အာဆင်နယ်အသင်းအနေဖြင့် လိုချင်သည့်အရာမှန်သမျှ ရယူနိုင်စွမ်းရှိသည်ဟု ဇင်ချန်ကို ကြုံးဝါးခဲ့ပြီး အလန်ရှီးယားကလည်း အာဆင်နယ်အသင်းကို ချီးကျူး

အာဆင်နယ်အသင်းအနေဖြင့် လိုချင်သည့်အရာမှန်သမျှ ရယူနိုင်စွမ်းရှိသည်ဟု ဇင်ချန်ကို ကြုံးဝါးခဲ့ပြီး အလန်ရှီးယားကလည်း အာဆင်နယ်အသင်းကို ချီးကျူး
Photo : Getty Images
Photo : Getty Images
Published 20 February 2023

အက်စတွန်ဗီလာနှင့်ပွဲတွင် အာဆင်နယ်အသင်းအတွက် ဒုတိယချေပဂိုး သွင်းယူပေးခဲ့သည့် ယူကရိန်း နောက်ခံလူ ဇင်ချန်ကိုက မိမိတို့အသင်းအနေဖြင့် လိုချင်သည့်အရာမှန်သမျှ ရယူနိုင်စွမ်းရှိသည်ဟု ပွဲအပြီးတွင် ကြုံးဝါးပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် အဆိုပါပွဲ၌ ပြိုင်ပွဲစုံ(၄)ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေခြင်းကို အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သလို၊ ပရီးမီးယားလိဂ်၌ ဖေဖော်ဝါရီလအတွင်း ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ယင်းပွဲတွင် နှစ်ကြိမ်တိုင်တိုင် နောက်မှလိုက်ကစားခဲ့ရသလို၊ ပွဲပြီးခါနီး နာကျင်အချိန်ပိုသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သောကြောင့် အသင်း၏ စိတ်ဓာတ်ပိုင်းအပေါ် ချီးကျူးမှုများလည်း ရှိခဲ့သည်။

ဇင်ချန်ကိုက ပွဲအပြီး BT Sport နှင့်တွေ့ဆုံရာတွင် "ဒီပွဲမှာ ကျွန်တော် ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုက ကျွန်တော်တို့ မယုံနိုင်စရာသင်ခန်းစာတစ်ခု ရရှိခဲ့တာပါ။ အဲဒါကတော့ ကျွန်တော်တို့အားလုံး နောက်ဆုံးအချိန်အထိ ယုံကြည်မှုရှိဖို့ လိုအပ်တယ်ဆိုတာပါပဲ။ အရင်ကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ယုံကြည်မှုအပြည့်နဲ့ တိုက်ပွဲဝင်သွားမယ်ဆိုရင် လိုချင်တဲ့အရာမှန်သမျှကို ရယူနိုင်စွမ်းရှိတဲ့ အံ့အားသင့်စရာလူတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ တစ်ခုဖြစ်နေတယ်ဆိုတာပါ။ ဒါကြောင့်လည်း ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ပုံစံနဲ့ ရှေ့ဆက်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ အဝတ်လဲခန်းထဲကို တတ်နိုင်သမျှအမြန်ဆုံး သွားရောက်ချင်ပါတယ်။ ဒါပေမဲ့ ကစားဖို့ ပွဲတွေအများကြီး ကျန်ရှိနေသေးပြီး ကျွန်တော်တို့ အရာအားလုံးကို လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ယုံကြည်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ပဲ လိုပါတယ်" ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ဘောလုံးသုံးသပ်သူအဖြစ်ဆောင်ရွက်နေသော ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားကလည်း အာဆင်နယ်အသင်းအနေဖြင့် အဖိုးတန်အမှတ်(၃)မှတ်ကို ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်ပြီး လက်ကျန်ပွဲစဉ်များ၌ အဓိကကစားသမားများအား မဆုံးရှုံးရလျှင် ချန်ပီယံဆုရယူနိုင်ခြေရှိကြောင်း ချီးကျူးပြောကြားခဲ့သည်။

စနေနေ့ပွဲစဉ်များတွင် အာဆင်နယ်အသင်းက အက်စတွန်ဗီလာကို အနိုင်ရရှိပြီး ဒုတိယနေရာမှ မန်စီးတီးအသင်းက နော်တင်ဟမ်ဖောရက်စ်နှင့် သရေကျခဲ့သည့်အတွက် အာဆင်နယ်အသင်းက တစ်ပွဲလျော့(၂)မှတ်အသာဖြင့် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် BBC ၏ Match of the Day အစီအစဉ်တွင် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ "လက်ရှိအချိန်မှာ သောမတ်စ်ပါတေး ဒဏ်ရာကြောင့် မပါနိုင်ဘူးလို့ ကျွန်တော် သိထားပါတယ်။ အာဆင်နယ်အသင်းမှာ သူ ပြန်ကစားနိုင်ရင်၊ ပြီးတော့ လက်ရှိအချိန်ကနေ ရာသီကုန်အထိ အဓိကကစားသမားတွေ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ပြီး ကံနည်းနည်းကောင်းခဲ့မယ်ဆိုရင် သူတို့ လုပ်ဆောင်နိုင်ပါလိမ့်မယ်" ဟု အလန်ရှီးယားက ပြောကြားခဲ့သည်။ ထို့ပြင် အာဆင်နယ်အသင်းသည် နိုင်ပွဲရယူနိုင်ခဲ့ရုံသာမက အနိုင်ရမည့်နည်းလမ်းကို ရှာတွေ့ခဲ့ပြီဟု ပြိုင်ဘက်မန်စီးတီးကို ပြသနိုင်ခဲ့ကြောင်းလည်း သုံးသပ်ခဲ့သည်။

မန်စီးတီးအသင်းသည် ယခုတစ်ပတ်ပွဲစဉ်တွင် အမှတ်လျော့ခဲ့သည့်အတွက် မြို့ခံပြိုင်ဘက် မန်ယူနှင့်လည်း အမှတ်ကွာဟချက် (၃)မှတ်သာရှိတော့သည်။

Most Read

Most Recent