တရုတ်၏ ကိုဗစ် လော့ဒေါင်းကာလအလွန် ကုန်သွယ်ရေးကဏ္ဍ

တရုတ်၏ ကိုဗစ် လော့ဒေါင်းကာလအလွန် ကုန်သွယ်ရေးကဏ္ဍ
Published 31 January 2023
Translate by မေသုတ

တရုတ်တွင် COVID-19 လော့ဒေါင်းများ ချမှတ်မှုများကို လျင်မြန်စွာ အဆုံးသတ်လိုက်ခြင်းသည် ၂၀၂၃ ခုနှစ်၏ စီးပွားရေးဖြစ်ရပ်များထဲတွင် အဓိကဖြစ်ရပ်တစ်ခုအဖြစ် မလွဲမသွေပါဝင်လာမည်ဖြစ်ပြီး ယင်းကဲ့သို့ လော့ဒေါင်းစီမံချက်များကို အဆုံးသတ်မှု၏ သက်ရောက်မှုကို ကျားနှစ်မှ ယုန်နှစ်သို့ ကူးပြောင်းသည့် တရုတ်နှစ်သစ်ကူးကာလအပြီးတွင် သိသာထင်ရှားစွာ မြင်တွေ့ရမည်ဖြစ်သည်။ ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအပေါ်သက်ရောက်မှုကို ခန့်မှန်းရာတွင်လည်း ဒွိဟဖြစ်စေနိုင်သည့် အကျိုးဆက်များ၏ အရှုပ်အထွေးများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

အပြုသဘောဆောင်သည့်ဘက်မှ ကြည့်ရမည်ဆိုပါက စားသုံးသူကဏ္ဍ မြင့်တက်လာမှုသည် ပို့ကုန် ဝယ်လိုအားကို မြင့်တက်စေမည်ဖြစ်သည်။ အပျက်သဘောဆောင်သည့်ဘက်မှ ကြည့်မည်ဆိုပါက တရုတ်၏ စက်မှုလုပ်ငန်းထုတ်လုပ်မှုမြင့်တက်လာခြင်းသည် လောင်စာသုံးစွဲမှုနှုန်းကို ပိုမိုမြင့်တက်လာစေနိုင်ပြီး စွမ်းအင်အတွက် သုံးစွဲရသည့် ကုန်ကျစရိတ်ကို ပိုမိုဖောင်းပွလာစေမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ တရုတ်၏ ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်မှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေထက် ရောဂါကူးစက်မှုများကို အသစ်တစ်ဖန်မြင့်တက်စေနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအကျပ်အတည်းကို ဖြစ်ပွားစေနိုင်လိမ့်မည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။

ကမ္ဘာလုံးဆိုင်ရာနှင့် အထူးသဖြင့် ကုန်စည်ကူးသန်းရောက်ဝယ်မှု စနစ်အပေါ် သက်ရောက်မှုကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ အပြုသဘောဆောင်သည့် အတွေးအမြင်ဘက်မှ ကြည့်ရမည်ဆိုပါက ကုန်သွယ်ရေးကဏ္ဍကို ပြန်လည်ဖွင့်လှစ်ခြင်းသည် တရုတ်၏ ကုန်ကူးသင်္ဘောကဏ္ဍနှင့် ကုန်တင်ကားလမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်မှုတွင် အထောက်အကူရနိုင်ပြီး ထောက်ပံ့ရေးကွင်းဆက်များတွင် ဖိအားများကို လျော့ပါးသက်သာစေနိုင်မည်ဖြစ်သည်။ သို့သော် ယင်းအကူးအပြောင်းကာလသည် လွယ်ကူလိမ့်မည်တော့ မဟုတ်ပေ။

အလုံးစုံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိပ်ကမ်းများနှင့် စက်ရုံများသည်လည်း ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်မှုအခြေအနေအတွက် အရဲစွန့်လုပ်ကိုင်ရမည်ဖြစ်သည်။

ရောဂါကူးစက်ခံရသဖြင့် နေအိမ်တွင် သာနေထိုင်ရသည့် လုပ်သားများသည် ကွန်တိန်နာသေတ္တာများထားရှိသည့် ဂိုထောင်များကို ပြန်လည်ဖွင့်လှစ်နိုင်မည်မဟုတ်ဘဲ ဆိပ်ကမ်းများတွင် ကူးစက်မှုဖြစ်ပွားမည်ဆိုပါက လုပ်သားအင်အားရှားပါးခြင်းထက် ရင်းနှီးငွေပြဿနာများကို ဖြစ်ပွားစေနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါကို သုံးနှစ်နီးပါးကြာထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိတွင် ကိုဗစ်ကူးစက်မှုလှိုင်းအသစ်နှင့် ရင်ဆိုင်နေရသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အကြား ကိုဗစ်ကြောင့် သေဆုံးသူ ၆၀,၀၀၀ ရှိသည်ဟု တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့မှုသည် ရောဂါကူးစက်မှု၏ သက်ရောက်မှုကို လျှော့ချခန့်မှန်းမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခံခဲ့ရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမတိုင်မီအထိ တရုတ်သည် ဗိုင်းရပ်စ်ကို အမြစ်ဖြတ်ရန် မျှော်လင့်ချက်ဖြင့် ရောဂါကူးစက်မှုများကို လျော့ကျစေရန် သို့မဟုတ် ကာကွယ်ဆေးထိုးနှံမှုမှတစ်ဆင့် နိုင်ငံ့လူဦးရေအကြား လုံလောက်သည့် ကိုယ်ခံအားရစေရန် လော့ဒေါင်းချသည့် မူဝါဒများကို ကျင့်သုံးခဲ့သည်။

ထို့ကြောင့် အခြားနိုင်ငံများတွင် ဆိုးရွားသည့်ရောဂါကူးစက်မှုလှိုင်းများကို ရင်ဆိုင်နေရချိန်တွင် တရုတ်၏ တင်းကျပ်သည့် ကိုဗစ်ကင်းစင်မူဝါဒသည် အလွန်အောင်မြင်ခဲ့သည်ဟု ယူဆနိုင်သည်။

မည်သို့ပင်ဆိုစေ ကာလကြာရှည် လော့ဒေါင်းချမှုများသည် စီးပွားရေးနှင့် နိုင်ငံရေးအပေါ် ဆိုးကျိုးသက်ရောက်ခဲ့သည်။ လက်ရှိတွင် တရုတ်၏ ကပ်ရောဂါဆိုင်ရာမူဝါဒသည် ရောဂါကူးစက်မှုမှုများကို တားဆီးခြင်းထက် ရောဂါကူးစက်မှုကို ခြေရာခံခြင်းနှင့် ရောဂါပြင်းထန်လူနာများကို ကုသခြင်းအပေါ် အာရုံစိုက်ထားသည်။

တရုတ်တွင် လက်ရှိဖြစ်ပွားနေသည့် ကူးစက်မှုအခြေအနေကို ပြောင်းလဲနိုင်ခြင်းမရှိပါက ရောဂါကူးစက်ခံရသူတစ်ဦးထံမှ အခြားသူများထံ ကူးစက်ပြန့်ပွားနိုင်မှုအခြေခံနှုန်းသည် ၁၀ ဦးမှ ၁၈ ဦးအထိ မြင့်တက်လာနိုင်ခြေရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။ ထို့ကြောင့် တရုတ်အနေဖြင့် သက်ကြီးပိုင်းအရွယ်များနှင့် ရောဂါအခံရှိသူများကဲ့သို့  ခံနိုင်ရည်အားနည်းသူများကို ထပ်တိုးကာကွယ်ဆေးများ ထိုးနှံပေးရန် လိုအပ်နေသည်။

စားသုံးမှုနှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား

ပြည်တွင်းဝယ်လိုအားဘက်မှ ကြည့်မည်ဆိုပါက တရုတ်သည် ကုန်သွယ်ရေးပိုငွေပြမှု များပြားနေဖွယ်ရှိသည့်တိုင် ပို့ကုန်ယန္တရားအပေါ် ရေရှည်အကျိုးသက်ရောက်စေမည်မဟုတ်ပေ။

၂၀၂၁ ခုနှစ်က တရုတ်၏ သွင်းကုန်ကဏ္ဍတန်ဖိုးသည် ဒေါ်လာ ၂  ဒသမ ၇ ထရီ လျံရှိခဲ့မှုနှင့်အတူ အမေရိကန်၏ သွင်းကုန်ကဏ္ဍတန်ဖိုး ဒေါ်လာ ၂  ဒသမ ၈ ထရီလျံနှင့် နှိုင်းယှဉ်ပါက တရုတ်သည် သွင်းကုန်ကဏ္ဍတွင် အမေရိကန်ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်ခဲ့သည်။

အတက်ဘက်မှပြောရမည်ဆိုလျှင် စားသုံးသူကဏ္ဍကြီးမားစွာမြင့်တက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားအတွက် ပိုမိုဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။ အကျဘက်မှ ပြောရမည်ဆိုပါက ကွန်တိန်နာသေတ္တာလမ်းကြောင်းများ ပိုမိုများပြားလာမည်ဆိုပါက ၂၀၂၀ ပြည့်နှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် ထောက်ပံ့ရေးကွင်းဆက်တွင် ဖိအားများကို ထပ်မံဖြစ်ပွားလာစေနိုင်သည်။

ကုန်သွယ်ရေးကဏ္ဍပြန်လည်ဖွင့်လှစ်မှုသည် တင်းကျပ်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားသည့်အချိန်နှင့် တိုက်ဆိုင်နေသော်လည်း လူတိုင်းလိုချင်နေမည့် အကြောင်းရင်းများအတွက် မဟုတ်ပေ။

အေးခဲကုန်စည်များ သယ်ယူပို့ဆောင်သည့်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအတွက် စောင့်ဆိုင်းရသည့်အချိန်ကာလများသည် ပြီးခဲ့သည့်နှစ် ပထမနှစ်ဝက်တွင် ယိုယွင်းခဲ့ပြီး ယင်းအခြေအနေသည် ဆိပ်ကမ်းများနှင့် ကုန်ကူးသင်္ဘောများ၏ လည်ပတ်ပုံအခြေအနေကြောင့်မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မျှော်မှန်းထားသည့် အလားအလာများကြောင့်ဖြစ်ကာ ကုန်တင်သင်္ဘောများ သွားလာမှုလမ်းကြောင်းမှာ နည်းပါးခဲ့ရသည်။

ယင်းကဲ့သို့ဖြစ်ပွားနေချိန်တွင် ပြီးခဲ့သည့်နှစ်က တရုတ်၏ အကန့်အသတ်ရှိသည့် စီးပွားရေးပြန်လည်ဖွင့်လှစ်မှုများသည် ထောက်ပံ့ရေးကွင်းဆက်များအပေါ်ကျရောက်နေသည့်ဖိအားများကို  ပိုမိုဆိုးရွားစေခဲ့ပြီး လုပ်သားများအကြား ကူးစက်မှုနှုန်းမြင့်မားနေခြင်းက ယင်းအခြေအနေကို ဖြစ်စေခဲ့သော်လည်း သက်ရောက်မှုအခြေအနေများ ဆိုးဆိုးရွားရွား မရှိခဲ့ပေ။

New York Federal Reserve မှ စီးပွားရေးပညာရှင်များမူ ကုန်စည်ပို့ဆောင်မှုအချိန်ကာလနှင့် ကုန်စည်များ သိုလှောင်ထားမှုအပါအဝင် ထောက်ပံ့ရေးကွင်းဆက်ဖိအား၏ ဘက်စုံပါဝင်သည့် ညွှန်းကိန်းတစ်ခုကို ဖော်ဆောင်ခဲ့သည်။

အေးခဲကုန်စည်ပို့ဆောင်မှုပမာဏ ကျဆင်းမှုသည် ၂၀၂၁ ခုနှစ်ကုန်ပိုင်းက သမိုင်းဝင် ပျမ်းမျှပမာဏအထက် သွေဖည်သည့် ၄ ဒသမ ၃ စံနှုန်းမှ လျင်မြန်စွာ ကျဆင်းခဲ့သည်ဟု ဆိုသည်။

COVID-19 အန္တရာယ်များ

ရောဂါကူးစက်မှုများ မြင့်တက်ခြင်းသည် လူသားများအတွက်သာမက ထောက်ပံ့ရေးကွင်းဆက်အပေါ် ဖိအားများကိုလည်း မြင့်တက်လာစေမည်ဖြစ်သည်။

သို့သော် ယခင်က ထောက်ပံ့ရေးကွင်း ဆက်ပြတ်တောက်ရသည့် အခြေအနေများသည် ကမ္ဘာတစ်ဝန်းလုံးတွင် တစ်ချိန်တည်းအတွင်း ရောဂါကူးစက်မှုများဖြစ်ပွားခဲ့သဖြင့် ပိုမိုထိခိုက်ခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု New York Fed စီးပွားရေးပညာရှင်များက ထောက်ပြခဲ့သည်။

တရုတ်၏ ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်မှုသည် အဓိကကျသည့်အခြေအနေတစ်ခုဖြစ်သည်။ ကပ်ရောဂါနှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးတင်းမာမှုများ၏ အဓိကသက်ရောက်မှုတစ်ခုမှာ လော့ဒေါင်းပြသနာများ အထွေအထူးမကြုံတွေ့ရသည့် အိန္ဒိယနှင့် ဗီယက်နမ်ကဲ့သို့ ကုန်ထုတ်လုပ်သည့် နေရာများအပေါ် နိုင်ငံတကာ၏ အာရုံပြောင်းလဲခဲ့မှုဖြစ်သည်။

ထောက်ပံ့ရေးကွင်းဆက် တစ်ဆို့မှုသည် အားလုံးအတွက် ကြီးမားသည့်ပြသနာတစ်ခု ဟုတ် မဟုတ်ဆိုခြင်းအပေါ် မေးခွန်းများလည်း ကျန်ရှိနေဆဲဖြစ်သည်။

၂၀၂၁ ခုနှစ်က အမေရိကန်၏အနောက်ဘက် ကမ်းရိုးတန်းတွင် သင်္ဘောများ တန်းစီစောင့်ဆိုင်းနေသည့် မြင်ကွင်းသည် သိသာထင်ရှားလှသည်။

သို့သော်လည်း ယင်းဆိပ်ကမ်းများတွင် စံချိန်တင်များပြားလှသည့် ကုန်စည်များကို လက်ခံနိုင်ရန်အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး ယင်းအခြေအနေသည် ကိုဗစ်ကပ်ရောဂါလှိုင်းအလွန် ပြန်လည်နာလန်ထူနေရသည့် ကမ္ဘာလုံးဆိုင်ရာ ပို့ကုန်ကဏ္ဍကို ရပ်တန့်နိုင်မည်မဟုတ်ပေ။

အလုံးစုံစားသုံးသူကဏ္ဍသည် တာရှည်ခံသည့် ကုန်စည်များအပေါ် ဝယ်လိုအားမြင့်တက်နေမှုနှင့် နှိုင်းယှဉ်ပါက လျော့နည်းနေသည့်တိုင် တရုတ်၏ စားသုံးသူစျေးကွက်သာ ပြန်လည်မြင့်တက်လာမည်ဆိုလျှင် ဝယ်လိုအားကဏ္ဍကမောင်းနှင်သည့် ကုန်စည်တစ်ဆို့မှုအခြေအနေသည် ပြန်လည်ပေါ်ပေါက်လာဖွယ်ရှိနေသည်။

Ref:Finicial Times/CNA

Most Read

Most Recent