉ်နေပြီး သုံးလကြာ အရောင်းစာရင်းတင်ထားသော်လည်း ဝယ်ယူလိုသည့် ကမ်းလှမ်းမှုမရှိခဲ့ ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သတင်းထွက်ခဲ့ဖူးသည်။ 

ယခုအခါ ဂျွန်ဟင်နရီက အသင်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများနှင့် ဆွေးနွေးခြင်းသာရှိပြီး ရောင်းထုတ်ရန်အစီအစဉ်မရှိကြောင်း ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ FSG သည် လီဗာပူးလ်အသင်းကို ၂၀၁၀ ခုနှစ်တွင် ပေါင် သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် ပိုမိုအင်အားကြီးမားသည့်အသင်းအဖြစ် တည်ဆောက်ကာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၎င်းတို့လက်ထက်တွင် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်း၌ ကစားသမားသစ် ခေါ်ယူမှုအတွက် ငွေကြေးသုံးစွဲမှု နည်းပါးခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

ယခုရာသီတွင် ရလဒ်များလည်း ကျဆင်းခဲ့သည့်အတွက် ဝေဖန်မှုများ ပိုမိုမြင့်တက်လာချိန်၌ အသင်းအား ရောင်းချမည့်သတင်း ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။ လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီသည် ရှယ်ယာအနည်းငယ်ရောင်းချခြင်းသည် အသင်းတန်ကြေးအမှန်ကို သိရှိလိုခြင်းကြောင့် မျှားခေါ်နေခြင်းသာဖြစ်သည်ဟု Daily Mail က ရေးသားခဲ့သည်။ ကလပ်ရှယ်ယာအနည်းငယ်ရောင်းချပြီး ယင်းသို့ပြုလုပ်မှုမှာ ရိုးရှင်းသောနည်းလမ်းဖြစ်သည့်အပြင် ၂၀၁၉ ခုနှစ်ကလည်း ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းက ယင်းသို့ ပြုလုပ်ခဲ့သည်။ 

မန်စီးတီးအသင်းသည် ငွေကြေးမလိုအပ်သော်လည်း အသင်းတန်ကြေးကို သိလိုသဖြင့် အမေရိကန်ကုမ္ပဏီ Sliver Lake ထံ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပေါင် ၄၁၅ သန်းဖြင့် ရောင်းချခဲ့သည်။ မန်စီးတီးအသင်းအမှုဆောင်များသည် အသင်းအား ၂၀၀၈ ခုနှစ်က ပေါင် သန်း ၂၁၀ ဖြင့် ဝယ်ယူပြီး ၁၀ နှစ်အကြာတွင် အသင်းတန်ကြေးကို သိလိုသဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent