ပြည်သူတို့အတွက် ဘေးကင်းလုံခြုံရေးအာမခံချက်

ပြည်သူတို့အတွက် ဘေးကင်းလုံခြုံရေးအာမခံချက်
Published 6 February 2023

“စစ်မှန်တဲ့ အများပြည်သူဆိုင်ရာ ဘေးကင်းလုံခြုံရေးမှာ ဥပဒေထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့ လူ့အသိုက်အဝန်းအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် လိုအပ်တယ်။”  ဘက်စီဟော့ဂျ် (၁၉၆၉ ခုနှစ်-ဖွား) ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော မင်နီယာပိုလစ် မြို့တော်ဝန်

ပြည်သူတို့အတွက် ဘေးကင်းလုံခြုံရေးဟူသည် နိုင်ငံသားများ၊ နိုင်ငံ၏ပိုင်နက်အတွင်းရှိ လူများ၊ အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများကို ၎င်းတို့၏ ကောင်းကျိုးချမ်းသာနှင့် အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား ခြိမ်းခြောက်ခံရမှုမှနေ၍ ကာကွယ်စောင့်ရှောက်ပေးရန် အာမခံထားရသည့် အစိုးရအဖွဲ့များ၏ လုပ်ငန်းဆောင်တာတစ်ရပ်ဖြစ်သည်။ ပြည်သူတို့အတွက် ဘေးကင်းလုံခြုံရေးကဏ္ဍတွင် တိုး၍ တိုး၍လာနေသော စိန်ခေါ်မှုများကို လွှမ်းခြုံမိစေရန် တာဝန်ရှိသော သက်ဆိုင်ရာ အစိုးရအင်စတီကျူးရှင်းများနှင့် အဖွဲ့အစည်းများသည် ကျရောက်လာနိုင်ခြေရှိသော ခြိမ်းခြောက်မှုများကို အောင်မြင်စွာ ကိုင်တွယ်နိုင်ရန် စုံစမ်းထောက်လှမ်းမှုများကို ပြုလုပ်ကြရသည်။ ယင်းဌာနများအနေဖြင့် ဌာနတွင်း ဖွဲ့စည်းတည်ဆောက်မှု အကောင်းဆုံးဖြစ်အောင် ပြုလုပ်လျက် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်မှုများကို အသုံးပြုကာ ၎င်းတို့ဆောင်ရွက်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ရရှိမည့်အကျိုးကျေးဇူးနှင့် ကုန်ကျစရိတ်များကိုလည်း သေချာစွာ ချိန်ဆရမည်ဖြစ်သည်။

ပြည်သူတို့အတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ဥပဒေထိန်းသိမ်းရေးအဖွဲ့များ၊ မီးသတ်အဖွဲ့များနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့များ ပါဝင်သည်။ ၎င်းတို့ကိုင်တွယ်ဆောင်ရွက်ရမည့် ကိစ္စများတွင် မူးယစ်ဆေးသုံးစွဲမှု၊ ကျူးကျော်ဝင်ရောက်မှု၊ ဖောက်ထွင်းမှု၊ နှောင့်ယှက်မှု၊ အကျင့်ပျက်လူငယ်များကိစ္စ၊ တရားမဝင်နေထိုင်မှု၊ ဆူညံမှု၊ အမှိုက်ပစ်မှု၊ မဖွယ်မရာဖြစ်သည့် လူမှုရေးအပြုအမူများ၊ မူးယစ်ရမ်းကားမှုတို့အပြင် ပြည်သူတို့၏ ဘဝနေထိုင်မှုအရည်အသွေးဆိုင်ရာ အခြားကိစ္စများလည်း ပါဝင်သည်။ အထွေထွေသဘောအရ ပြည်သူတို့အတွက် လုံခြုံမှုဆိုင်ရာအဖွဲ့အစည်းများသည် အထွေထွေလူထု၏ ဘေးကင်းလုံခြုံမှုအပေါ် အန္တရာယ်ရှိနိုင်သော ဖြစ်စဉ်များမှနေ၍ ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်သည်။ ၎င်းတို့တွင် သိသာထင်ရှားသော ဘေးအန္တရာယ်များ၊ ထိခိုက်ဒဏ်ရာ ရရှိစေနိုင်မှုများ၊ ရာဇဝတ်မှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးစေနိုင်မှုများ ပါဝင်သည်။

အဖွဲ့အစည်းဖြင့် စုပေါင်းကျူးလွန်သည့် ရာဇဝတ်မှုများနှင့် နိုင်ငံတကာအကြမ်းဖက်မှုများသည် ပထဝီအနေအထားအရလည်းကောင်း၊ ဘာသာစကားအရလည်းကောင်း၊ ဘဏ္ဍာရေးအခြေအနေအရလည်းကောင်း တားဆီးရန် ခက်ခဲတတ်သည်။ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာအရ ကိုင်တွယ်ရန် အခက်အခဲရှိတတ်သည်။ ထို့ကြောင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် လုပ်ငန်းစုများသည် ပြည်သူတို့အတွက် ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ရန်နှင့် စီးပွားရေးတိုးတက်ရေးအတွက် တည်ငြိမ်းအေးချမ်းသော ဝန်းကျင်တစ်ရပ်ကို ထိန်းသိမ်းနိုင်ရန် အနီးကပ်ပူးပေါင်းဆောင်ရွက်ကြရသည်။

ပြည်သူတို့အတွက် ဘေးကင်းလုံခြုံရေးကဏ္ဍသည် မိမိဒေသသို့ လာရောက်ရန် ဆွဲဆောင်နိုင်ခြင်း၊ သက်ဆိုင်ရာဒေသတွင် နေထိုင်သူများ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်စေခြင်းတို့အတွက် အရေးပါပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသော်လည်း ယင်းကဏ္ဍအတွက် ဘတ်ဂျက်နည်းပါးခြင်း၊ ရင်းမြစ်များ အကန့်အသတ်ရှိခြင်းနှင့် အချက်အလက်ရရှိရေးဆိုင်ရာ စနစ်များမလုံလောက်ခြင်းတို့ ဖြစ်တတ်သည်။ ထို့အပြင် ကြီးမားသောဖြစ်ရပ်များ၊ ကျယ်ပြန့်သော ရောဂါကူးစက်မှုများ၊ ပြင်းထန်သော မတော်တဆမှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များနှင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများသည် ပြည်သူတို့အတွက် ဘေးကင်းလုံခြုံရေးအပေါ် ကြီးမားသော ခြိမ်းခြောက်မှုများ ရှိနေတတ်သည်။ ကျရောက်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများ၏ အရည်အသွေးနှင့် အတိုင်းအတာသည် သိသိသာသာ ပြောင်းလဲလျက်ရှိပြီး ရဲတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ၏ လုပ်ငန်းတာဝန်နှင့် အထွေထွေလုပ်ငန်းမူဘောင်များကို လိုက်လျောညီထွေ ပြောင်းလဲနေရသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်သူတို့အတွက် ဘေးကင်းလုံခြုံရေးကို အာမခံထားရခြင်းမှာ အစိုးရအဖွဲ့များ၏ အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဖေဖော်ဝါရီ ၇  ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent