၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက် က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃) ကို နေပြည်တော်တွင် ကျင်းပခဲ့သည်။
သာမန်မဟုတ်သည့်အခြေအနေဖြစ်သည့်အတွက် အရေးပေါ်ကာလကြေညာထားမှုကို နောက်ထပ် ခြောက်လ သက်တမ်းတိုးမြှင့်ရန် ကာလုံအစည်းအဝေးက ဆုံး ဖြတ်ခဲ့သည်။
အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်း ကြေညာထားသည့် အရေးပေါ်အခြေအနေကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နောက်ထပ်ခြောက်လ ထပ်မံ တိုးမြှင့်ခွင့်ပြုလိုက်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ထပ်မံအပ်နှင်းလိုက်ကြောင်း ကာလုံအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
အရေးပေါ်ကာလ သက်တမ်းတိုးပေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးလျှင် သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ တွင် နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ အစည်းတစ်ရပ်ရပ်နှင့်ဖြစ်စေ လွှဲအပ်ကျင့်သုံးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အရေးပေါ်ကာလ ကြေညာထားမှုကို ခြောက်လနှစ်ကြိမ် သက်တမ်း တိုးမြှင့်ပြီးဖြစ်သော်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အချိန်လိုအပ်ချက်၊ အခြေခံမဲစာရင်းများ ပြုစုရန် အချိန်လိုအပ်ချက်နှင့် လုံခြုံရေးအကြောင်းပြချက် စသည့်အချက်များကို တင်ပြဆွေးနွေးခဲ့ပြီး နောက်ထပ် ခြောက်လသက်တမ်းတိုးမြှင့် ပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေက အဆိုပါအချက်များသည် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သည့်အတွက် ဖန်တီးပေးရန်လိုအပ်ကြောင်း၊ ယခုအစည်းအဝေးသို့တက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး၏ သဘောတူညီဆုံးဖြတ်ချက်များအရလည်းကောင်း၊ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ ယခုလိုအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ယာယီသမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ သဘောထားတောင်းခံရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆက်စပ်စကားရပ်များကို ထောက်ရှု၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် သာမန်မဟုတ်သည့်အခြေအနေ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင် ခြောက်လအထိ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်မှုရှိသည်ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ယာယီသမ္မတထံသို့ သဘောထားပြန်ကြားခဲ့သည်။
■ လုံခြုံရေး အခြေအနေ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ရမည် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ တစ်နိုင်ငံလုံးတွင် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရမှု ၈,၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉,၆၈၆ ကြိမ်၊ မီးရှို့မှု ၁,၂၃၁ ကြိမ် စုစုပေါင်း အကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ်ဖြစ်ပွား ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ယင်းကာလအတွင်း အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားအပါအဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနှင့် ဒဏ်ရာရ ၄,၅၇၇ ဦးရှိခဲ့ကြောင်းနှင့် အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် သံဃာအပါး ၇၀၊ သီလရှင် နှစ်ပါး၊ ပညာရေးဝန်ထမ်း ၆၆ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦး သေဆုံးမှုများ ရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ဗုံးဖောက်ခွဲမှုအနေဖြင့် ကားလမ်း ၁၀၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ် တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ် ရှိခဲ့ပြီး မီးရှို့ဖျက်ဆီးမှုအနေဖြင့် ကားလမ်း၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင်နှစ်ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ် ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
■ စစ်အုပ်ချုပ်ရေး ကြေညာခြင်း
မြန်မာတစ်နိုင်ငံလုံးတွင် တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်သာ ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းနှင့်ပြည်နယ်ရှစ်ခုမှ မြို့နယ် ၃၇ မြို့နယ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ်(၁/၂၀၂၃)၊ (၂/၂၀၂၃)၊ (၃/ ၂၀၂၃)၊ (၄/၂၀၂၃)၊ (၅/၂၀၂၃)နှင့် (၆/၂၀၂၃) တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာခြင်း ခံခဲ့ရသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ခုနစ်မြို့နယ်၊ ပဲခူးတိုင်းမှ ငါးမြို့နယ်၊ မကွေးတိုင်းမှ ငါးမြို့နယ်၊ ကယားပြည်နယ်မှ လေးမြို့နယ်၊ မွန် ပြည်နယ်မှ တစ်မြို့နယ်၊ ကရင်ပြည် နယ်မှ နှစ်မြို့နယ်နှင့် တနင်္သာရီ တိုင်းမှ နှစ်မြို့နယ်တို့ ဖြစ်ကြသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦးမြို့နယ်တို့ကိုလည်းကောင်း၊ ချင်းပြည်နယ် ရှိ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့လည်းကောင်း အမိန့်အမှတ်(၁/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့ခြင်းဖြစ်သည်။
ထို့အတူ အနောက်မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နှင့် မြိုင်မြို့နယ်တို့ကို အမိန့်အမှတ် (၂/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် ပဲခူးတိုင်းရှိ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ်တို့ကို အမိန့် အမှတ် (၃/၂၀၂၃) ဖြင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့သည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် မြို့နယ်တို့ကို အမိန့်အမှတ် (၄/ ၂၀၂၃) ဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား အမိန့်အမှတ် (၅/၂၀၂၃) ဖြင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင် ကော်) နယ်မြေဖြစ်သည့် ကယား ပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့ကို အမိန့်အမှတ်(၆/၂၀၂၃) ဖြင့် ဒေသကွပ်ကဲရေးမှူးထံသို့လည်းကောင်း အသီးသီးစစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ထိုသို့ စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။
■ စစ်အုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်မှာလဲ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို သင့်လျော်သည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ လွှဲအပ်ကျင့်သုံးဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ပုဒ်မ ၄၁၉ အရ အုပ် ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် အပ်နှင်းခြင်းခံရသည့် တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးတို့က စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် ဒေသများကို ကွပ်ကဲဆောင်ရွက်ရခြင်းဖြစ်သည်။
စစ်အုပ်ချုပ်ရေးဒေသအတွင်း အာဏာကျင့်သုံးရန် အပ်နှင်းခြင်းခံရသည့် တိုင်းမှူး (သို့မဟုတ်) ဒေသ ကွပ်ကဲရေးမှူးများအနေဖြင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့် သော်လည်းကောင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။
အုပ်ချုပ်ရေးတွင် လုံခြုံရေးကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးကိစ္စရပ်များနှင့် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ ပါဝင်သည်။
တရားစီရင်ရေးတွင် တရားရုံးများဖွဲ့စည်းခြင်း၊ စစ်ခုံရုံးများစစ်ဆေးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အတည်ပြုခြင်း၊ အယူခံခြင်းနှင့် ပြင်ဆင်မှုလျှောက်ထားခြင်း စသည့်အချက်များ ပါဝင်သည်။
တရားရုံးများ ဖွဲ့စည်းခြင်းတွင် အာဏာကျင့်သုံးရန် အပ်နှင်းခြင်းခံရသည့် တိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများ ဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံး များဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
စစ်ခုံရုံးများအနေဖြင့် အမှု ၂၃ မျိုးကို စစ်ဆေးရာတွင် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်ပြီး အမှု ၂၃ မျိုးထဲမှ ပြစ်မှုတစ်ခုခု ကျူးလွန်သူတစ်ဦးအား ပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ ေ ဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်နှင့် သက်ဆိုင်ရာ ပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်တစ်မျိုးမျိုးကို ချမှတ်နိုင်သည်။
စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ် ဖြစ်ရမည်ဆိုသော်လည်း သေဒဏ်စီရင်မည်ဆိုပါက နစကဥက္ကဋ္ဌ၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်မည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် စီရင်မည်ဆိုပါကလည်း တိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးတို့ က အတည်ပြုရမည်ဖြစ်သည်။
ထို့ပြင် စစ်ခုံရုံးက ချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့် မရှိပေ။ သို့သော် စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ၁၅ ရက်အတွင်း နစကဥက္ကဋ္ဌထံသို့လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခံရပါက ၁၅ ရက်အတွင်း သက်ဆိုင်ရာတိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးများ ထံသို့လည်းကောင်း ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ နစက ဥက္ကဋ္ဌ (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးများသည် မိမိသဘောအ လျောက် ပြင်ဆင်မှုဖွင့်၍လည်း ဆောင်ရွက်နိုင်သည်။
ပြင်ဆင်မှု စီရင်ခွင့်ကျင့်သုံး ဆောင်ရွက်ရာတွင် ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ် လျှော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျှော့ပေါ့ပြောင်းလဲခြင်းနှင့် ပြစ်မှု ထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်းစသည့် လုပ်ပိုင်ခွင့်များရှိသည့်အပြင် ပြစ်ဒဏ်ကိုလည်း တိုးမြှင့်နိုင်သည်။
တိုင်းမှူး (သို့မဟုတ်) ဒေသ ကွပ်ကဲရေးမှူးများအနေဖြင့် တာဝန်များထမ်းဆောင်ရာ၌ အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်ပြီး စစ်အုပ်ချုပ်ရေးဒေသအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို နစကဥက္ကဋ္ဌထံ အစီရင်ခံရမည်ဟု ထုတ်ပြန်ထားသည်။
■ ဘာအမှုတွေကို စစ်ခုံရုံးက စစ်ဆေးမှာလဲ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းနှင့်ပြည်နယ် ရှစ်ခုရှိ မြို့နယ် ၃၇ မြို့နယ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်အုပ်ချုပ်ရေး ပေးအပ်ခဲ့ပြီးနောက် စစ်ခုံရုံးဖြင့် စစ်ဆေးမည့် အမှု ၂၃ မျိုးကိုလည်း ထုတ်ပြန်ခဲ့သည်။
စစ်အုပ်ချုပ်ရေးနယ်မြေများရှိ တိုင်းမှူးများအနေဖြင့် သက်ဆိုင်ရာဒေသ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး တရားစီရင်ရေး ကိစ္စများတွင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော် ပြထားသည်။
စစ်အုပ်ချုပ်ရေးနယ်မြေ၌ စစ်ခုံရုံးဖြင့် စစ်ဆေးမည့် အမှု ၂၃ မျိုးတွင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု (ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က)၊ တပ်မတော် (သို့ မဟုတ်) တရားဥပဒေစိုးမိုးရေးအ ဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း (သို့မဟုတ်) ပျက်ပြားစေခြင်း (ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ် မတော်သားများ (သို့မဟုတ်) အစိုး ရ အမှုထမ်းများကို ဟန့်တားခြင်း (သို့မဟုတ်) နှောင့်ယှက်ခြင်း (ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ဃ)၊ ရာဇ သတ်ကြီးပုဒ်မ ၅၀၅ တို့ကို ပါဝင်သည်။
ထို့ပြင် အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအသင်း အက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စား မှု၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများကိုလည်း စစ်ဆေးအရေးယူသွားမည်ဖြစ်သည်။
ထို့အတူ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ၊ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေအရ ပြစ်မှုများ၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများကိုလည်း စစ်ခုံရုံးဖြင့်စစ်ဆေးအရေးယူသွားမည်ဟု ဆိုသည်။










