တရုတ်ကို တန်ပြန်ရန်နှင့် တရုတ်နှင့် မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် အင်ဒို-ပစိဖိတ်ဒေသ မဟာမိတ်များနှင့်အတူ ရပ်တည်သွားမည်ဆိုသည်ကို ထပ်လောင်းအတည်ပြုရန် ရည်ရွယ်သည့် ကြိုးပမ်းမှုများကို ဆက်တိုက်လုပ်ဆောင်လျက် အမေရိကန်သည် အာရှတွင် ၎င်း၏စစ်ရေးအရ တည်ရှိမှုကို တိုးမြှင့်လျက်ရှိသည်။
အမေရိကန်သည် ယင်းလှုပ်ရှားမှုများကို ဂျပန်မှသည် ဆော်လ်မွန်ကျွန်းစုအထိ ဖြန့်ကြက်လုပ်ဆောင်ခဲ့ကာ ဒေသတွင်း၌ အဆင့်မြင့်စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ခြင်း၊ ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်တို့နှင့် မျက်နှာချင်းဆိုင် တည်ရှိနေသည့် အဓိကနေရာများတွင် တပ်ဖွဲ့ဝင်များ အလှည့်ကျချထားမှုကို တိုးမြှင့်ခြင်းတို့လည်း ပါဝင်နေသည်။
ယင်းလုပ်ဆောင်ချက်များသည် အထူးသဖြင့် တရုတ်က ၎င်း၏ပိုင်နက်နယ်မြေဟု အခိုင်အမာဆိုထားသည့် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို ကာကွယ်ရာ၌ တရုတ်နှင့် ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်ရှိသော် ထောက်ပံ့ပို့ဆောင်ရေးအတွက် အထောက်အကူ ပေးနိုင်မည်လည်းဖြစ်သည်။
မကြာသေးမီ သီတင်းပတ်များက ကြေညာခဲ့သည့် ယင်းအစီအမံများအပေါ် တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးက ဒေါသတကြီးတုံ့ပြန်ခဲ့သည်။
■ဖိလစ်ပိုင်
တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်နှစ်တာအတွင်း အာရှဒေသသို့ ခုနစ်ကြိမ်မြောက် လာရောက်ခဲ့သည့် ခရီးစဉ်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ဖိလစ်ပိုင်ရှိ နောက်ထပ်စစ်စခန်းလေးခုကို အမေရိကန် တပ်ဖွဲ့ဝင်များအား အသုံးပြုခွင့်ပေးမည့် သဘောတူညီချက်ကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနှင့်အတူ ပူးတွဲကြေညာခဲ့သည်။
ယင်းသဘောတူညီချက်သည် အမေရိကန်တပ်ဖွဲ့ဝင်များ အမြဲတစေ ဖြန့်ကြက်ချထားရန် ခွင့်ပြုခြင်း မဟုတ်သော်လည်း အရေးပါသောသဘောတူညီချက်ဖြစ်သည်ဟု အော်စတင်က ဆိုသည်။ ဖိလစ်ပိုင်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ပတပ်ဖွဲ့ဝင်များ အမြဲတမ်း အခြေစိုက်တပ်စွဲခြင်းကို တားမြစ်ထားသည်။ သို့ရာတွင် ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်၏ ပိုင်နက်အငြင်းပွားဒေသများကို အပေါ်စီးမှ မြင်နိုင်သည့် ဖိလစ်ပိုင်၏ အရေးပါသော နေရာနှစ်နေရာတွင် အမေရိကန်တပ်ဖွဲ့ဝင်များ အလှည့်ကျချထားခြင်းကို ခွင့်ပြုထားသည်။
ဖိလစ်ပိုင်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀ ခန့် အချိန်ကာလမရွေး အခြေစိုက်ထားသော်လည်း စစ်ရေးလေ့ကျင့်မှု၊ လူသားချင်းစာနာမှုအကူအညီ၊ လေ့ကျင့်ရေးနှင့် အခြားမစ်ရှင်များအတွက် တစ်နှစ်အတွင်း ထောင်နှင့်ချီသည့် တပ်ဖွဲ့ဝင်များ အလှည့်ကျဝင်ထွက်ကာ အခြေစိုက်သည်ဟု တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ ဖိလစ်ပိုင်အစိုးရက သတ်မှတ်စစ်စခန်းများအတွင်းရှိ စစ်တန်းလျားများတွင် အမေရိကန်တပ်ဖွဲ့ဝင်များကို အခြေစိုက်ခွင့်ပြုထားကာ ဖိလစ်ပိုင် စစ်အခြေစိုက်စခန်း ငါးခုကို အသုံးပြုခွင့်ပေးထားပြီးဖြစ်သည်။
ဖိလစ်ပိုင်အနောက်ပိုင်းပင်လယ်တွင် တရုတ်က တရားမဝင်သော ပြောဆိုမှုများကို ဆက်လက်လုပ်ဆောင်နေသည့်အတွက် မဟာမိတ်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန် ကြိုးပမ်းမှုများသည် အလွန်အရေးပါသည်ဟု မနီလာမြို့၌ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ကာလီတိုဂါဗက်ဇ်ဂျူနီယာနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်အတွင်း အော်စတင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မော်နင်ကမူ အမေရိကန်သည် ၎င်း၏တစ်ကိုယ်ကောင်းဆန်သော အစီအမံများကို ပုံစံအသစ်ဖြင့် ကျင့်သုံးနေသည်ဟု စွပ်စွဲခဲ့ပြီး ယင်းသည် ဒေသတွင်း၌ တင်းမာမှုများကို အရှိန်မြင့်တက်စေကာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
■တောင်ကိုရီးယား
ဇန်နဝါရီ ၃၁ ရက်က ဆိုးလ်မြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က အမေရိကန်အနေဖြင့် ပူးတွဲလေ့ကျင့်မှုနှင့် ပူးတွဲစီမံချက်များ ဖော်ဆောင်မှုကို မြှင့်တင်ရန် ကိုရီးယားကျွန်းဆွယ်၌ ဂျက်တိုက်လေယာဉ်နှင့် လေယာဉ်တင်သင်္ဘောများအပါအဝင် အဆင့်မြင့် စစ်လက်နက်များ တိုးမြှင့်ဖြန့်ကြက်သွားမည်ဟု ကြေညာခဲ့သည်။
အော်စတင်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျုံဆော့တို့သည် ကျည်အစစ်အသုံးပြုသည့် လေ့ကျင့်မှုများ ပိုမိုလုပ်ဆောင်ရေးအပါအဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ရန် သဘောတူညီခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်များ အသုံးပြုလာလျှင် ထိထိရောက်ရောက် တုံ့ပြန်နိုင်ရေးအတွက် သရုပ်သကန် ဖန်တီးထားသော စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဖေဖော်ဝါရီလထဲတွင် ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။
မြောက်ကိုရီးယားသည် ယမန်နှစ်က အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားကို ပစ်မှတ်ထား တိုက်ခိုက်ရန် တီထွင်ထုတ်လုပ်ထားသည့် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်ဖွယ်ရှိသော ဒုံးလက်နက်များအပါအဝင် ဒုံးလက်နက်စမ်းသပ်မှု အမြောက်အမြားကို လုပ်ဆောင်ခဲ့သည်။
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ဟန့်တားရန် ကြိုးပမ်းမှုများ တိုးမြှင့်သည့်အနေဖြင့် အမေရိကန်သည် ယမန်နှစ်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများကို ပြန်လည်စတင်ခဲ့ကာ ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း အမေရိကန်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပါဝင်သည့် လေကြောင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
မဟာမိတ်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် သမ္မတထရန့်အစိုးရလက်ထက်တွင် မြောက်ကိုရီးယားနှင့် သံခင်းတမန်ခင်း ဆက်ဆံမှုများကို လမ်းဖွင့်ပေးရန်အတွက်လည်းကောင်း၊ COVID-19 ကပ်ရောဂါ ကြောင့်လည်းကောင်း ယင်းစစ်ရေးလေ့ကျင့်မှုများကို ပမာဏအားဖြင့် လျှော့ချပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယားကလည်း အမေရိကန်၏ လုပ်ရပ်များကို နျူကလီးယားအင်အားဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်ရန် အသင့်ရှိနေသည်ဟု တုံ့ပြန်ပြောဆိုကာ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ခြင်းသည် တင်းမာမှုများ အလွန်အမင်းမြင့်တက်လာအောင် တွန်းပို့နေသည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားထားသည်။
■ဂျပန်
တရုတ်က ထိုင်ဝမ်ကျွန်းကို ကျူးကျော်လာလျှင် သို့မဟုတ် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် ရန်လိုသောလုပ်ရပ်များ လုပ်ဆောင်လာလျှင် လိုအပ်လာနိုင်သည့် သင်္ဘောချေမှုန်းရေး စွမ်းရည်များ တိုးမြှင့်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း၌ အမေရိကန်တပ်ဖွဲ့ဝင်များ ချထားမှုကို ချိန်ညှိလုပ်ဆောင်ရန် အမေရိကန်နှင့် ဂျပန်တို့က ပြီးခဲ့သည့်လထဲတွင် သဘောတူညီခဲ့သည်။
ထို့အပြင် အမေရိကန်-ဂျပန် ကာလရှည် လုံခြုံရေး သဘောတူစာချုပ်တွင် ‘အာကာသ’ ဟူသော အသုံးအနှုန်းကို တရားဝင်ထည့်သွင်းထားပြီး ‘အာကာသထဲမှ သို့မဟုတ် အာကာသအတွင်း တိုက်ခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် အဆိုပါစာချုပ်၏ အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကျင့်သုံးခွင့်ရှိသည်’ ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ဂျပန်တောင်ပိုင်းရှိ မာဂဲရှိမ ကျွန်းငယ်ပေါ်တွင် လေယာဉ်ပြေးလမ်း တည်ဆောက်မှုကို စတင်မည်ဟု ဂျပန်အစိုးရက ကြေညာလိုက်ပြီး အဆိုပါကျွန်းတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ ကုန်းရေနှစ်သွယ် စစ်ဆင်မှုနှင့် ဒုံးကျည်ကြားဖြတ်ပစ်ချမှုဆိုင်ရာ လေ့ကျင့်မှုများကို လေးနှစ်အတွင်း စတင်ဖွယ်ရှိသည်။
ထိုင်ဝမ်အနေဖြင့် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ရခြင်းကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့လျှင် ၎င်းကျွန်းသည် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ရေးနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ဖြည့်တင်းရေးတို့အတွက် အချက်အချာကျလာမည်ဖြစ်သည်။
အိုကီနာဝါကျွန်းတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်မှုပုံစံကို ပြင်ဆင်ပြောင်းလဲမှုအရ အမှတ်-၁၂ မရိန်း တပ်ရင်းကြီးကို ပိုမိုကျစ်လျစ်ပြီး ပိုမိုမြန်ဆန်စွာ လှုပ်ရှားစစ်ကစားနိုင်သည့် 12th Marine Littoral Regiment အဖြစ် အသွင်ပြောင်းမည်ဖြစ်ကာ ရန်သူကို ချေမှုန်းရန်နှင့် အမေရိကန်ပြည်ထောင်စုနှင့် ဒေသတွင်း မဟာမိတ်များကို အကာအကွယ်ပေးရန် ပိုမိုစွမ်းဆောင်ရည် မြင့်မားသော စစ်လက်နက်အသုံးအဆောင်များ တပ်ဆင်သွားမည်ဖြစ်သည်။
■ဆော်လ်မွန်ကျွန်းစု
သံတမန်ရေးမျက်နှာစာတွင်လည်း အမေရိကန်သည် ယခုသီတင်းပတ်အတွင်း ဆော်လ်မွန်ကျွန်းစုတွင် သံရုံးဖွင့်လှစ်ခဲ့ပြီး ၎င်းဒေသ၌ တရုတ်၏ သြဇာကြီးထွားလာမှုကို တန်ပြန်သည့် မြင်သာထင်သာရှိသော ကြိုးပမ်းမှုတစ်ရပ်ဖြစ်လာခဲ့သည်။ ယခင်က ဆော်လ်မွန်ကျွန်းစုတွင် အမေရိကန်သံရုံးကို နှစ်အတန်ကြာ ဖွင့်လှစ်ခဲ့သော်လည်း ကမ္ဘာတစ်ဝန်းရှိ သံတမန်ရေးရာဌာနများကို လျှော့ချမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၉၃ ခုနှစ်တွင် ၎င်းသံရုံးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဆော်လမွန်ကျွန်းစုနှင့် ဆက်ဆံရေးလျော့ကျလာဖွယ်ရှိသည့် အခြေအနေအပေါ် အမေရိကန်က စိုးရိမ်လာခဲ့သည်။
ဆော်လ်မွန်ကျွန်းစုသည် ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်အစား တရုတ်ကို သံတမန်ရေးအရ ပြောင်းလဲအသိအမှတ်ပြုခဲ့ပြီး ယမန်နှစ်တွင်လည်း ဆော်လ်မွန်ကျွန်းစုသည် တရုတ်နှင့် လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် ၎င်းဒေသ၌ တရုတ်၏ စစ်ရေးအင်အား တိုးမြှင့်ဖြန့်ကြက်လာမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ဆော်လ်မွန်ကျွန်းစု၌ သံရုံးပြန်လည်ဖွင့်လှစ်ခြင်းသည် ၎င်းဒေသ၌ တရုတ်၏ သြဇာကြီးထွားလာမှုကို တန်ပြန်ရန် အဓိကရည်ရွယ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ မြို့တော် ဟိုနီယာရာတွင် ဖွင့်လှစ်ထားသည့် အဆိုပါသံရုံးကို ဝန်ထမ်းအင်အား အနည်းငယ်ဖြင့်သာ စတင်မည်ဖြစ်ပြီး ယာယီသံရုံးတာဝန်ခံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမှုထမ်းအချို့နှင့် ပြည်တွင်းမှ ဝန်ထမ်းအချို့နှင့် ဖွင့်လှစ်လည်ပတ်လျက်ရှိသည်။ Ref:AP










