ဖေဖော်ဝါရီလ ၁၆ ရက်(ယနေ့)တွင် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ် Knock-out အဆင့် ပထမအကျော့ပွဲစဉ်အတွက် ပြုလုပ်သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဘာစီလိုနာအသင်းနည်းပြ ဇာဗီက မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ဥရောပရှိ အန္တရာယ်အရှိဆုံးကစားသမားများထဲက တစ်ဦးဟု ချီးကျူးခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်လာပြီးကတည်းက အသင်းတွင် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၁၅ ပွဲကစားရာတွင် ၁၃ ဂိုးအထိ သွင်းယူထားသည်။ တန်ဟက်ဂ်၏အသင်းတွင် ခြိမ်းခြောက်နိုင်သည့်ကစားသမား အများအပြားရှိသည်ဟု ဇာဗီက သဘောတူလက်ခံခဲ့ပြီး ယင်းထဲတွင် ရပ်ရှ်ဖို့ဒ်မှာ ပိုထူးကဲသည့်ကစားသမားဖြစ်သည်ဟု ချီးကျူးခဲ့သည်။
"သူ(ရပ်ရှ်ဖို့ဒ်)ဟာ ဥရောပက အန္တရာယ်အရှိဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ ကျွန်တော် အပြည့်အဝသဘောတူပါတယ်။ သူက အရမ်းမြန်ပါတယ်။ တစ်ဦးချင်းတွေ့တဲ့ အနေအထားမှာ တကယ်ကောင်းတဲ့ Dribbler တစ်ယောက်ပါ။ ပြီးတော့ Transition တွေမှာ အန္တရာယ်ရှိသူလည်းဖြစ်ပါတယ်။ ကစားသမားတစ်ဦးတည်းကိုပဲ တွက်ဆထားတာမျိုး ကျွန်တော်တို့ မလုပ်ပါဘူး။ ဂါနာချို၊ ဆန်ချို၊ ဗက်ဟော့စ်တို့နဲ့အတူ သူတို့ ဘာတွေလုပ်သလဲ၊ Transition တွေမှာ ဘယ်လောက်လျင်မြန်သလဲဆိုတာကို ကျွန်တော်တို့ အကဲဖြတ်ပြီးသားပါ။ တန်ပြန်တိုက်စစ်ကလည်း လျင်မြန်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မြန်မြန်ဆန်ဆန် ဟန့်တားနိုင်တဲ့ ကစားသမားတွေ လိုအပ်ပါတယ်။ သူတို့အားလုံးကို ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်ကတော့ ဥရောပမှာ အန္တရာယ်အရှိဆုံးကစားသမားတွေထဲက တစ်ယောက်ပါ" ဟု ဇာဗီက ပြောကြားခဲ့သည်။
ထို့ပြင် မန်ယူနည်းပြ တန်ဟက်ဂ်နှင့်ပတ်သက်ပြီး ဇာဗီက "သူဟာ ထူးခြားတဲ့ နည်းပြတစ်ဦးပါ။ ယူနိုက်တက်အသင်းရဲ့ အခြေအနေတွေကို လုံးဝပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်ဖို့က လွယ်တော့မလွယ်ပါဘူး။ သူဟာ တိုက်စစ်အားသန်ကစားသမားတစ်ယောက်ပါ။ နည်းပြအားလုံးလည်း သူလိုနည်းလမ်းအတိုင်း လုပ်ဆောင်နေကြပါတယ်"ဟု သုံးသပ်ခဲ့သည်။
မန်ယူအသင်းနှင့် သတင်းထွက်နေသည့် ဖရန်ကီဒီယွန်းသည် အသင်းတွင် ပျော်ရွှင်နေသည်ဟု ဇာဗီက မှတ်ချက်ပြုခဲ့သည်။