ပီရူးနိုင်ငံရေးအကျပ်အတည်းမှ ရုန်းထွက်နို်င်မည့် အချက်သုံးချက်

ပီရူးနိုင်ငံရေးအကျပ်အတည်းမှ ရုန်းထွက်နို်င်မည့် အချက်သုံးချက်
Photo: Reuters
Photo: Reuters
Published 9 February 2023
TRANSLATED- ရာဇ

ပီရူးနိုင်ငံတွင် လူ ၅၀ နီးပါးသေဆုံးစေခဲ့ပြီး တစ်ခါတစ်ရံတွင် ဆူပူအုံကြွမှုအသွင်သို့ ပြောင်းလဲလေ့ရှိသည့် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများနေ့စဉ်နီးပါး ဖြစ်ပွားနေမှုနှင့်အတူ နိုင်ငံအတွင်း လူမှုရေးကသောင်းကနင်း ဖြစ်မှုသည် နှစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

သမ္မတဟောင်း ပက်ဒရို ကက်စတီလိုအား ဖမ်းဆီးထားမှုကို ဒေါသထွက်ခဲ့သည့် ဆန္ဒပြသူများက သမ္မတဒိုင်နာ ဘိုလူအာတေးကို ရာထူးမှနုတ်ထွက်ရန်၊ ရွေးကောက်ပွဲများ ချက်ချင်းကျင်းပရန်၊ လွှတ်တော်ကို ဖျက်သိမ်းရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရန် တောင်းဆိုခဲ့ကြသည်။

သို့သော်လည်း ဘိုလူအားတေးကရာ ထူးမှနုတ်ထွက်ရန် ငြင်းဆိုခဲ့ပြီး ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ရန် ဒီဇင်ဘာလက အစမ်းသဘော မဲခွဲဆုံးဖြတ်မှုရလဒ်ထွက် ပေါ်ခဲ့သည့်တိုင် လွှတ်တော်က ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲကို သတ်မှတ်ကာလထက် ဆောလျင်စွာပြုလုပ်မည့် ကြိုးပမ်းမှုများအားလုံးကို ပြီးခဲ့သည့်သီတင်းပတ်က ပယ်ချခဲ့သည်။

ထို့ကြောင့် ပီရူး၏နိုင်ငံရေး အကျပ်အတည်းမှာ ပိုမိုဆိုးရွားခဲ့ပြီး ဆန္ဒပြသူများကလည်း စုရုံးချီတက်မှုများ၊ လမ်းများပိတ်ဆို့မှု များနှင့်အတူ ၎င်းတို့၏ ဖိအားကို ဆက်လက်ထိန်းသိမ်းထားမည့် ဆုံးဖြတ်ချက်ကို ပြင်မည့်အလားအလာ မပြခဲ့ပေ။

ကျွမ်းကျင်သူများကမူ တောင်အမေရိကနိုင်ငံဖြစ်သည့် ပီရူး၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည့် အချက်သုံးချက်ကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

 

သမ္မတ နုတ်ထွက်ခြင်း

“တစ်ခုတည်းသောနည်းလမ်းကတော့ သမ္မတဘိုလူအာတေးရဲ့ နုတ်ထွက်မှုဖြစ်ပါတယ်”ဟု လီမာမြို့တော်ရှိ ကက်သလစ် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ပါမောက္ခ ပေါ်လာတာဗာရာက ပြောကြားခဲ့သည်။

ထို့နောက် ဖွဲ့စည်းပုံဆိုင်ရာ အချိန်ကန့်သတ်ချက်များမရှိသည့်တိုင် ရွေးကောက်ပွဲများပြုလုပ်ရန် ကြေညာမည့် လွှတ်တော်အ ကြီးအကဲထံ အာဏာလွှဲပြောင်းအပ်နှံရလိမ့်မည်ဟု ဆိုသည်။

ဘိုလူအာတေးသည် ကက်စတီလို၏ ဒုတိယသမ္မတဖြစ်ခဲ့ပြီး ကက်စတီလိုသည် ဒီဇင်ဘာ ၇ ရက်က ဖမ်းဆီးခံရကာ စွပ်စွဲပြစ် တင်ခံခဲ့ရပြီးနောက် ဘိုလူအာတေးက  သမ္မတအာဏာကို လွှဲပြောင်းရယူခဲ့သည်။ ကက်စတီလိုသည် ပါလီမန်ကို ဖျက်သိမ်းပြီး အမိန့်အာဏာဖြင့် အုပ်ချုပ်ရန် ကြိုးပမ်းမှုအတွက် ပုန်ကန်မှုဖြင့် စွဲချက်တင်ခံထားရသည်။

ဘိုလူအာတေးသည် ကက်စတီလိုကဲ့နှင့် လက်ဝဲယိမ်းပါတီတစ်ခုတည်းမှ ဖြစ်သော်လည်း ကက်စတီလိုကို ထောက်ခံသူများကမူ ဘိုလူအာတေးသည် ဖောက်ပြန်ရေးသမားဖြစ်သည်ဟုစွပ်စွဲခဲ့ပြီး ရာထူးမှနုတ်ထွက်ရမည်ဟု ပြောကြားခဲ့သည်။

ဘိုလူအာတေးကမူ ယင်းတောင်းဆိုမှုများသည် နိုင်ငံရေးခြိမ်းခြောက်မှုဖြစ်သည်ဟုဆိုကာ ပယ်ချခဲ့သည်။ သူ့အနေနှင့် အာ ဏာကို ဆွဲကိုင်ထားရန် ရည်ရွယ်ချက်မရှိဘဲ ရွေးကောက်ပွဲများ ဖြစ်မြောက်စေရန် ဆက်လက်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း လွှတ်တော်သည် ရွေးကောက်ပွဲများကို ဆောလျင်စွာလုပ်ဆောင်ရန် အဆိုပြုထားသည့် ဥပဒေကြမ်းအချို့ကို ပယ်ချခဲ့ပြီး ယင်းကိစ္စအပေါ် သြဂုတ်လမတိုင်မီအထိ ဆွေးနွေးခြင်းမပြုရန် ပြောကြားခဲ့သဖြင့် လွှတ်တော်သည် ရွေးကောက်ပွဲကို ဆောလျင်စွာလုပ်ဆောင်မည့် ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှားနေသည်ဟု တာရာဗာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အတည်ပြုခဲ့သည့် ဥပဒေမူကြမ်းတစ်ခုတွင် ၂၀၂၄ ခုနှစ် ဧပြီလ၌ ရွေးကောက်ပွဲပြုလုပ်ရန် အ တည်ပြုခဲ့သော်လည်း လွှတ်တော်သည် ဒုတိယအကျော့ မဲခွဲဆုံးဖြတ်မှုတွင် ယင်းဥပဒေမူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။

ထို့ကြောင့် လွှတ်တော်သည် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရှာဖွေရမည့်အဖြေများကို အုပ်ချုပ်ရေးကဏ္ဍအောက်တွင် ထားရှိခဲ့သည်ဟု တာဗာရာကပြောကြားခဲ့သည်။ ထို့ပြင် ဘိုလူအာတေး၏ နုတ်ထွက်မှု သည်လည်း အလွန်မဖြစ်နိုင်ဟု ဆိုသည်။

ဘိုလူအာတေးသည် သမ္မတဆိုင်ရာ လွတ်ငြိမ်းခွင့်ရရှိမှုကို ဆုံးရှုံးမည့်အရေးကို စိုးရိမ်နေပြီး ဆန္ဒပြသူများ သေဆုံးမှုအတွက် နောက်ဆက်တွဲအကျိုးဆက်များကို တာဝန်ခံရမည်ကို စိုးရိမ်နေသည်ဟု တာရာဗာက ယူဆခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များကမူ လုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြသူများကို အင်အားအလွန်အကျွံသုံးပြီး ဖြိုခွင်းခဲ့သည်ဟု ပြောကြား ခဲ့သည်။

ယင်းအခြေအနေသည် ဘိုလူအာတေး၏ အကျိုးစီးပွားများနှင့် ၎င်းနုတ်ထွက်ရန် လွှတ်တော်တွင် ၎င်းအား ထောက်ခံပေးနေ သည့် လက်ယာယိမ်းမဟာမိတ်များကို ဆန့်ကျင်ရာရောက်နေသည်ဟု ဂရန်နာဒါတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ပက်ထရီစီယာ ပါနီယာဂွာက ပြောကြားခဲ့သည်။

“သင့်အနေနဲ့ အဲဒီနှစ်ခုအကြား ချိတ်ဆက်ထားတဲ့ မဟာဗျူဟာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်“ဟု ၎င်းက ဆိုသည်။

 

ရာထူးမှ ဖယ်ရှားခြင်း

ဘိုလူအာတေးသည် ရာထူးမှ မနုတ်ထွက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်က ၎င်းကို ရာထူးမှဖယ်ရှားနိုင်သည်။ ပီရူးတွင် လွှတ်တော်သည် သမ္မတများကို ရာထူးမှ ဖယ်ရှားခဲ့သည့် သမိုင်းကြောင်းလည်း ရှိခဲ့သည်။ ၂၀၀၀ ပြည့်နှစ်က အယ်ဘာတို ဖူဂျီမိုရီ၊ ၂၀၂၀ ပြည့်နှစ်တွင် မာတင်ဗစ်ကာရာ နှင့် ၂၀၂၂ ခုနှစ်တွင် ကက်စတီလိုတို့ကို  လွှတ်တော်က သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။ ၂၀၁၈ ခုနှစ်ကလည်း သမ္မတပက်ဒရို ပါဘလို ကူဇင်စကီးသည် ရာထူးမှ ဖယ်ရှားမခံရမီ နုတ်ထွက်သွားခဲ့သည်။

လက်ဝဲယိမ်းပါတီများသည် ဘိုလူအားတေးအား ဖယ်ရှားရန် ကြိုးပမ်းလိမ့်မည်ဟု ကောလာဟလများထွက်သော်လည်း ယင်း သို့ လုပ်ဆောင်ရန် သုံးပုံနှစ်ပုံဖြစ်သည့် လူ များစုထောက်ခံမှုရရှိရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

ရွေးကောက်ပွဲများပြုလုပ်ခြင်းဖြင့် ယခုလွှတ်တော် အဆုံးသတ်စေမည့်အခြေအနေသည့် လျင်မြန်စွာဖြစ်လာလိမ့်မည်ဟု မထင်ကြောင်း အန်တိုနီယို ရုဇ်ဒီမွန်တိုယာ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် အလွနိုကာ ဒီနက်စ်က ပြောကြားခဲ့သည်။

“အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲမှာ နိုင်ငံရေးရင့်ကျက်မှုမရှိတဲ့သူတွေကိုကြည့်မယ်ဆိုရင် သူတို့ဟာ နိုင်ငံ ကောင်းစားရေးအတွက် သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေကို  စတေးခံလိမ့်မယ်လို့ မထင်ပါဘူး”ဟု ကာဒီနက်စ်က ဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဆီမှာ ဘိုလူအာတေးကို ဖယ်ရှားဖို့ မဲတွေ မရှိပါဘူး”ဟု ပါနီယာဂွာက ပြောကြားခဲ့သည်။

 

အချိန်ကာလတစ်ခုကို စောင့်ဆိုင်းခြင်း

ရွေးကောက်ပွဲများကို ဆောလျင်စွာပြုလုပ်ရန် လွှတ်တော်က ငြင်းဆိုခဲ့မှုသည် နိုင်ငံအတွင်း အထူးသဖြင့် လီမာမြို့တော်တွင် ဆန္ဒပြလှုပ်ရှားမှုများကို ပိုမိုကြီးမားစွာ ဖြစ်စေနိုင်မည်ဖြစ်သည်။

“စိတ်မကောင်းစွာနဲ့ပြောရမယ်ဆိုရင် လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့ကို ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းတစ်ခုဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်”ဟု တာဗာရာက  ပြောကြားခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် အစိုးရသည် ဆန္ဒပြသူများ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်လာပြီး လက်လျှော့မည့်အချိန်အတိုင်းအ တာတစ်ခုအထိ စောင့်ဆိုင်းနေသည်ဟု ယုံကြည်ကြောင်း ပါနီယာဂွာက ပြောကြားခဲ့သည်။

“လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေက အားကောင်းနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် အဲဒီလိုအခြေအနေဟာ ရေရှည် ခံနိုင်ပါ့မလား”ဟု ပါနီယာဂွာက ဆိုသည်။

ရွေးကောက်ပွဲများ ဆောလျင်စွာပြုလုပ်လိုသည့် ၎င်း၏ကြိုးပမ်းချက်ကို လွှတ်တော်က ပယ်ချမှုအပေါ် ဘိုလူအာတေး၏ နှုတ် ဆိတ်နေမှုသည် အာဏာရယူထားသူများအနေဖြင့် လမ်းများပေါ်မှ ဆန္ဒပြမှုများကို ဆက်လက်လျစ်လျူရှုထားသည်ကို ပြသရာရောက်နေသည်ဟု ပါနီယာဂွာက ဆိုသည်။

“အစိုးရအဖွဲ့အနေနဲ့ ရာထူးအပြောင်း အလဲလုပ်တာတွေ၊ ဆန္ဒပြသူတွေ သေဆုံးမှုအတွက် တာဝန်ရှိသူတွေကို အပြစ်ပေးတာတွေ၊ ဆန္ဒပြသူတွေနဲ့ ဆွေးနွေးတာတွေလိုမျိုး အရမ်းအရေးကြီးတဲ့ လုပ်ဆောင်မှုတွေက တစ်ဆင့် ထွက်ပေါက်ရလိမ့်မယ်လို့ ယူဆမိပါတယ်”ဟု တာဗာရာက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent