အထည်ချုပ်ကဏ္ဍ တိုးတက်လာသော်လည်း ချည့်နဲ့နေဆဲ မြန်မာ့စီးပွားရေး

အထည်ချုပ်ကဏ္ဍ တိုးတက်လာသော်လည်း ချည့်နဲ့နေဆဲ မြန်မာ့စီးပွားရေး
မြန်မာနိုင်ငံ၏ နှစ်အလိုက် အထည်ချုပ်လုပ်ငန်းမှ ထုတ်ကုန်တင်ပို့မှုပြ ဂရပ် (Source: UN)
မြန်မာနိုင်ငံ၏ နှစ်အလိုက် အထည်ချုပ်လုပ်ငန်းမှ ထုတ်ကုန်တင်ပို့မှုပြ ဂရပ် (Source: UN)
Published 3 February 2023
TRANSLADED- နရီမင်း

ညနေ ၅ နာရီခန့် နေဝင်စပြုချိန်၌ အမျိုးသမီးငယ်များသည် အထည်ချုပ်လုပ်ငန်းများ၏ အချက်အချာနေရာတစ်ခု ဖြစ်သော ရန်ကုန်မြို့ အနောက်မြောက်ဘက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ရုံမှနေ၍ ကုန်တင်ကားတစ်စီးပြီးတစ်စီးဖြင့် အသီးသီး ထွက်ခွာလာကြသည်။

“ကျွန်မရဲ့ အချိန်ပိုက အရင်ကထက် နည်းနေသေးတယ်”ဟု တောင်ကိုရီးယား အမှတ်တံဆိပ်များအတွက် အကျႌနှင့် ခေါင်း စွပ်အကျႌများ ထုတ်လုပ်သည့် အသက် ၃၅ နှစ်အရွယ်ရှိသူတစ်ဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။ သူက ယင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီက နှုန်းထားနှင့် နှိုင်းယှဉ်ပြောဆိုခြင်းဖြစ်သည်။ “ဒါပေမဲ့ စီးပွားရေးက လွန်ခဲ့တဲ့ တစ်နှစ်ကထက်တော့ ပိုကောင်းလာပါတယ်” ဟု သူက ဆိုသည်။

ဖေဖော်ဝါရီ  ၁ ရက်သည် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီး တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေသော်လည်း လုံးလုံးလျားလျား ကျပ်တည်းသွားခြင်း မျိုးကားမရှိပေ။

နှစ်ခွဖြစ်နေသော စီးပွားရေးစနစ်တွင် သာမန်လူများ၏ အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းတစ်ရပ်တွင် ကဏ္ဍအချို့မှာ ယိုယွင်းပျက်စီးနေပြီး အထည်ချုပ်လုပ်ငန်းအပါအဝင် အခြားကဏ္ဍအချို့တွင်မူ ပြန်လည်ဦးမော့လာရန် အဆင့်တစ်ခုသို့ ရွေ့လျားနေသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အမေရိကန်သို့ အထည်ချုပ်ထုတ်ကုန်များ တင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံ ရှိပြီး ယခင်နှစ်အလားတူကာလထက် ၁ ဒသမ ၆ ဆခန့် စံချိန်တင်မြင့်မားလာခဲ့သည်။

အနောက်နိုင်ငံအစိုးရများက တပ်မတော်နှင့် ပတ်သက်သည့် ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားသော်လည်း လူအများအပြား အလုပ်လက်မဲ့ဖြစ်စေမည့် ကြီးမားသော ပိတ်ဆို့အရေးယူမှုများချမှတ်ခြင်းကို ရှောင်ကြဉ်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ မိတ်ဖက်ကုမ္ပဏီများနှင့် ဆက်ဆံရာတွင် အနောက်နိုင်ငံကုမ္ပဏီများအတွက် တရားဝင်ကန့်သတ်ချက်များ ထားရှိခြင်းမရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ကန်ထရိုက်တာများထံမှ ကုန်ပစ္စည်းများကို ဆက်လက်မှာယူနိုင်ရန် H&M Adidas နှင့် Uniqlo အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များအတွက် တံခါးပွင့်နေဆဲ ဖြစ်သည်။

         

စီးပွားရေး ပိတ်ဆို့မှုများ၏ စည်းနှောင်မှုမရှိသော သဘောသဘာဝကို အခြားကဏ္ဍများတွင်လည်း တွေ့မြင်နိုင်သည်။Unilever သည် မြန်မာနိုင်ငံတွင် ဆက်လက်လည် ပတ်နေပြီး Toyota Motor သည် နိုင်ငံရေး မငြိမ်မသက်မှုများကြောင့် နှောင့်နှေးခဲ့ရပြီးနောက် စက်ရုံသစ်ကို စတင်လည်ပတ်နိုင်ခဲ့သည်။

ငွေကြေးဖောင်းပွမှုများဖြစ်ခဲ့သည့်တိုင် စက်ရုံအလုပ်ရုံ လုပ်သားအများစုအတွက် အကျုံးဝင်သည့် အနည်းဆုံး လုပ်ခလစာသည် ၂၀၁၈ ခုနှစ်မှ စတင်ကာ ယခုအထိ ၄,၈၀၀ ကျပ် (၁ ဒသမ ၆၈ ဒေါ်လာခန့်)သာ ဖြစ်နေသေးသော်လည်း စက်ရုံအလုပ်ရုံများကို နေ့စဉ်ဝင်ငွေရှာဖွေရန်အတွက် တစ်ခုတည်း သောနေရာအဖြစ် အများစုက ရှုမြင်နေကြဆဲဖြစ်သည်။

“ကျွန်တော့်ရဲ့ ၁၇ နှစ်အရွယ်သမီးကို အထက်တန်းကျောင်းကနေ ထွက်ခိုင်းလိုက်ရတယ်”ဟု မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနှင့် အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်ကို ဖြတ်သန်းပြေးဆွဲနေသည့် ရထားပေါ်မှ ခရီးသည်တစ်ဦးက ပြောပြသည်။ အစိုးရအပြောင်းအလဲနှင့် သာမန်ပြည်သူများအကြားသုံးစွဲနိုင်မှုနှုန်း ကျဆင်းသွားမှုတို့ကြောင့် ဘူတာရုံတွင် သရေစာရောင်းချရာမှ ရရှိသည့်ဝင်ငွေမှာ တစ်ရက်လျှင် ကျပ် ၁၀,၀၀၀ ဝန်းကျင်မှနေ၍ ကျပ် ၄,၀၀၀ ဝန်းကျင်သို့ ကျဆင်းသွားကြောင်း ကလေး ၁၀ ဦး၏ ဖခင်ဖြစ်သူက ပြောပြသည်။ ယခုအခါ သူ၏သမီးအကြီးဆုံးသည် အိမ်သုံး စရိတ်များအတွက် အထောက်အကူဖြစ်စေရန် အထည်ချုပ်စက်ရုံတစ်ရုံ၌ အလုပ်လုပ်နေရသည်။

ကမ္ဘာ့ကုန်စျေးနှုန်း မြင့်တက်မှုကလည်း ပြင်းထန်စွာထိခိုက်စေခဲ့ပြီး ခိုင်မာမှုလွန်စွာ အားနည်းသော နိုင်ငံသုံးငွေကြေး၏ သက်ရောက်မှုများကို ပေါင်းစပ်လိုက်သည့်အခါ တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုးသည် ဒေါ်လာနှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ကျော်ကျဆင်းသွားခဲ့သည်။ စားနပ်ရိက္ခာ၌ အဓိကဖြစ်သည့် ဆန်၏ စျေးနှုန်းသည် ကာလတူထက် ၁ ဒသမ ၃ ဆ မြင့်တက်ခဲ့ပြီး အများအပြား တင်သွင်းသော စားသုံးဆီစျေးနှုန်းသည် ဇန်နဝါရီလအစောပိုင်းတွင် နှစ်ဆတက်ခဲ့သည်။

ကမ္ဘာ့ဘဏ်၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် နိုင်ငံလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုမျဉ်းအောက် နေထိုင်ရသူရာခိုင်နှုန်း သည် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ရာခိုင်နှုန်း ၄ဝအထိ ရှိလာခဲ့ပြီး COVID-19 ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်တွင် ရာခိုင်နှုန်း ၂၀ မှနေ၍ နှစ်ဆတိုးလာခြင်း ဖြစ်သည်။ လုယက်မှုနှင့် ဖောက်ထွင်းခိုးယူမှု ဖြစ်စဉ်များတိုးမြင့်လာသဖြင့် တရားဥပဒေ စိုးမိုးရေးစနစ်များလည်း ပျက်ပြားလာခဲ့သည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နေ့စဉ်တန်းစီနေသည့် ရှည်လျားလှသော လူတန်းကြီးများကလည်း ပြည်သူများ၏ အခက်အခဲများကို သက်သေခံလျက်ရှိသည်။ ယခုအခါ မြန်မာပြည်သူများသည် ဒုက္ခများကို ခံနိုင်ရည်ကင်းမဲ့လာကာ နိုင်ငံခြားသို့အလုပ်အကိုင် သွားရောက်ရှာဖွေနေကြသူများ ပို၍များလာသည်။

တက္ကသိုလ်ပညာတတ်အလွှာများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားမှုသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအလား အလာကို ထိခိုက်စေပြီး အာဏာပိုင်များက “စနစ်မွမ်းမံခြင်း” ဆောင်ရွက်ရန်ဟုဆိုကာ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို မကြာသေးမီကပင် ဆိုင်းငံ့ထားခဲ့သည်။

စီးပွားရေး ငြိမ်သက်နေဆဲဖြစ်ခြင်းနှင့်အတူ သြဂုတ်လအစောပိုင်းတွင် ပြုလုပ်ဖွယ်ရှိသည့် အထွေထွေရွေးကောက်ပွဲအတွက် နစကအစိုးရက ဆက်တိုက်ပြင်ဆင်လျက် ရှိသည်။ သို့သော် လုံခြုံရေးအခြေအနေမတည်ငြိမ်မှုကြောင့် နစကအစိုးရက ရွေး ကောက်ပွဲကို ရွှေ့ဆိုင်းဖွယ်ရှိနေသည်ဟု ရှုမြင်မှုများလည်း ရှိနေသည်။ နိုင်ငံအနှံ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ နစကအစိုးရကမူ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး အိမ်ထောင်စုများထံ တစ်အိမ်တက်ဆင်း သွားရောက်ခြင်းဖြင့် အရည်အချင်းပြည့်မီသော မဲဆန္ဒရှင်အရေအတွက်ကို ဆုံးဖြတ်ရန် ယခုလတွင် သန်းခေါင်စာရင်း တစ်ရပ်ကောက်ယူခဲ့သည်။ အထွေထွေရွေးကောက်ပွဲများ ကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ သာမန်ပြည်သူများနှင့် ငြိမ်သက်နေသည့် လုပ်ငန်းများအနေဖြင့် စီးပွားရေးအကျပ်အတည်းကို မည်သို့မည်ပုံ ကျော်ဖြတ်နိုင်မည်နည်းဆိုသည်က အရေးကြီးသော မေးခွန်းဖြစ်လာသည်။

“အထွေထွေရွေးကောက်ပွဲအပြီးမှာ တရုတ်နိုင်ငံအနေနဲ့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်စဖို့ကို ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်” ဟု ရန်ကုန်မြို့ရှိ အလတ်စား ကုမ္ပဏီပိုင်ရှင် အသက် ၄၈ နှစ် အရွယ်ရှိ ဦးဝင်းအောင်က အမည်ဝှက်ဖြင့် Nikkei Asia သို့ ပြောကြားခဲ့သည်။ ရွေးကောက်ပွဲအလွန် အခွင့်အလမ်းများကို ရှာဖွေရန်ဒေသတွင်း တိုင်ကွန်းများထံ ချဉ်းကပ်ခဲ့သော တရုတ်နိုင်ငံမှ စီးပွားရေးသမား ၂၀ ခန့်ကို သူသတိပြုမိခဲ့သည်ဟု ‌ဆိုသည်။

ကုလသမဂ္ဂ Comtrade ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှကုန်ပစ္စည်းတင်သွင်းသည့် နိုင်ငံပေါင်း ၁၂၆ နိုင်ငံရှိရာ ယခင်နှစ် (၁၃၄ နိုင်ငံ)ထက် အနည်းငယ်ကျဆင်းသွားခဲ့သည်။ သို့သော် နိုင်ငံများ၏ တင်သွင်းမှု စုစုပေါင်းတန်ဖိုးသည် ခုနစ်ရာခိုင်နှုန်း တိုးလာပြီး ဒေါ်လာ ၂၁ ဘီ လျံနီးပါးရှိလာခဲ့သည်။ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုများကြားမှာပင် တပ်မတော်က နိုင်ငံတော်အာဏာ ထိန်းသိမ်းထားသည့် ပထမနှစ်၌ မြန်မာနိုင်ငံ၏ ပို့ကုန်ကြီးမား ကျယ်ပြန့်လာသည့် သဘောဖြစ်သည်။

ပို့ကုန်မြင့်တက်မှုကို မြန်မာနိုင်ငံမှ အကြီးဆုံးဝယ်ယူသူဖြစ်သည့် တရုတ်နိုင်ငံက ဦးဆောင်ကာ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာရှစ်ဘီလျံကျော်ဖိုးဝယ်ယူမှုဖြင့် ယခင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အဓိက တင်သွင်းသူများအနက် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှဝယ်ယူမှု အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံဖိုး (၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်) အထိ တိုးမြှင့်ခဲ့ပြီး အိန္ဒိယက တင်သွင်းမှု ၃၉ ရာခိုင်နှုန်း (ဒေါ်လာ သန်း ၈၀၀ နီးပါး) အထိ တိုးချဲ့ခဲ့သည်။

မြန်မာနိုင်ငံသည် “တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီး ချင်းနိုင်ငံများနှင့် နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်သင့်သည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရခဲ့သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်သော ဇန်နဝါရီ ၄ ရက်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “ဖိအားနှင့် ဝေဖန်မှု အမျိုးမျိုးကြားတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံအချို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကြံပြုချက်များအတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ပါသည်” တပ်မတော်ခေါင်းဆောင်က ဆိုသည်။

Ref: Nikkei Asia

Most Read

Most Recent