ရုရှား၊ ယူကရိန်း၊ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းရေး မက်လုံးများ

ရုရှား၊ ယူကရိန်း၊ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းရေး မက်လုံးများ
၂၀၂၂ ခုနှစ်က လတ်ဗီးယားတွင် နေတိုးစစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း အမေရိကန်၏ M1 Abrams တင့်ကားများ တိုက်ပွဲဝင်နေပုံ  Photo: Reuters
၂၀၂၂ ခုနှစ်က လတ်ဗီးယားတွင် နေတိုးစစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း အမေရိကန်၏ M1 Abrams တင့်ကားများ တိုက်ပွဲဝင်နေပုံ Photo: Reuters
Published 10 February 2023
TRANSLATED - နရီမင်း

အဆင့်မြင့် M1 Abrams တိုက်ပွဲဝင် တင့်ကားများပို့ရန် အမေရိကန်၏ မကြာသေးမီက ကတိပြုခဲ့မှုသည် ပြင်းထန်သော ပြဿနာတစ်ရပ်အတွက် လျင်မြန်သော တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ ယင်းပြဿနာမှာ ယူကရိန်းကစစ်ပွဲတွင် ရှုံးနေခြင်း ဖြစ်သည်။ စစ်သားများသည် ညံ့ဖျင်းစွာ တိုက်ခိုက်နေကြခြင်း သို့မဟုတ် ၎င်းတို့၏ ပြည်သူများ စိတ်ဓာတ်ကျ ဆင်းသွားခြင်းကြောင့်ဟု ဆိုနိုင်သည်။ သို့သော် စစ်ပွဲသည် ပထမကမ္ဘာစစ်ပုံစံမျိုးဖြင့် ဂရုတစိုက်တူးထားသော ကတုတ်ကျင်းများ၊ အထိုက်အလျောက် တည်ငြိမ်သော စစ်မျက်နှာများဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်နေသည်။

ဤကဲ့သို့သောစစ်ပွဲများသည် အမှန်ပင် ပထမကမ္ဘာစစ်တွင် ဖြစ်ခဲ့သည့်အတိုင်း လူစာရင်းနှင့် စက်မှုအရင်းအမြစ်များအား အ ကြာဆုံး ထိန်းသိမ်းထားနိုင်သည့်ဘက်က အောင်နိုင်လေ့ရှိသည်။ ရုရှားနိုင်ငံသည် ယူကရိန်းလူဦးရေထက် သုံးဆကျော်ရှိပြီး အကောင်းအတိုင်းကျန်နေသည့် စီးပွားရေးနှင့် သာလွန်ကောင်းမွန်သော စစ်ရေးနည်းပညာ ရှိသည်။ တစ်ချိန်တည်းမှာပင် ရုရှားတွင် ၎င်း၏ ကိုယ်ပိုင်ပြဿနာများလည်း ရှိနေသည်။ မကြာသေးမီကအထိ စစ်သားရှားပါးမှုနှင့် ဒုံးကျည်တိုက်ခိုက်မှုများအတွက် ၎င်း၏ လက်နက်စုဆောင်းထားမှုများ၏ အားနည်းချက်တို့က အနောက်ဘက်သို့ ထိုး ဖောက်စစ်ချီရာတွင် တိုးတက်မှုကို နှေးကွေးစေခဲ့သည်။ နှစ်ဘက်စလုံးအတွက် စေ့စပ်ညှိ နှိုင်းရေးစားပွဲသို့ လာရန် မက်လုံးများ ရှိနေသည်။

ဘိုင်ဒင်အစိုးရအဖွဲ့တွင်မူ အခြားသောအစီအစဉ်များ ရှိနေသည်။ ယင်းမှာ တင့်ကားများ ပံ့ပိုးပေးခြင်းဖြင့် ယူကရိန်းစစ်ပွဲကို အနိုင်ရရန် အခွင့်အလမ်းကို တိုးတက်စေသည်ဟု လောင်းကြေးထပ်လိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ပထမကမ္ဘာစစ်၏ နေရာယူတိုက်ပွဲအနေအထားမှသည် ဒုတိယကမ္ဘာစစ်၏ လှုပ်ရှားတိုက်ပွဲများအဖြစ် သမိုင်းကို ရှေ့သို့ အမြန်ရွှေ့ပစ်ရန် စိတ်ကူးဖြစ်သည်။ ၎င်းသည် ဖြစ်နိုင်ခြေရှိသော နည်းဗျူဟာပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀ က ဟစ်တလာနှင့် စတာလင်တို့၏ တင့်ကားများသည် ယနေ့ တိုက်ခိုက်နေသော နယ်မြေနှင့် မဝေးသောနေရာတွင် စစ်ပွဲဆင်နွှဲခဲ့ကြသည်။

သို့သော် ဘိုင်ဒင်မဟာဗျူဟာတွင် နာမည်ဆိုးတစ်ခု ရှိသည်။ ယင်းမှာ အရှိန်မြင့်တက်လာခြင်း ဖြစ်သည်။ အမှတ်တစ်ခု ကျော်လွန်ပါက အမေရိကန်သည် စစ်အေးတိုက်ပွဲအတွင်း အာဖဂန်မူဂျာဟစ်ဒင်များကို လုပ်ဆောင်ပေးခဲ့သည့်အတိုင်း ယူကရိန်းများကို “ကူညီခြင်း” သို့မဟုတ် “အကြံဉာဏ်ပေး ခြင်း” သို့မဟုတ် “ထောက်ပံ့ခြင်း”တို့အား ဆက်လက်လုပ်ဆောင်ပေးမည် မဟုတ်တော့ပေ။ ယင်းက ယူကရိန်းကို ရုရှား၏ အဓိကစစ်မြေပြင်ရန်သူအဖြစ် အစားထိုးလိုက်ခြင်းဖြစ်သည်။ ယင်းအမှတ်သို့  “မည်သည့်အချိန် ရောက်မည်” သို့မဟုတ် “ရောက်နှင့်ခဲ့ပြီးပြီ” ဆိုသည်မှာ ပြောရခက်ပါ၏။ ရုရှားကမည်သူနှင့် စစ်ဖြစ်နေခြင်းဖြစ်သနည်း။ ယူကရိန်းလော၊ သို့တည်းမဟုတ် အမေရိကန်လော။ ရုရှားနှင့် ယူကရိန်းအကြား စစ်ပွဲကိုရုရှားက စတင်ခဲ့သည်ဟုဆိုလျှင် ရုရှားနှင့် အမေရိကန်အကြားစစ်ပွဲကို မည်သူက စတင်ခဲ့ခြင်းဖြစ်သနည်း။

ဤရုတ်တရက်ပေါ်လစီသည် မတော်တဆမှုတစ်ခုအသွင် ဆောင်နေသည်။ ဘိုင်ဒင်၏ အစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံသို့ Leopard 2 တင့်ကားများ ထောက်ပံ့ပေးရန် ဂျာမနီဝန်ကြီးချုပ် အိုလက်ရှိုးကို စည်းရုံးသိမ်းသွင်းရန် ရက်သတ္တပတ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည်။ ယင်းကိစ္စမှာ ခက်ခဲလှ၏။ ဆိုရှယ်ဒီမိုကရက်တစ်တစ်ဦးဖြစ်သူ မစ္စတာရှိုးသည် ၎င်းပါတီ၏ လူငယ်ဆိုရှယ်လစ်ဝါဒီအဖွဲ့ဝင်တစ်ဦးအဖြစ် ဥရောပလက်နက် ဖျက်သိမ်းရေးအတွက် မဲဆွယ်စည်းရုံးနေသည့် ၁၉၈၀ ပြည့်လွန်နှစ်များကို ပြန်မြင်ယောင်ကြည့်လျှင် မစ္စတာရှိုးအနေဖြင့် ဟစ်တလာပြီးနောက် ရုရှားစစ်မျက်နှာသို့ ဂျာမနီတင့်ကားများ စေလွှတ်သည့် ပထမဆုံး ဝန်ကြီးချုပ်အဖြစ် သူ့ကိုယ်သူ ပုံဖော်လိုမည် မဟုတ်ပါ။

အမေရိကန်က သူ၏အကောင်းဆုံး တင့်ကားများကို ပို့မပေးမချင်း မစ္စတာရှိုးက Leopard တင့်ကားများ ပို့ပေးရန် ငြင်းဆန်ခဲ့ သည်။ အမေရိကန်ပြည်ထောင်စုနှင့် တစ်သဘောတည်း ဖြစ်လိုသော သူ၏ဆန္ဒသည် ဂျာမနီ၏ မည်းမှောင်ခဲ့သော အတိတ်နှင့် တစ်စုံတစ်ရာ ပတ်သက်နေမည်မှာ သေချာသည်။ သို့သော် တစ်ပတ်ရိုက်ခံရမည်ကို စိုးရွံ့မှုများ ရှိနေသောကြောင့်လည်း ဖြစ်နိုင်သည်။ ဤရာစုနှစ်အတွင်း ဂျာမနီသည် ဆိုးယုတ်သော အာဏာရှင်တစ်ဦးထံမှ ကမ္ဘာကြီးကို ကာကွယ်ပေးရန် စစ်ပွဲထဲသို့ နှစ်ကြိမ်တိုင်တိုင် ဆွဲခေါ်ခံရမှုကို ငြင်းဆိုခဲ့သည်။ ဝန်ကြီးချုပ် ဂျာဟက်ရှရိုဒါသည် ၂၀၀၃ ခုနှစ်တွင် ဂျော့ ဒဗလျူဘုရှ်၏ အီရတ်ကျူးကျော်မှုအား ဆန့်ကျင်ရေးကို ဦးဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မစ္စတာ ရှရိုဒါကို ဆက်ခံသူ အင်ဂျလာမာကယ်သည် ဗိုလ်မှူးကြီး မူအမ်မာကဒါဖီကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းမှ ဟန့်တားရေး အတွက် လစ်ဗျားကိုကျူးကျော်ဝင်ရောက်ရန် လိုအပ်သည်ဟူသော အင်္ဂလိပ်- ပြင်သစ်- အမေရိကန် အမြင်မှ သဘောထားကွဲလွဲခဲ့သည်။ ဂျာမန်အမြင်သည် သာဓကနှစ်ခုစလုံးတွင် ပို၍ ဉာဏ်ပညာအမြော်အမြင်ရှိကြောင်း သက်သေပြပြီးဖြစ်သည်။

ဤခရူးဆိတ်စစ်ပွဲသည် ခြားနားသည်ဟု ဆိုနိုင်သကဲ့သို့ ထူးမခြားနားဟုလည်း ဆိုသော်ရနိုင်သည်။ နောက်ဆုံးတွင် မစ္စတာအိုလက်ရှိုးသည် တင့်ကားများ တောင်းခံမှုကို လက်ခံခဲ့ရသည်။ သို့သော် အမေရိကန်အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်တင့်ကားများပေးရန် ကတိပြုရမည်ဟု အခိုင်အမာဆိုလိုက်ခြင်း ဖြင့် ရှိုးကအနည်းဆုံးအနေဖြင့် မည်ကာမတ္တ မျှသော ခုခံမှုကို ပြသခဲ့သည်။

စမတ်ကိရိယာများ၊ စက်ရုပ်များနှင့် အဝေးထိန်းစနစ်များတို့၏ ခေတ်ကြီးထဲတွင်စစ်ပွဲ၌ အမေရိကန်၏ ပါဝင်ပတ်သက်မှုသည် အကောင်ထက် အရိပ်ကအမြဲတမ်း ပို၍ကြီးနေသည်။ ယူကရိန်းတို့ အမေရိကန်တို့ထံမှရရှိသော ကွန်ပျူတာဖြင့် ထိန်းချုပ်သော ဒုံးကျည်ပစ် အမြောက်များသည် ခေတ်ဟောင်းကာလများဆီက သူပုန်ထမှုကို ကျောထောက် နောက်ခံပြုပေးရန် အစိုးရတစ်ရပ်က ပေးပို့သော မြင်းများ၊ ရိုင်ဖယ်များနှင့် တူညီနေပုံရသည်။ ယင်းတို့သည် ခေတ်မီသော လက်နက်များဖြစ်သော်လည်း ဦးစွာကြည့်ပါက မိရိုးဖလာလက်နက်များကဲ့သို့ပင် ဖြစ်နေသည်။

သို့သော် အရေးကြီးသော ခြားနားချက်တစ်ရပ် ရှိနေသည်။ လက်နက်အသစ်များ၏ အဖျက်စွမ်းအားအများစုသည် စစ်သည်များနှင့် လွတ်လပ်စွာ ဆက်လက်လုပ်ဆောင်နေပြီး စစ်သည်များနှင့် အပြည့်အဝမျှဝေမည်မဟုတ်သည့် ဝန်ဆောင်မှုအစုအပေါင်းတစ်ရပ်ဖြစ်သော အမေရိကန်သတင်းကွန်ရက်တစ်ခုနှင့် ချိတ်ဆက်မှုမှလာသည်။ ထို့ကြောင့် ယခု အချိန်တွင် အမေရိကန်သည် ယင်းစစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများတွင် ပါဝင်နေရခြင်း ဖြစ်သည်။ ယင်းသည် တိုက်ပွဲဝင်နေခြင်းပင်ဖြစ်သည်။

ပြီးခဲ့သည့် နွေဦးရာသီတွင် ယူကရိန်းသည် ပင်လယ်နက် ဒုံးကျည်တပ် စစ်သင်္ဘောတစ်စင်းဖြစ်သည့် Moskva ကို နှစ်မြှုပ်ပစ်ရန် အမေရိကန်၏ပစ်မှတ်ထားသော အချက်အလက်ကို အသုံးပြုခဲ့ခြင်းဖြင့် ရုရှားရေတပ်အား တုန်လှုပ်စေခဲ့သည်။ စစ်ပွဲဖြစ်ပွားပြီးလအ တန်ကြာမှာပင် ရုရှားတို့အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဆဲလ်ဖုန်းများကို အသုံးပြုနေသည့် အရာရှိများ မကြာခဏ ဖောက်ခွဲတိုက်ခိုက်ခံရသည်ဆိုသည့် အချက်ကို ရင်ဆိုင်ခဲ့ရသည်။ လွန်ခဲ့သော နှစ်သစ်ကူးအကြိုကာလတွင် မာကိဗ်ကာမြို့ရှိ ရုရှားစစ်တပ်မှ တပ်သားသစ်များ ပြည့်နှက်နေသော အိပ်ဆောင်ကို ညသန်းခေါင်ယံအချိန်၌ ဒုံးကျည်များ ထိမှန်ခဲ့သည်။ လူငယ်တပ်သားများက ၎င်းတို့၏ သူငယ်ချင်းများနှင့် ချစ်ရသူများထံလာမည့် နှစ်သစ်တွင် ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးရန်အတွက် ဖုန်းခေါ်ခဲ့ကြပုံရသည်ဟု ယူဆရသည်။ ယင်းတိုက်ခိုက်မှုတွင် ရုရှားအာဏာပိုင်များ၏ အဆိုအရ ၈၉ ဦး သေဆုံးခဲ့ပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ၃၀၀ ကျော် သေဆုံးခဲ့သည်။ ရုရှားအာဏာပိုင်များအား “တမင်လိမ်ညာခြင်း” ဖြစ်သည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။

ထိုသို့သောဖြစ်ရပ်များအပြီးတွင် ရုရှားခေါင်းဆောင်များသည် ၎င်းတို့ ကြုံနေရသည့် ခုခံမှုကို ယူကရိန်းမှ လာသည်ဟု မထင်နိုင်ကြတော့ပေ။ ယူကရိန်း၏ ဟိုဟိုသည်သည် “တောင်းဆိုချက်များ”ကို တုံ့ပြန်ရုံမျှသာမကဘဲ အမေရိကန်ပြည်ထောင်စု၏ အခန်းကဏ္ဍသည် ပိုမိုတက်ကြွနေကြောင်း သိသာ၍ လာသည်။ ကိစ္စရပ်အများစုတွင် လက်နက်ကို ကိုယ်တိုင် ဒီဇိုင်းထုတ်ထားခြင်းဖြင့် အမေရိကန်ပြည်ထောင်စုသည်သာ ဒေသတွင်း စစ်မြေ ပြင်စိန်ခေါ်မှုများအတွက် မည်သည့်နည်း ပညာဖြေရှင်းချက်များက သင့်လျော်ကြောင်း ပိုမိုကောင်းမွန်စွာ သိရှိနိုင်မည်ဖြစ်သည်။

Abram တင့်ကားများသည် လေ့ကျင့်ရေးနှင့် ပြုပြင်ရေးတို့အတွက် အတွေ့အကြုံ ရှိသော နည်းပညာရှင်များ လိုအပ်သည်။ ဤနည်းပညာရှင်များကို အမေရိကန်မှနေ၍ စစ်မြေပြင်သို့ ခေါ်ဆောင်လာမည်လား။ ထို့နောက် ၁၉၆၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဗီယက်နမ်သို့ “အကြံပေးများ” စတင်ထည့်သွင်းခြင်းနှင့်ဆင်တူသော အခြေအနေတစ်ရပ် ရှိလာပါလိမ့်မည်။ “ဒါဟာ ရုရှားကို ထိုးနှက်တဲ့ ခြိမ်းခြောက်မှု မဟုတ်ပါဘူး”ဟု သမ္မတဘိုင်ဒင်က ပြီးခဲ့သည့်လတွင် Abram တင့်ကားများ ပေးပို့မှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ သူ့ထင်မြင်ချက်ကို သူပြောခွင့် ရှိသော်လည်း ရုရှားခေါင်းဆောင်များကား လက်ခံလိမ့်မည် မဟုတ်ပါ။

သမ္မတဘိုင်ဒင်၏ ကိုယ်ပိုင်အကြံပေးများသည် စစ်ပွဲကိုမည်မျှပြင်းထန်အောင် ဆင်နွှဲရမည်ဆိုသည်နှင့်ပတ်သက်၍ သဘော ထားကွဲလွဲနေကြသည်။ အချို့က ရုရှားကို ခရိုင်းမီးယားမှ တိုက်ထုတ်ရန်အထိပင် အဆိုပြုကြသည်။ ၎င်းသည် အောင်နိုင်မှု၊ သိမ်းယူမှုနှင့် မလိုလားသော လူဦးရေတစ်ရပ်ကို တပ်ချထိန်းချုပ်မှုဟူသည့် NATO အဖွဲ့အတွက် မစ်ရှင်အသစ်တစ်ရပ်ကို ကတိပြုခြင်းဖြစ်သည်။

ယူကရိန်းကို ရုရှားတို့ ကျူးကျော်ဝင်ရောက်ခြင်းသည် (အမေရိကန်၏ ထင်ရှားသော စစ်အေးခေတ်လွန် မြင့်တက်မှုနှင့် ၎င်း၏ များစွာမကြာသေးမီက နှိုင်းရသဘောအရ ကျဆင်းမှုကဲ့သို့သော) ရှုပ်ထွေးသည့် စစ်အေး ခေတ်လွန်သမိုင်းလမ်းကြောင်းများအစုံလိုက်နှင့် (ရုပ်ကြွင်းလောင်စာဆီစျေးနှုန်းများ နိမ့်တုံမြင့်တုံဖြစ်မှုများကဲ့သို့သော) စီးပွားရေးကမောက်ကမဖြစ်မှုတို့နှင့် သက်ဆိုင်နေသည်။ သို့သော် ယင်းသည် ရာစုနှစ်များတစ်လျှောက် အနည်းငယ်ပြောင်းလဲသွားသည့် ဇာတ်ကွက်အတွင်း ဆက်တိုက်ဖြစ်ပေါ်နေသော ပထဝီဝင်ဆိုင်ရာ မဟာဗျူဟာဇာတ် လမ်း၏နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဧရိယာအရ အကြီးဆုံးနိုင်ငံသည် ကမ္ဘာသို့ စိတ်ချယုံကြည်ရသော ထွက်ပေါက်ရှိမနေပေ။ စိတ်ချယုံကြည်ရဆုံး လမ်းကြောင်းသည် အာရှ၏ယဉ်ကျေးမှုများကို ဥရောပ၏ယဉ်ကျေးမှုများနှင့် ချိတ်ဆက်ပေးသည့် ကုန်သွယ်ရေးလမ်းကြောင်းများ ဖြတ်သန်းသွားသော ပင်လယ်နက်ကို ဖြတ်လျက် ရှိနေသည်။ ထိုနေရာ သို့မဟုတ် ထိုနေရာဝန်းကျင်၌ ရုရှားတပ်ဖွဲ့များသည် ၁၇ နှင့် ၁၈ ရာစုများတွင် တူရကီစူလ်တန်များစွာတို့၏တပ်များ၊ ၁၉ ရာစုတွင် ဗြိတိန်၏ လော့ဒ်ပါမာစတန်၏တပ်များ၊ ၂၀ ရာစုတွင် ဟစ်တလာ၏တပ်များနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်။

စတာလင်ဂရက်တိုက်ပွဲ၌ ဂျာမနီတို့အပေါ် ဆိုဗီယက်တို့၏ အောင်ပွဲ နှစ် ၈၀ ပြည့် နှစ်ပတ်လည်တွင် ပြီးခဲ့သည့် သီတင်းပတ်က မိန့်ခွန်းပြောရာ၌ ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိစစ်ပွဲကို အလားတူ ကြိုးပမ်းမှုအဖြစ် ဖော်ပြခဲ့သည်။ ယခုစစ်ပွဲသည် ရာစုနှစ်များစွာကြာအောင် ရုရှားနိုင်ငံ၏ ပြင်ပကမ္ဘာသို့ အဓိကဝင်ရောက်ခွင့်ဖြစ်ခဲ့သည့် အရာအား ပိတ်ပစ်ရန် အလုံအလောက်အားကောင်းသော ပင်လယ်နက်တွင် ရန်သူ၏စစ်ဘက်ဆိုင် အမာခံတပ်ကို တပ်စွဲစေခြင်းအား တားဆီးခြင်းဖြစ်သည်ဟု ရုရှားတို့က ပြောဆိုကြသည်။ ယူကရိန်းသာ မပါလျှင် ရုရှားကို လက်အောက်ခံနိုင်ငံအဖြစ်ပြောင်း လဲသွားစေနိုင်သည်ဟု ဆိုသည်။ NATO သည် ရုရှားကို ခွဲထုတ်ခြင်း၊ ပြိုကွဲစေခြင်း သို့မဟုတ် မျိုးသုဉ်းသွားစေခြင်းတို့ ဖြစ်ပေါ်စေရန် ရည်ရွယ်သည်ဆိုခြင်းမှာ မှန်ချင်မှန် သို့မဟုတ် မှားချင်မှားနိုင်သော်လည်း ယင်းမှာရုရှားတို့အတွက် ယုံကြည်ရသည်ဟူသော သဘောမျိုးမဆောင်ပါ။

အမေရိကန်အများအပြားက မစ္စတာပူတင်ကို လူရိုင်းတစ်ဦးအဖြစ်လည်းကောင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းအား “ရန်လိုသော စစ်ပွဲ”အဖြစ်လည်းကောင်း မပြောရမနေနိုင်ကြပေ။ ရုရှားနိုင်ငံသားများဘက်ကလည်း ဤစစ်ပွဲသည် ရုရှားတို့၏ အသက်ရှင်ရပ်တည်ရေးအတွက်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက မတရားရယူထားသည့် တရားမျှတမှုမရှိသော ကမ္ဘာလုံး ဆိုင်ရာ အခင်းအကျင်းကို ဆန့်ကျင်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဘက်အသီးသီးအနေဖြင့် ယခုစစ်ပွဲနှင့် ပတ်သက်၍ မည်သည့်စံတန်ဖိုးများကို သယ်ဆောင်လာသည်ဖြစ်စေ၊ ဤစစ်ပွဲသည် သဘောသဘာဝအရစံတန်ဖိုးများ၏ ပဋိပက္ခ မဟုတ်ကြောင်းမမေ့သင့်ပါ။ ၎င်းသည် အင်ပါယာများအကြား နယ်နိမိတ်တွင် ဖြစ်ပွားနေသည့် နယ်မြေနှင့် ပါ၀ါဆိုင်ရာ သမားရိုးကျစစ်ပွဲတစ်ခု ဖြစ်သည်။ ဤထိပ်တိုက်ရင်ဆိုင်မှုတွင် မစ္စတာပူတင်နှင့် ၎င်း၏ရုရှားတို့အနေဖြင့် နောက်ပြန်ဆုတ်ရန်အတွက် အမေရိကန်မူဝါဒချမှတ်သူများ နားလည်သဘောပေါက် ထားပုံထက်ကောင်းမွန်သော ရွေးချယ်ခွင့် ပို၍နည်းပါး‌နေပြီး မက်လုံးများက အရှိန်မြှင့်တင်ရာ လှေကားထစ်တစ်လျှောက် အမေရိကန်အတွက်သာ ပို၍ အလေးသာလျက် ရှိနေလေသည်။       

Ref: The New York Times

Most Read

Most Recent