ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ဆောက်နိုင်ရန် ဒီဇိုင်းမိုဒယ်ပုံစံကို ရှာဖွေခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ဆောက်နိုင်ရန် ဒီဇိုင်းမိုဒယ်ပုံစံကို ရှာဖွေခြင်း
Published 5 February 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် အုပ်ချုပ်မှု ပညာရပ်များနှင့် ပတ်သက်သည့် သင်တန်းကျောင်းတစ်ကျောင်းတွင် စာရင်းအင်းပညာနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဟောပြောဆွေးနွေး တင်ပြခွင့်ရရှိခဲ့ပါသည်။ စာရင်းအင်းပညာဘာသာရပ်၏ မူရင်းသဘောတရားသည် တိုင်းပြည် တည်ဆောက်ခြင်းနှင့် နိုင်ငံတော် တည်ဆောက်ခြင်းတို့ကို အခြေခံပြီး ဖြစ်ထွန်းပေါ်ပေါက် ထွန်းကား ပြန့်ပွားလာစေသည့် ဘာသာရပ်ဖြစ်သဖြင့် တိုင်းပြည်တည်ဆောက်ခြင်းနှင့် နိုင်ငံတော်တည်ဆောက်ခြင်း ကိစ္စရပ်များတွင် အုပ်ချုပ်မှု ပညာရပ်များ၏ အရေးပါမှု အခြေအနေကိုလည်း ထဲထဲဝင်ဝင် နက်နက်နဲနဲ လေ့လာခွင့်ရရှိခဲ့ပါသည်။

ထို့ပြင် လွတ်လပ်ရေးရရှိပြီး ချိန်နောက်ပိုင်း စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတော်နှင့် ပတ်သက်သည့် အခြေအနေ၊ အကြောင်းအရာ၊ ဖြစ်စဉ်ဖြစ်ရပ်များ၊ ကြုံတွေ့ လျက်ရှိသည့် စိန်ခေါ်မှုများမှာ တိုင်းပြည်နိုင်ငံတော် (Nation-State) ကို တည်ဆောက်ခြင်းလည်း မဟုတ်၊ နိုင်ငံတော်တိုင်းပြည် (State-Nation) ကို  တည်ဆောက်ခြင်းလည်းမဟုတ်၊ တိုင်းပြည်တည်ဆောက်ခြင်း (Nation Buliding) လည်းမရှိ၊ နိုင်ငံတော်တည်ဆောက်ခြင်း (State Buliding) လည်း မရှိ၊ အာဏာကိုသာ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို လေ့လာ တွေ့မြင်သိရှိနေရသည့်အတွက် ဖော်ပြပါ အခြေအနေဆိုးများမှ လွတ်မြောက်နိုင်စေမည့် နည်းလမ်းများ၊ လမ်းကြောင်းများ ရှာဖွေတွေ့ရှိနိုင်စေရန် မဖြစ်မနေလိုအပ်လျက်ရှိသည်ကို ထင်ထင်ရှားရှား သိမြင်နားလည်စေခဲ့ပါသည်။

ထို့ကြောင့် စာရေးသူသည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီ အချိန်ကာလ ဗြိတိသျှ-အင်္ဂလိပ်တို့ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကိုလိုနီမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ၊ ဂျပန်တို့ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကိုလိုနီမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာဆန်းစစ်ကြည့်မိရာတွင် ယနေ့မြန်မာနိုင်ငံ တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည့် အခြေအနေဆိုးများအနေဖြင့် စာရေးသူတစ်ဦးတည်း၏ အမြင်အရ တွေ့ရှိသိမြင်ရသည်မှာ ဂျပန်တို့၏ စစ်အုပ်ချုပ်ရေးနှင့် စစ်အုပ်ချုပ်ရေးနည်းလမ်း၊ စစ်စည်းကမ်းများမှာ တိုင်းပြည်နိုင်ငံအပေါ်တွင် အချိန်ကာလအားဖြင့်သော် လည်းကောင်း၊ နည်းလမ်းအားဖြင့်သော်လည်းကောင်း လွှမ်းမိုးချုပ်ကိုင်လျက်ရှိနေသည်ကို သိသာထင်ရှားစွာတွေ့ မြင်လျက် ရှိနေပါသည်။

စာရေးသူသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် တနင်္လာနေ့တွင် ထုတ်ဝေသည့် Weekiy Eleven News, No.50,Vol.17 တွင် “သမိုင်းထောင်ချောက်အတွင်းသို့  ကျဆင်းလျက် (Historical Trap)” ခေါင်းစဉ်ဖြင့် ရေးသားတင်ပြခဲ့ပါသည်။ ဖော်ပြပါ ရေးသားတင်ပြခဲ့သည့် ဆောင်းပါးနှင့် ယခုရေးသားတင်ပြမည့် ဆောင်းပါးကို စာဖတ်သူများအနေဖြင့် တွဲဖက်လေ့လာကြပါရန် အကြံပြုတင်ပြအပ်ပါသည်။

စာရေးသူသည် ဒုတိယကမ္ဘာ စစ်ပြီးစ ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့၏ စစ်အုပ်ချုပ်ရေးနှင့် စစ်အုပ်ချုပ်ရေး နည်းလမ်း၊ စစ်စည်းကမ်းများမှ မည်ကဲ့သို့ ရုန်းထွက်ပြီး ယနေ့အချိန် ဖွံ့ဖြိုးပြီး ဂျပန်နိုင်ငံအဖြစ်သို့ရောက် ရှိခဲ့သည်ကို လေ့လာဆန်းစစ်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ ထိုအချိန်ကာလအတွက် ရေးသားတင်ပြ မှတ်တမ်းတင်ခဲ့သည့်စာအုပ် (Reference: 1) ကို ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းအချိန်ကာလကတည်းကရှာဖွေ ရရှိနိုင်ရန် ကြိုးစားခဲ့ရာ ၂၀၂၂ ခုနှစ် နိုင်ဘာလ ၃ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာစာပေ မိတ်ဆွေတစ်ဦး၏ ကြိုးပမ်းအားထုတ် ရှာဖွေပေးခြင်းကြောင့် လက်ဝယ်အရောက် ရရှိခဲ့ပါသည်။ စာအုပ်ရှာဖွေပေးသည့် စာပေမိတ်ဆွေအား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

စာအုပ်ကို လက်ဝယ်ရရှိ ရောက်ရှိခဲ့ပါသော်လည်း အဆိုပါစာအုပ်သည် မူပိုင်ခွင့် (Cpoyright) ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရှိသည့်အတွက် စာအုပ်တွင် ဖော်ပြထားရှိသည့် ၀ါကျကလေးများအား တိုက်ရိုက်ရယူ အသုံးပြုရန် စာရေးသူအနေဖြင့် လိုအပ်သည့်အတွက် မူပိုင်ခွင့်ရရှိနိုင်ရန် ကြိုးပမ်းအားထုတ် လျက်ရှိပါသည်။

မူပိုင်ခွင့်အတွက် ဂျပန်နိုင်ငံရှိ ဂျပန်မိတ်ဆွေများထံတွင်သော်လည်းကောင်း၊ မြန်မာနိုင်ငံရှိ အသိမိတ်ဆွေများထံတွင်သော်လည်းကောင်း ရရှိနိုင်ရန် ကြိုးပမ်းအား ထုတ်လျက်ရှိပါသည်။

အကယ်၍ ယခုဆောင်းပါး ရေးသားတင်ပြခြင်းမပြီးဆုံးမီ မူပိုင်ခွင့်ရရှိခဲ့ပါက စာအုပ်တွင် ဖော်ပြထားရှိသည့် ၀ါကျကလေးများကို တိုက်ရိုက်ရယူအသုံးပြုမည်ဖြစ်ပြီး မူပိုင်ခွင့် မရရှိခဲ့ပါက ရယူအသုံးပြု တင်ပြနိုင်မည် မဟုတ်ကြောင်း စာဖတ်သူများအား ကြိုတင်အသိပေး တင်ပြအပ်ပါသည်။ မူပိုင်ခွင့် ရရှိခဲ့မည်ဆိုပါလျှင် စာအုပ်တစ်အုပ်လုံးအား ဘာသာပြန်ဆိုနိုင်မည့် ပညာရှင်ကိုရှာဖွေပြီး ဘာသာပြန်ဆိုနိုင်ရန် စာရေးသူအနေဖြင့် ဆက်လက် ကြိုးပမ်းအားထုတ်ဆောင်ရွက်မည် ဖြစ်ကြောင်းကိုလည်း စာဖတ်သူများအား ထပ်မံ အသိပေးတင်ပြအပ်ပါသည်။

စာရေးသူအနေဖြင့် အဘယ်ကြောင့် အထက်ဖော်ပြပါ စာအုပ်ကို နှစ်ချီပြီး ရှာဖွေရရှိနိုင်ရန် ကြိုးစားပမ်းစား ပြုလုပ်ဆောင်ရွက်ခဲ့သည့် အကြောင်းရင်းကို တင်ပြပါမည်။ စာအုပ်တွင် ဖော်ပြထားချက်များသည် ဂျပန်နိုင်ငံအား ပြာပုံဘဝမှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်စေရန် ဒီဇိုင်းမိုဒယ်ပုံစံကို ချမှတ်အသုံးပြုခဲ့သည်များကို  မှတ်တမ်းတင်ထားရှိသည့် စာအုပ်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ စာအုပ်တွင် ပါရှိသည်များကို မြန်မာနိုင်ငံအတွက် ထပ်တူကူးချရန် မဖြစ်နိုင်ပါသော်လည်း အဆိုပါ စာအုပ်တွင် ဖော်ပြထားသည့် အချက်အလက်များကို အသုံးပြုခြင်းအားဖြင့် ယနေ့မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့လျက်ရှိသည့် အခြေအနေဆိုးများမှ လွတ်မြောက်နိုင်ရန်၊ ထွက်မြောက်နိုင်ရန် နည်းလမ်းများ၊ လမ်းကြောင်းများပေါ်ထွက်လာ နိုင်သည်ဟု စာရေးသူအနေဖြင့် ယုံကြည်သောကြောင့် ဖြစ်ပါသည်။

ထို့ပြင် ယနေ့ မြန်မာ့တပ်မတော်တွင် ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် အချို့သော ယဉ်ကျေးမှုများမှာလည်း ဂျပန်တို့ ၏ ပင်မယဉ်ကျေးမှုထုံးတမ်းများအရ အခြေခံထားရှိသည့် ဂျပန်တို့၏ စစ်ပညာရပ်များကို မြန်မာ့တပ်မတော်အား လေ့ကျင့်သင်ကြားပေးခဲ့သောကြောင့် မြန်မာ့တပ်မတော်၏ ယဉ်ကျေးမှုအဖြစ် တွေ့မြင်လျက်ရှိနေပါသည်။ ဥပမာအားဖြင့် ဂျပန်တို့၏ ပင်မယဉ်ကျေးမှုထုံးတမ်းများအရ စီနီယာ၊ ဂျူနီယာ ယဉ်ကျေးမှုအဖြစ် ကိစ္စရပ်တိုင်းအတွက် တင်းကျပ်စွာ ထားရှိသည့် အခြေအနေသည် မြန်မာ့တပ်မတော်တွင် အစ်ကိုကြီး၊ ညီလေး ယဉ်ကျေးမှုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်စေလျက်ရှိနေပါသည်။

စာရေးသူ တစ်ဦးတည်း၏ အတွေ့အကြုံနှင့် သိမြင်မှုများအရ တင်ပြရပါလျှင် စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို လေ့လာဆန်းစစ်ကြရာတွင် ပင်မအကြောင်းရင်းကို ရှာဖွေထုတ်ဖော် တင်ပြခြင်းထက် အကျိုးဖြစ်ထွန်းလျက်ရှိသည်များကို အခြေခံကာ မတိုင်မီ ကပ်လျက်အချိန်က အကျိုးဖြစ်ထွန်းမှုများကို အကြောင်းတရားများအဖြစ် အထင်မှတ်မှားကာ လေ့လာဆန်းစစ် ဖော်ထုတ်လေ့ရှိကြသည်ကိုလည်း တွေ့မြင်နေရပါသည်။

ထို့ကြောင့် စာရေးသူသည် လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည်များကို အကျိုးတရားများအဖြစ် သတ်မှတ်ပြီး လွတ်လပ်ရေး မရရှိမီ အချိန်ကာလများဖြစ်ကြသည့် ဗြိတိသျှ-အင်္ဂလိပ်တို့ ကျင့်သုံးအ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကိုလိုနီမူဝါဒနှင့် လုပ်ထုံး လုပ်နည်းများ၊ ဂျပန်တို့ ကျင့်သုံးအ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  ကိုလိုနီမူဝါဒနှင့် လုပ်ထုံး လုပ်နည်းများကို အကြောင်းတရားများအဖြစ် သတ်မှတ်ပြီး လေ့လာဆန်းစစ်မည် ဖြစ်ပါသည်။ စာဖတ်သူများ အလွယ်တကူသိမြင်နိုင်စေရေး အလို့ငှာ ပုံတွင်ဖော်ပြထားပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  တည်ဆောက်နိုင်စေရန် အသင့်တော်ဆုံး၊ အကောင်းဆုံး၊ အလွယ်ဆုံး ဒီဇိုင်းမိုဒယ်ပုံစံကို ရှာဖွေရာတွင် အနီးစပ်ဆုံးအနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းတွင် ပါဝင် ပတ်သက်လျက်ရှိသော ဂျပန်နိုင်ငံ၏ အတွေ့အကြုံကို အခြေခံကာ ဂျပန်နိုင်ငံအား ပြာပုံဘဝမှ ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်စေရန် ဒီဇိုင်းမိုဒယ်ပုံစံကို ချမှတ်အသုံးပြုခဲ့သည်များအား မှတ်တမ်းတင်ထားရှိသည့် စာအုပ်တွင် ပါဝင်သည့် သတင်းအချက်အလက်များကို လေ့လာရန်မှာ အခြေခံအကြောင်းရင်း ဖြစ်စေခဲ့ပါသည်။

သို့သော်လည်း ဖော်ပြပါစာအုပ်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များ၊ ဒီဇိုင်းမိုဒယ်ပုံစံများသည် ၁၉၃၀ ပြည့်နှစ်တွင် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး (the Great Depression) ကြောင့် ထိခိုက်ပျက်စီးမှုများကို ကျော်လွှားလွန်မြောက်နိုင်စေရန်အလို့ငှာ အမေရိကန်ပြည်ထောင်စုတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အစီအစဉ်သစ်/ဆက်ဆံမှု စနစ်သစ် (the New Deal) ကို အခြေခံ ထားရှိခြင်းအား စာအုပ်၏ခေါင်းစဉ်၌ပင် အစီအစဉ်သစ်/ဆက်ဆံမှု စနစ်သစ်ကဲ့သို့ (AS NEW DEAL) ဆိုပြီး အတိအလင်း ဖော်ပြထားသည့်အတွက် စာရေးသူအနေနှင့် အစီအစဉ်သစ်/ဆက်ဆံမှုစနစ်သစ် (the New Deal) ကို ရှင်းလင်း တင်ပြရန် လိုအပ်လာပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ ကြုံတွေ့ရလျက်ရှိသည့် အမိုက်အမှောင်ကာလကြီးမှ ရုန်းထွက်နိုင်စေမည့် နည်းလမ်းများ ရှာဖွေတွေ့ရှိ နိုင်စေရေး တစ်နည်းအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအား တည်ဆောက်နိုင်စေရေးအလို့ငှာ အသင့်တော်ဆုံး၊ အကောင်းမွန်ဆုံး၊ အလွယ်ဆုံး ဒီဇိုင်းမိုဒယ်ပုံစံကို ရှာဖွေတွေ့ရှိနိုင်စေရေးကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ အမေရိကန်ပြည်ထောင်စုတွင် ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အစီအစဉ်သစ်/ ဆက်ဆံမှုစနစ်သစ် (the New Deal) ကို ရှင်းလင်း တင်ပြ ပါမည်။ အစီအစဉ်သစ်/ ဆက်ဆံမှု စနစ်သစ်နှင့် ပတ်သက်သော အကြောင်းအရာများသည် ကျယ်ပြန့် များပြား ကြီးမားလွန်းသည့်အတွက် အပြည့်အစုံတင်ပြရန်မှာ ယခုဆောင်းပါးအဆင့်နှင့် မဖြစ်နိုင်ပါသဖြင့် အကြောင်းအရာ အကျဉ်းကိုသာလျှင် တင်ပြပါမည်။ အစီအစဉ်သစ်/ ဆက်ဆံမှုစနစ်သစ် (Reference: 2) နှင့် ပတ်သက်သည့် အကြောင်းအရာများအား (ျွန်နမ-နညခနါ် ၂) ကို အခြေခံကာ ရှင်းလင်း တင်ပြပါမည်။

၁၉၃၃ ခုနှစ် မတ်လ ၄ ရက်နေ့ တွင် အမေရိကန် သမ္မတကြီး ဖရင်ကလင်ဒီ ရုဇဘဲ့ (Franklin D.Roosevelt) က အစီအစဉ်သစ်/ဆက်ဆံမှုစနစ်သစ် (the New Deal) ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုကဲ့ သို့ ထုတ်ပြန်ကြေညာခဲ့ပြီးအကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ ပထမ အစီအစဉ်သစ်/ဆက်ဆံမှု စနစ်သစ် (First New Deal) ကို ၁၉၃၃ ခုနှစ်နှင့် ၁၉၃၄ ခုနှစ်တွင် သော်လည်းကောင်း၊ ဒုတိယအစီအစဉ်သစ်/ဆက်ဆံမှုစနစ်သစ် (Second New Deal) ကို ၁၉၃၅ ခုနှစ်တွင်သော်လည်းကောင်း၊ တတိယအစီအစဉ်သစ်/ဆက်ဆံမှု စနစ်သစ် (Third New Deal) ကို ၁၉၃၇ ခုနှစ်နှင့် ၁၉၃၈ ခုနှစ်တွင် သော်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ပါသည်။

အထက်ဖော်ပြပါ အစီအစဉ်သစ်/ဆက်ဆံမှုစနစ်သစ် (New Deal) များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေခြင်းအားဖြင့် တိုင်းပြည်နိုင်ငံအပေါ်တွင် အကျိုးသက်ရောက်စေခဲ့သည့် အဓိက နယ်ပယ်ကြီး ငါးရပ်မှာ (၁) စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရန် နှိုးဆွပေးနိုင်ခြင်း (stimulating economic recovery), (၂) အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်း (creating jobs for the unemployed), (၃) ပြည်နယ် တစ်ခုချင်းစီတိုင်းတွင် အများပြည်သူနှင့်သက်ဆိုင်သည့် အလုပ်အကိုင်များအတွက် အဆောက်အအုံများ ဆောက်လုပ်ပေးနိုင်ခြင်း (building public works across every state), (၄) အများ ပြည်သူနှင့် သက်ဆိုင်သည့်ပညာရေး နှင့် နိုင်ငံသားများနှင့် သက်ဆိုင်သည့် ယဉ်ကျေးမှုတို့တွင် ရင်းနှီးမြှုပ်နှံနိုင်ခြင်းနှင့် (investing in public education and civic culture), and (၅) အမေရိကန်တို့၏ ဖက်ဒရယ်စနစ်ကို အသွင်ပြောင်းလဲနိုင်စေခဲ့ခြင်း (transforming the American federal system.)တို့ ဖြစ်ကြပါသည်။

ဒုတိယအနေဖြင့် အမေရိကန် ပြည်ထောင်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အစီအစဉ်သစ်/ ဆက်ဆံမှုစနစ်သစ် (New Deal) ကဲ့သို့ပင် စစ်ပြီးစ ဂျပန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့တွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ရာ အောင်မြင်မှုများစွာ ရရှိစေခဲ့ပါသည်။ ဂျပန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းများအား (Reference: 1) စာအုပ်တွင် ဖော်ပြထား သည်များကို အခြေခံပြီး အချို့သော အချက်အလက်များကို ကောက်နုတ်၊ ထုတ်နုတ် တင်ပြပါမည်။ အပြည့်အစုံ ရှင်းလင်း တင်ပြနိုင်ရန်မှာ ယခုဆောင်းပါးအဆင့်နှင့် မဖြစ်နိုင်သည်ကို စာဖတ်သူများ အနေဖြင့် နားလည်သည်းခံပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စစ်ကြီးကြောင့် ဂျပန်နိုင်ငံ၏ ပျက်စီးဆုံးရှုံးခဲ့ရမှုကို တင်ပြရပါလျှင် တိုကျိုမြို့၏  ရာခိုင်နှုန်း ၇၀ သော ဧရိယာ၊ အိုဆာကာမြို့၏ ရာခိုင်နှုန်း ၈၀ သော ဧရိယာ၊ နဂိုယာမြို့၏ ရာခိုင်နှုန်း ၉၀ သော ဧရိယာများမှာ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ထိုအချိန်တွင် တည်ရှိနေသည့်၊ နေထိုင်လျက်ရှိကြသည့် ဂျပန်ပြည်သူပြည်သားများ၏ စား၊ ဝတ်၊ နေရေး အခြေအနေကို စာဖတ်သူများအနေဖြင့် မှန်းဆကြည့်နိုင်မည်ဟု ထင်မြင်ပါသည်။

စစ်ပြီးစ ဂျပန်နိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု၊ လူမှုရေး ပြုပြင် ပြောင်းလဲမှု၊ အလုပ်သမား၊ လယ်သမားများအတွက် ပြုပြင်ပြောင်းလဲမှုစသည်ဖြင့် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်စေရာတွင် အောင်မြင်မှုများရှိသကဲ့သို့ မအောင်မြင်ဆုံးရှုံးခဲ့သည်များလည်း ရှိခဲ့ပါသည်။ နိုင်ငံရေး ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကား ပြန့်ပွားစေရေး (Political Democratization) ကို အကောင် အထည်ဖော် ဆောင်ရွက်စေခဲ့ရာတွင် ယေဘုယျအားဖြင့် အောင်မြင်ခြင်းမရှိဟု ဖော်ပြခဲ့ပြီး သို့သော်လည်း အအောင်မြင်ဆုံးနှင့် အထင်ရှားဆုံး ဆောင်ရွက်နိုင်သည့်အချက်မှာ “သာမန်ဂျပန်လူမျိုးအဖြစ် ခံယူထားကြခြင်းမှသည် ဂျပန်နိုင်ငံသားဆိုသည့် ရေစီးကြောင်းအတွင်းသို့ ပြောင်းလဲခံယူစေရန်” ဆောင်ရွက်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

အောင်မြင်မှုရရှိနိုင်ရန် ခက်ခဲသည့်အခြေအနေကို ထုတ်နုတ်တင်ပြရပါလျှင် “ပဒေသရာဇ်စနစ်ကို ခိုင်မာစွာ ကျင့်သုံးလျက်ရှိခြင်းနှင့် ရက်စက်ကြမ်းကြုတ် ပြင်းထန်သည့် စစ်ဝါဒီများ ကြီးစိုးလျက်ရှိသည့် အနေအထားမှသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ငြိမ်းချမ်းသာယာ ဝပြောသော တိုင်းပြည်အဖြစ်သို့” အချိန်တိုကာလအတွင်း ပြောင်းလဲနိုင်ရန်မှာ လွယ်ကူသည့် အလုပ်မဟုတ်သည်ကို စာဖတ်သူများအနေဖြင့် သိမြင်နားလည်နိုင်မည်ဟု ထင်မြင်ပါသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် အမေရိကန်ပြည်ထောင်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အစီအစဉ်သစ်/ဆက်ဆံမှုစနစ်သစ် (New Deal) ကဲ့သို့ပင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် စာရေးသူအနေဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဒီဇိုင်းပုံစံကို အခြေခံကာ ကောက်နုတ် တင်ပြပါမည်။ စီးပွားရေးနှင့်ပတ်သက်ပြီး အစီအစဉ်သစ်/ ဆက်ဆံမှုစနစ်သစ် (New Deal) ကို အခြေခံသည့် စီးပွားရေး ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားပြန့်ပွားစေရေး (Economic Democratization) ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်စေရာတွင် ဂျပန်နိုင်ငံအား “ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပြည်သူပြည်သား လူအများက ဝယ်ယူအသုံးပြုနိုင်မည့် လူ့အဖွဲ့အစည်း (the Mass-Consumption Society)” ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ပါသည်။

အထက်ပါကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အကျိုးရလဒ်အဖြစ် ဝယ်နိုင်စွမ်းအားသည် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာစေခဲ့ပါသည် (Burggeoning Purchasing Power)။ ထို့ပြင် ထုတ်လုပ်မှု ဖြစ်စဉ်တစ်ခုလုံးအတွက် လိုအပ် သည့် ကိရိယာတန်ဆာပလာအား လုံး (Whole Productive Apparatus) တို့အား ခေတ်မီဖွံ့ဖြိုးလာစေရန် နှိုးဆွလှုံ့ဆော်နိုင်စေသည် သာမက အင်အားကြီးမားသော ပို့ကုန်အခြေပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေး (the Development of a Powerful Export Economy) ကိုလည်း နှိုးဆွလှုံ့ဆော်နိုင်စေခဲ့ပါသည်။

တတိယအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တည်ဆောက်နိုင်ရန် ဒီဇိုင်းမိုဒယ်ပုံစံကို ရှာဖွေခြင်း အပိုင်းကို စာရေးသူ၏ အမြင်သက်သက်ဖြင့် အဆိုပြုတင်ပြပါမည်။ အထက်တွင် လေ့လာတင်ပြခဲ့သည့် အချက်အလက်များအရ အစီအစဉ်သစ်/ ဆက်ဆံမှု စနစ်သစ် (New Deal) သည် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်ပွားခဲ့ခြင်းကို ပြန်လည်တည်ဆောက်ရာတွင်သော်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး ပြာပုံဘဝသို့ ရောက်ရှိခဲ့ရသည့် ဂျပန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အား ဖွံ့ဖြိုးပြီးနိုင်ငံများအဖြစ်သို့ အချိန်တိုကာလအတွင်း ရောက်ရှိစေရန်အတွက်သော်လည်းကောင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေမှာ လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း ၇၅ နှစ်ခန့် ကြာမြင့်သည့်တိုင်အောင် လက်နက်ကိုင်ပဋိပက္ခများ၊ အာဏာရှင် စစ်အုပ်ချုပ်ရေးကို ကာလတာရှည်အသုံးပြုခဲ့သည့် အခြေအနေ၊ နိုင်ငံသားများ၏ အသက်ပေါင်းမြောက်မြားစွာ သေကျေ ပျက်စီးခဲ့ရသည့် အခြေအနေ၊ အိုးအိမ် စွန့်ခွာ၊ နေရပ်စွန့်ခွာဘဝများနှင့် ဆင်းရဲဒုက္ခများကို ခါးစည်းပြီး ခံစားရလျက်ရှိသည့် နိုင်ငံသားများ၏ အခြေအနေ စသည်တို့မှာ အထက်တွင် ဖော်ပြခဲ့သည့် ကမ္ဘာ့စီးပွား ပျက်ကပ်နှင့် ကမ္ဘာစစ်ဖြစ်ပွားခြင်းများကြောင့် အကျိုးသက်ရောက်မှု များကဲ့သို့ပင် ဖြစ်ပေါ်လျက်ရှိနေပါသည်။

ဖော်ပြပါ အခြေအနေဆိုးများမှ အချိန်တိုကာလအတွင်း လွတ်မြောက်နိုင်စေမည့်အပြင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ငြိမ်းချမ်းသာယာဝပြောသော တိုင်းပြည်အဖြစ်သို့ ရောက်ရှိ ရရှိနိုင်စေရန်မှာ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီမည့် မြန်မာ့အစီအစဉ်သစ်/ ဆက်ဆံမှုစနစ်သစ် (Myanmar New Deal) ကဲ့သို့သော ဒီဇိုင်းမိုဒယ်ပုံစံကို ရှာဖွေဖော်ထုတ်ပြီး အသုံးပြုရန် အဆိုပြုတင်ပြပါသည်။

အထက်ဖော်ပြပါ မြန်မာ့အစီအစဉ်သစ်/ဆက်ဆံမှုစနစ်သစ် (Myanmar New Deal) ဒီဇိုင်း မိုဒယ်ပုံစံကို ရေးဆွဲချမှတ်နိုင်ရန် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ အချက်သုံးချက်ကို ထည့်သွင်း စဉ်းစားရန် အဆိုပြု တင်ပြပါသည်။

ပထမအချက်မှာ မည်ကဲ့သို့သော အခြေအနေဖြစ်ပေါ်တည်ရှိနေသည်ဖြစ်စေ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးပြီးလျှင် ဦးစားပေးအဆင့်အနေဖြင့် တိုင်းပြည်နိုင်ငံတော် တည်ငြိမ်ငြိမ်းချမ်းမှုနှင့် စီးပွားရေး နာလန်ထူမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေး ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားပြန့်ပွားစေရေးတို့ကို တည်ဆောက်အကောင်အထည်ဖော်ရန် အဆိုပြုပါသည်။

ဒုတိယအချက်အနေနှင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လောကပါလတရားများ ဖြစ်ကြသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် အခွင့်အရေး တန်းတူညီမျှခြင်းများကို တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါသည်။

တရားမျှတခြင်းဖြစ်ထွန်းပေါ် ပေါက်လာစေရေးအတွက် စာရေး သူသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ဝေသည့် Weekly Eleven News, No.52, Vol.16 တွင် “တရားမျှတ မှန်ကန်သော ထိန်းညှိခြင်း (Justification)” ခေါင်းစဉ်နှင့် ဆောင်းပါးကို ရေးသားတင်ပြခဲ့ပါသည်။ တရားမျှတခြင်း အကြောင်းအရာများကို ဖော်ပြပါဆောင်းပါးတွင် ဖတ်ရှုလေ့လာကြပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။

လွတ်လပ်ခြင်းအတွက် စာရေးသူသည် စီးပွားရေးပညာ ဘောဂဗေဒတွင် အသုံးပြုသည့် လိုအပ်ချက် (Need) နှင့် နိုင်ငံရေး ဘောဂဗေဒတွင် အသုံးပြုသည့် လိုအင်ဆန္ဒ (Want) ကို အခြေခံကာ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ထုတ်ဝေသည့် Weekly Eleven News စာစောင်တွင် “လိုအင်ဆန္ဒ ပြည့်ဝ ကျေနပ်စေရေး” (Freedom from Want) ခေါင်းစဉ်နှင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ဝေသည့် Weekly Eleven News စာစောင်တွင် “ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေရေး” (Freedom of Fear) ခေါင်းစဉ်ဖြင့်လည်းကောင်း ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ စာဖတ်သူတို့အနေဖြင့် ဆက်စပ်ပြီး လေ့လာ ကြည့်ကြပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

အခွင့်အရေး တန်းတူညီမျှရန်အတွက် စာရေးသူ အဆိုပြုတင်ပြလိုသည့် အချက်များမှာ အခြေခံအားဖြင့် ကမ္ဘာပေါ်ရှိနိုင်ငံများက သဘောတူ လက်မှတ်ရေးထိုးထားရှိသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights (UDHR))တွင် ပါရှိသည့်အချက်များကို အသေအချာလေ့လာပြီး လိုက်နာဆောင်ရွက်ရန်ပင်ဖြစ်ပါသည်။ အဆင်ပြေ သင့်တော်သည့်အချိန်တွင် လွတ်လပ်ခြင်းနှင့် အခွင့်အရေး တန်းတူညီမျှခြင်း သဘောတရားနှစ်ရပ်ကို ပေါင်းစည်းထားရှိသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် (Freedom of Expression) ခေါင်းစဉ်ဖြင့် သီးခြားဆောင်းပါး တစ်ပုဒ် ရေးသားတင်ပြပါမည်။

ထို့ပြင် အခွင့်အရေး တန်းတူညီမျှခြင်းနှင့်ပတ်သက်ပြီး  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၄၈ တွင် “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ” ဆိုပြီး အတိအလင်းဖော်ပြထားသည့်အတွက် ထပ်မံအဆိုပြုတင်ပြရန် မရှိပါ။ ပြဋ္ဌာန်းထားရှိသည့် ဥပဒေကို လေးစားလိုက်နာ ကျင့်သုံးရန်သာ လိုအပ်ပါသည်။

တတိယအချက်မှာ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အစဉ်တစိုက် ထည့်သွင်းထား ရှိရမည့် အချက်အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မှီတင်းနေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားအားလုံး၊ တိုင်းရင်းသားများအားလုံး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ တို့အပါအဝင် ကပြားများ၊ တိုင်းရင်းသား မဟုတ်သည့် နိုင်ငံသားများအားလုံးတို့သည် မြန်မာနိုင်ငံသား (Myanmar Citizenship) ဆိုသည့် ရေစီးကြောင်းအတွင်းသို့ အားလုံး တူညီစွာ ပြောင်းလဲ ခံယူကျင့်သုံးလာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုပြုပါသည်။

သတိပေးလိုသည့်အချက်မှာ ယနေ့အချိန် မြန်မာနိုင်ငံ၏ အခြေအနေသည် အာဏာကို လက်နက်အင်အားဖြင့် တည်ဆောက်ထားရှိပြီး တိုင်းပြည်နိုင်ငံတော်၏ အဆီအနှစ်များကို ရယူ ခံစား စံစားရလျက်ရှိသည့် လူပုဂ္ဂိုလ်ကြီးများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် အရေးအကြီးဆုံးအခန်းကဏ္ဍက တည်ရှိနေသည်ဆိုသည့် အချက်ဖြစ်ပါသည်။ ထိုကဲ့သို့ ပူးပေါင်းပါဝင်ခြင်း မရှိဘဲ “မစားရသည့်အမဲ သဲနှင့်ပက်”၊ “မင်းသားကြီး မလုပ်ရလျှင် ပတ်မကြီးကို ထိုးဖောက်ပစ်မည်”ဆိုသည့် စိတ်များ ဖော်ပြပါ လူပုဂ္ဂိုလ်ကြီးများထံတွင် ပေါ်ပေါက်တည်ရှိနေမည်ဆိုပါက တိုင်းပြည်နိုင်ငံတော်ကြီးမှာ ကြုံတွေ့ရလျက်ရှိသည့် အမိုက်အမှောင်ကာလကြီးမှ ရုန်းထွက်နိုင်စေမည့် နည်းလမ်းများ ရှာဖွေတွေ့ရှိပါလျက် ရုန်းမထွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေမည်သာဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည် နိုင်ငံ ကြုံတွေ့ရလျက်ရှိသည့် အမိုက်အမှောင်ကာလကြီးမှ ရုန်းထွက်နိုင်စေမည့် နည်းလမ်းများ ရှာဖွေတွေ့ရှိနိုင်စေရေး တစ်နည်းအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်စေရေးအလို့ငှာ အသင့်တော်ဆုံး၊ အကောင်းမွန်ဆုံး၊ အလွယ်ဆုံး ဒီဇိုင်းမိုဒယ်ပုံစံအား ရှာဖွေတွေ့ရှိနိုင်စေရေး အစွမ်းကုန် ကြိုးပမ်းအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. Theodore Cohen (1987) , “Remaking Japan: The American Occupation as New Deal”, Edited by Herbert Passin, The Free Press. A Division of Macmillan, Inc.

2. Richard A. Walker and Gray Brechin (2010), “The Living New Deal: The Unsung Benefits of the New Deal for the United States and California”, Institute for Research on Labour and Employment (IRLE), IRLE Working Paper, August 2010.   

Most Read

Most Recent