ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ အဓိကတွဲဆိုင်းပါဝင်သည့် TGL-3 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ တွဲဆိုင်း (၈) ဆိုင်းထုတ်ပြန်

ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ အဓိကတွဲဆိုင်းပါဝင်သည့် TGL-3 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ တွဲဆိုင်း (၈) ဆိုင်းထုတ်ပြန်
Photo: Canal+
Photo: Canal+
Published 16 January 2023

မြန်မာပြည်အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့် စိန်ခေါ်သူ သွေးသစ်ဝင်းလှိုင်တို့၏ အဓိကတွဲဆိုင်းပါဝင်သည့် TGL-3 မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ၏တွဲဆိုင်း(၈) ဆိုင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

TGL-3 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမည့် ဇန်နဝါရီ(၂၉) ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ရေကူးအသံလွှင့်စက်ရုံတွင် ပရိသတ်မပါဘဲ ရုံပိတ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို Canal+ Sports ရုပ်သံလိုင်းတွင် နေ့လယ်(၂) နာရီအချိန်မှစ၍ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

TGL-3 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် တွဲဆိုင်း(၈) ဆိုင်းပါဝင်မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ်(၇၄-၇၇) ကီလိုတန်းတွင်  မြန်မာပြည်အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့် စိန်ခေါ်သူသွေးသစ်ဝင်းလှိုင်တို့ ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ဒုတိယ ခေါင်တွဲဆိုင်းအဖြစ်(၆၃.၅-၆၇) ကီလိုတန်းတွင် အဲမွီနှင့် ကမ္ဘာရှား၊ (၆၀- ၆၃.၅) ကီလိုတန်းတွင် စောရွှေလေးနှင့် မိုးထက်အောင်၊ (၅၇- ၆၀) ကီလိုတန်းတွင်  ရှမ်းတောက်နှင့် သွေးလင်းထက်၊ (၆၃.၅-၆၇) ကီလိုတန်းတွင် စောဂျွန်နှင့် စောထွန်းဝင်းအောင်၊ (၆၃.၅-၆၇) ကီလိုတန်းတွင်  စောကဲနှင့် သားစိုး၊ (၅၄- ၅၇) ကီလိုတန်းတွင် စိုးမင်းထိုက်နှင့် ကစောထူး၊  (၅၇- ၆၀) ကီလိုတန်းတွင် စောနိုင်လင်းနှင့် ကျားရိုင်းတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်(၁၄) ရက်က မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ(MLWC-7) အဖြစ် အီရန်နိုင်ငံသား မွေထိုင်းလက်ဝှေ့သမား ဆိုလီမာနီနှင့် နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ထားပြီး ပထမအချီအတွင်းမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ထွန်းထွန်းမင်းသည် ဆိုလီမာနီနှင့် မတိုင်မီ ပွဲထိုးသတ်မှုနှင့် ကွာဝေးနေခဲ့သည်မှာ(၂) နှစ်ဝန်းကျင်ရှိခဲ့သည်။

ထွန်းထွန်းမင်းသည် ဆိုလီမာနီနှင့် ထိုးသတ်အပြီး(၅) လကျော်အကြာတွင် ယခုပွဲအဖြစ် သွေးသစ်ဝင်းလှိုင်းနှင့် ထိုးသတ်ရခြင်းဖြစ်သည်။

ထွန်းထွန်းမင်းသည် ယခုထိုးသတ်မည့် သွေးသစ်ဝင်းလှိုင်နှင့်ပွဲအတွက် ဆိုလီမာနီနှင့် ထိုးသတ်ပြီးချိန်မှစ၍ လေ့ကျင့်မှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

သွေးသစ်ဝင်းလှိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကရင်နှစ်သစ်ကူးအထိမ်းအမှတ်ပွဲအဖြစ် ထိုင်းနိုင်ငံသား မွေထိုင်းလက်ဝှေ့အကျော်အမော် ဖာမီချိုင်းနှင့် နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ထားပြီး(၅) ချီပြီးဆုံးသည်အထိ အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေကျခဲ့သည်။

ယခု TGL-3 တွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲမှာ အမှတ်ပေးစည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ဖြစ်၍ အရှုံးအနိုင်ပြတ်သားမည်ဖြစ်သောကြောင့် မြန်မာပြည်အလွတ်တန်းချန်ပီယံအတွက် ပရိသတ်များက စိတ်ဝင်စားနေသည်။

Most Read

Most Recent