ကမ္ဘာ့ကုန်သွယ်ရေး အနာဂတ် မည်သို့….

ကမ္ဘာ့ကုန်သွယ်ရေး အနာဂတ် မည်သို့….
Published 5 February 2023
စောနိုင်( အသုံးချဘောဂဗေဒ)

(၁)

လာမည့်အနာဂတ် ကမ္ဘာ့ကုန်သွယ်မှုများအခြေအနေများကို ခန့်မှန်းပြောဆိုနေကြပြီ။ ကုန်သွယ်မှုအလားအလာများ မည်သို့ရှိသနည်း။ ဆွစ်ဇာလန်နိုင်ငံအရှေ့ပိုင်းရှိ အပန်းဖြေမြို့လေးဖြစ်သည့် ဒါဗို့စ် (Davos) ၌ ကျင်းပနေသော ကမ္ဘာ့စီးပွားရေးဖိုရမ် (၂၀၂၃) မှ ကုန်သွယ်မှုအပါအဝင် ကမ္ဘာ့ရေးရာအကြောင်းစုံ ဆွေးနွေးသံများထွက်လာနေသည်။ ကမ္ဘာ့ကုန်သွယ်ရေးသည် လေးလံနှေးကွေးနေဆဲ။                                   

၂၀၂၃ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေ အတွက် ဖြစ်ပေါ်နေသော စိန် ခေါ်မှု မှာ ကမ္ဘာ လုံး ဆိုင်ရာတိုးတက်မှုနှေးကွေးနေခြင်းသာမက မသေချာ၊မရေရာမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ ရုရှား- ယူကရိန်း စစ်ပွဲ၊စိုးရိမ်ထိတ်လန့်နေရဆဲ ကိုဗစ်ကပ်ရောဂါ၊  ထိခိုက်နေဆဲရောင်း လို အား ကွင်း ဆက် တို့ကနိုင်ငံများကို ကုန်သွယ်ရေး ကဏ္ဍနှင့်ပတ်သက်၍ ပြန်လည် စဉ်းစားစ ရာ များ ဖြစ် လာ စေသည်။ဂလိုဘယ်လိုက်ဇေးရှင်း၏အနာဂတ်နှင့်ပတ်သက်၍လည်း မေးခွန်း များ ထုတ် လာ ကြ ၏။   

(၂)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အပါအဝင် အခြားသောနိုင်ငံတကာအဖွဲ့အစည်းများက ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်အရှိန်လျော့နည်းလာခြင်း  (deglobalization) သည် ကမ္ဘာ့ကြီး၏အခြေအနေအရပ်ရပ်ကို အနုတ်လက္ခဏာသက်ရောက်မှုကိုသာဖြစ်စေကြောင်း သတိပေးထားကြသည်။ အထူးသဖြင့် ထွန်းသစ်စစီးပွားရေးအဆောက်အအုံများကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်ဟုဆိုကြ၏။ ကမ္ဘာ့ရေးရာကိစ္စများတွင် လက်တံရှည်ရှည်ဖြင့် ဖြန့်ကြက်ထားပြီး ပါဝင်ပတ်သက် နေသည့် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်များအတွက်မှာမူ မေးခွန်းများထွက်လာသည်။ “ကမ္ဘာကြီး တိုးတက်မှုအတွက် အစီအစဉ်သစ်ကိုမည်သို့ဖန်တီးကြမည်နည်း ဟူ၍”။  

ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၃ ၏ ကုန်သွယ်မှု၊ တိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူများ အမြင်ဖလှယ်ဆွေးနွေးမှု အစီအစဉ် (Panel Discussion) ၌ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization -WTO ) ၏ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအန်ဂေါဇီအိုကွန်ဂျိုအိဝေးဟလ (Ngozi Okonjo-Iweala) က “ကမ္ဘာ့ကုန်သွယ်ရေးအနာဂတ်သည် ဒစ်ဂျစ်တယ်အဆင့် အခြေအနေဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကိုအလေးထားသည်။ ထို့ပြင် အားလုံးပါဝင်ပတ်သက်သည့်အခြေအနေဖြစ်သည်” ဟု မှတ်ချက်ပေးသည်။ ထိုအခြေအနေများအတွက် ပေးစွမ်းနိုင်သော ဝန်ဆောင်မှုသည် ကုန်သွယ်ရေးဖြစ် သည်ဟုလည်း ဆိုသည်။

(၃)

ကုန်စည်တင်ပို့ရမည့် ဆိပ်ကမ်းပိတ်ဆို့မှုများရှိခဲ့ခြင်း၊ ရုရှားယူကရိန်းစစ်ပွဲဖြစ်ပွားခြင်း၊ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှင့်ဆက်စပ်၍ ရောင်းလိုအားဆိုင်ရာကွင်းဆက်ပြတ်တောက်ခြင်းတို့ဖြစ်ခဲ့ပြီးနောက် နိုင်ငံအများအပြားသည် ၎င်းတို့၏ကုန်ထုတ်လုပ်မှုများကို ဝယ်လိုအားနှင့် ပိုမိုနီးကပ်သော နေရာဒေသများကို ပြောင်းရွှေ့မှုများပြုရန် တွန်းအားပေးလုပ်ဆောင်မှုများရှိလာခဲ့သည်ကိုမြင်တွေ့လာရသည်။ ထပ်မံပေါ်ထွက်လာသည့်မေးခွန်းမှာ နိုင်ငံများ၏ အမျိုးသားရေး 

လုံခြုံမှုအပေါ် ရှိနေသည့်စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်နေသည်။ စစ်ရေးသာမဟုတ်၊ စွမ်းအင်လုံခြုံရေး၊ ရိက္ခာလုံခြုံ ရေးအပါအဝင် အရေးပါသော ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် နိုင်ငံအချို့အပေါ်တွင်သာ မှီခိုနေရခြင်းတို့နှင့်ပတ်သက်၍ စိုးရိမ်မှုရှိလာခြင်းဖြစ်သည်။ လက်ရှိရင်ဆိုင်နေရသော ဥရောပဒေသ၏ရုရှားစွမ်းအင်အပေါ် အလွန်အမင်းမှီခိုမှု၏အခက်အခဲကိုမြင်နေကြပြီ။ နိုင်ငံ၏ အရေးပါသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို တိုင်းပြည်အချို့ပေါ်တွင်သာ ပုံသေမှီခို နေမှုနှင့်ပတ်သက်၍ ဖြစ်လာသောအကျိုးဆက်များနှင့်ပတ်သက်၍ နိုင်ငံအများသည် ၎င်းတို့၏ အရေးပါသောကုန်စည်များမှီခိုမှုအတွက် ပြန်လည်ဆွေးနွေးစရာများ ဖြစ်လာခဲ့သည်။  

(၄)

အမေရိကန်ပြည်ထောင်စု၏ရောင်းလိုအားကွင်းဆက်ပြောင်းလဲပြင်ဆင်ပုံဖော်မှုမှ အကျိုးကျေးဇူးအဓိကဖြစ်ထွန်းသည်နိုင်ငံမှာ မက္ကဆီနိုင်ငံဖြစ်နိုင်ဖွယ်ရှိသည်ဟုဆွေးနွေးကြသည်။ မက္ကဆီနိုင်ငံသည် ပညာတတ်လုပ်သားအင်အားထုနှင့်ထည်နှင့်ရှိခြင်း၊ လုပ်ခလစာအခြေအနေ မြင့်မားမှုမရှိခြင်း ၊ မီးရထားပို့ဆောင်ရေးနှင့် စီးပွားရေးလုပ်ငန်းများတိုးတက်ဖြစ်ထွန်းမှုကို အားပေးသော  နိုင်ငံရေးဝန်းကျင်ရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု အမေရိကန် မာလ်တီနေရှင်နယ်လ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဘလက်ရော့ခ် (BlackRock) ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (စီအီးအို) ဖြစ်သူ လော့ရင့်ဒီဖင့်ခ် ( Laurence D. Fink ) က မှတ်ချက်ပြုသည်။ သို့သော် အရှေ့ဥရောပ၊ တူရကီ၊ အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှ၏ ဒေသအချို့ကိုပါ ထည့်သွင်းစဉ်းစားလျက် အမေရိကန်၏ ပြောင်းလဲမှုများအပေါ် မက္ကဆီ ကို တစ်နိုင်ငံတည်း ခံစားခွင့်ရရှိနိုင်မည်မဟုတ်ဟုလည်း  ၎င်းကထပ်မံသုံးသပ်သည်။   

(၅)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအန်ဂေါဇီက  အနာဂတ်ကမ္ဘာ့ကုန်သွယ်မှုတွင် အားလုံးပါဝင်မှုကို အထူးတလည် ဦးစားပေးရမည်ဟုဆိုသည်။ နိုင်ငံအများအပြားသည် ၎င်းတို့၏ တစ်နိုင်ငံချင်း ကုန်သွယ်မှု မူဝါဒတွင် အမျိုးသားလုံခြုံရေးကို ဦးစားပေးဆောင်ရွက်လာသောကြောင့် မည်သည့် နိုင်ငံမဆိုထက် ရင်းနှီးခင်မင်သော မိတ်ဆွေနိုင်ငံများနှင့်သာ ကုန်သွယ်စီးပွားဆက်ဆံမှုများ ပိုမိုပြုလုပ်လာကြသည်။ ထိုအခြေအနေသည် နိုင်ငံများအကြား စီးပွားရေး အကျိုးအမြတ်များ ခွဲဝေခံစားမှု၌မညီမျှမှုများ ရှိလာမည့်အန္တရာယ်ရှိနေသည်ဟုလည်း ထောက်ပြကြသည်။ လက်ရှိအခြေအနေအရ နိုင်ငံအားလုံး ပါဝင်နိုင်ပြီး ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကို ဦးစားပေးသည့် ကုန်သွယ်ရေးအစီအစဉ်တစ်ခုကိုဖန်တီးခြင်းသည် အဓိကဦးစားပေးဖြစ်သည်။ 

မကြာသေးခင်က အမေရိကန်နိုင်ငံ စီးပွားရေးမူဝါဒထဲ၌ပါရှိသည့် စဉ်ဆက်မပြတ်တည်တံ့မှု (sustainability) ဆိုသည်နှင့်ပတ်သက်၍ ဥရောပအစိုးရအများစုက ကြိုဆိုခဲ့ကြပြီးဖြစ်သည်။ ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒားဒီကရူး ( Alexander De Croo) ကလည်း ရာသီဥတုရေးရာကိစ္စများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ မှန်ကန်သောလမ်းကြောင်းဘက်တွင် ပြောင်းရွှေ့ရပ်တည်လာမှုအတွက် နိုင်ငံများစိတ်သက်သာရရခဲ့ကြသည်ဟုပြောကြားထားသည်။

  အခြားတစ်ဖက်တွင် ဥရောပခေါင်းဆောင်များသည် မကြာသေးမီကအတည်ပြုခဲ့သည့် အမေရိကန် ဥပဒေများနှင့်ပတ်သက်၍  စိုးရိမ်မှုများ အမှန်ပင်ရှိခဲ့သည်ဟုလည်းဆိုသည်။ သို့သော် အခြေအနေအရပ်ရပ်ကို ခြုံငုံကြည့်သောအခါ အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းများရှိနေပြီး ဥရောပအတွက်အခွင့်အလမ်းများ ပေးထားသည်ကိုတွေ့ရသည်ဟု ကောက်ချက်ချသည်။ သုတေသနဆိုင်ရာကဏ္ဍများနှင့် လေစွမ်းအင်ကဏ္ဍတို့ရှိ ကာလရှည်ရင်းနှီးမြှုပ်နှံမှုကဲ့သို့ ၎င်း၏ သီးခြားအကျိုးဖြစ်စေသည့်အခြေအနေများတွင် အခွင့်အရေးများကိုတွေ့နေရသည်။ ဒေသနှစ်ခုကြား၌ ထိုကဲ့သို့ ညှိနှိုင်းလုပ်ဆောင်မှုများမရှိပါက အခြေအနေ ကောင်းများထွက်လာနိုင်မည်မဟုတ်။ အကယ်၍ ဥရောပနှင့် အမေရိကန်တို့ကြား၌ သက်ဆိုင်ရာတို့က စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ကြေးများ ပိုမို ဖြည့်ဆည်းပေးခြင်း၊ အခွန်လျှော့ချဖြတ်တောက်ပေးခြင်းတို့သာ ပြုလုပ်ခဲ့ပါက နှစ်ဖက်အပြိုင်ဖြစ်လာနိုင်ပြီး ဒေသနှစ်ခုစလုံးအတွက် ဘေးအန္တရာယ်ရှိလာနိုင်သည်။

(၆)

တစ်ဖန် ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒားဒီကရူးက လွန်ခဲ့သောငါးနှစ်က ဆွဲဆောင်မှုများစွာမရှိခဲ့သော စက်မှုပေါ်လစီ (industrial policy) သည်ယခုအချိန်တွင် ဆွေးနွေးမှု၏ထိပ်တန်းအကြောင်းအရာဖြစ်လာခဲ့သည်။  ကုန်သွယ်မှုဆိုင်ရာ ချဉ်းကပ်မှုများနှင့်ပတ်သက်၍  ပြန်လည်စဉ်းစားရန်လိုသည့်အာရုံစိုက်မှုတစ်ခု ဖြစ်လာခဲ့သည်ဟု ဟုဆွေးနွေးထားသည်။ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ၊ ဆိုလာပြားများ၊ ဆီလီကွန်ချစ်ပ်များနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ များသည် အမျိုးသားအဆင့်လုံခြုံရေးနှင့် နိုင်ငံ့စီးပွားရေးခံနိုင်စွမ်းရည်သစ် မြှင့်တင်နိုင်ရေးအတွက် ပြန်လည်ပြုပြင်မွမ်းမံနေသည့် စက်မှုလုပ်ငန်းများထဲ၌အဓိကနေရာတွင် ပါဝင်လာကြခြင်းဖြစ်သည်။       ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအစီအစဉ်၏ အရေးကြီးထိပ်တန်းအစီအစဉ်တွင်ရှိနေသည့် ရေရှည်ကာလ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်မှုအတွက် လိုအပ်ချက်မှာ မာလ်တီနေရှင်နယ်အဆင့် စီးပွားရေးလုပ်ငန်းကြီးများကြား၊ နိုင်ငံအစိုးရများကြား ပူးပေါင်းညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်မှုများသာအဓိကဖြစ်ပေသည်။   

(၇)

နိုင်ငံအများအပြားသည် နှစ်နိုင်ငံကုန်သွယ်မှုသဘောတူညီချက်များကို ရှာဖွေကြသည်။ ထို့ကြောင့် ကမ္ဘာ့ကြီး၏ကုန်သွယ်ရေးသည် နိုင်ငံများကြားအုပ်စုများကွဲလျက် ကုန်သွယ်မှုပမာဏသည်လည်း အစိတ်အပိုင်း၊ အစအနများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အန္တရာယ်ရှိနေသည်။ မည်သို့ပင်ရှိနေစေကာမူမျှတမှုရှိ၍တာရှည်ခံသော၊  နိုင်ငံများအားလုံးလိုက်နာနိုင်သည့် ရှင်းလင်းပြတ်သားသော ကမ္ဘာ့ကုန်သွယ်မြေပြင်စည်းမျဉ်းများ ချမှတ်ပေးနိုင်သည့် ကမ္ဘာ့ကုန်သွယ်

ရေးအဖွဲ့(WTO) ကဲ့သို့သော အဖွဲ့အစည်းများမှာ အမြဲလိုအပ်မြဲ လိုအပ်နေပေလိမ့်မည်။      

ယနေ့ကမ္ဘာ့နိုင်ငံများအားလုံး ရင်ဆိုင်နေရသော ပြဿာနာများကို နိုင်ငံများ အတူတကွပူးပေါင်းလုပ်ဆောင်လုပ်နိုင်မှ ဖြေရှင်းနိုင်မည်။ ထိုပြဿာနများကို ဖြေရှင်းရာတွင် အရေးပါသော အစိတ်အပိုင်းမှာကုန်သွယ်ရေးဖြစ်၏။ ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေးအတွက်လည်း ကုန်သွယ်မှု ပြန်လည်အားကောင်းလာရေးသည် အဓိကဖြစ်၏။ သို့သော် နှစ်နိုင်ငံချင်း၊ ဒေသတစ်ခုချင်းထက် တစ်ကမ္ဘာလုံးရှိ နိုင်ငံအားလုံး အတူတကွ ညှိနှိုင်းပူးပေါင်းလုပ်ဆောင်သည့် မာလ်တီလစ်ထရယ်လစ်ဇင် (multilateralism) အပေါ်တွင် အခြေခံသည့် ကုန်သွယ်ရေးမှသာ  အလုပ်ဖြစ်ပေလိမ့်မည်။       

https://www.eurasiareview.com

 

Most Read

Most Recent