ဆောက်လုပ်ရေးလောကအတွင်း အကျပ်အတည်းအဖြစ်ဆုံးအချိန်ဖြစ်ပြီး ယင်းအကျပ်အတည်းမှ အခွင့်အလမ်းများ ရနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ပြောကြား

ဆောက်လုပ်ရေးလောကအတွင်း အကျပ်အတည်းအဖြစ်ဆုံးအချိန်ဖြစ်ပြီး ယင်းအကျပ်အတည်းမှ အခွင့်အလမ်းများ ရနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ပြောကြား
Published 21 February 2023

ဆောက်လုပ်ရေးလောကအတွင်း အကျပ်အတည်းအဖြစ်ဆုံးအချိန်ဖြစ်ပြီး ယင်းအကျပ်အတည်းမှ အခွင့်အလမ်းများရနိုင်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်၏ စတုတ္ထအကြိမ် သင်းလုံးကျွတ်နှစ်ပတ်လည် အထွေထွေအစည်းအဝေးနှင့် ဗဟိုအမှုဆောင်ကော်မတီရွေးချယ် တင်မြှောက်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန၊ ဝန်ကြီး (MLCA) အသင်းချုပ်မှ အသင်းသားနှင့်ယခင်ဥက္ကဋ္ဌ ဦးဇော်ဝင်းက အမှာစကားပြောကြားခဲ့ပြီး UMFCCI ဒုတိယဥက္ကဋ္ဌဒေါက်တာမျိုးသက်က “အသင်းအဖွဲ့တွေက အတ္တနဲ့ပရမျှတရမယ်၊ စီမံခန့်ခွဲရေးကော်မတီတွေက ကြိုးကြိုးစားစားလုပ်ရမယ်၊ အခုရွေးချယ်တင်မြှောက်ပွဲမှာ အမှုဆောင်အသစ်တွေရော အဟောင်းတွေရော ပါလာမယ်၊ အနည်းဆုံးတော့အမှုဆောင်ဖြစ်ရင် အမှုဆောင် အစည်းအဝေးတော့တက်ရမယ်၊ ကိုယ်တိုင်ပါဝင်ပြီး အသင်းတိုးတက်အောင်လုပ်ရမယ်၊ အသင်းသူ အသင်းသားများကိုစည်းရုံးပြီး ဆောက်လုပ်ရေးကဏ္ဍ တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားကြပါ၊ လိုအပ်တာများကိုလည်း အသင်းချုပ်က တတ်နိုင်သမျှ ပံ့ပိုးပေးသွားပါမယ်၊ အသင်းချုပ်ကလည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အစီအစဉ်များ  ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်က “အဆောက်အဦးများ ရေရှည်တည်တံခိုင်မြဲရေးက ကန်ထရိုက်တာ များတည်ဆောက်မှုအပေါ် အများကြီးမူတည်ပါတယ်၊ လိုင်စင်ရကန်ထရိုက်တာများ အသင်းအနေနဲ့ ရှေ့ဆက်ပြီး တက်လှမ်းဖို့က လိုအပ်ပါတယ်၊ အာဆီယံကန်ထရိုက်တာများအသင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတကာ အဝန်းအဝိုင်းထဲဝင်လာမှာပါ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးရှိန်ဝင်းက “ဆောက်လုပ်ရေးလောကမှာ အကျပ်အတည်းအဖြစ်ဆုံးအချိန်ပါ၊ စိတ်ဓာတ်မကျပါနဲ့၊ အကျပ်အတည်းကနေ အခွင့်အလမ်းတွေ ရနိုင်တယ်၊ ဆောက်လုပ်ရေးလောကသားတွေ အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်သွားပါမယ်၊ ရှေ့ဆက်၍အသင်းကြီး တိုးတက်အောင်၊ ဆောက်လုပ်ရေးကဏ္ဍကြီးအောင် မြင်အောင်ဆောင်ရွက်ပေးကြပါ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်ဦးကျော်ဝင်းက သုံးနှစ်တာကာလအတွင်း အခက်အခဲအကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) က ကန်ထရိုက်တာများ၏အခက်အခဲများကို ဖြေရှင်းရန် ၂၀၁၆ ခုနှစ်တွင် ကန်ထရိုက်တာ ၁၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ လက်ရှိတွင် အသင်းဝင် ၇၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလောက တိုးတက်အောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent