ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်ဟု နစကဥက္ကဋ္ဌ ပြောကြား

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်ဟု နစကဥက္ကဋ္ဌ ပြောကြား
Published 10 January 2023

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့အား ကိုယ်စားပြုသူများကို ကိုယ်တိုင်ရွေးချယ်ပေးပြီး အုပ်ချုပ်စေသည့်စနစ်ပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာလည်း မတူကွဲပြားနေသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ဟု ဆိုရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ အတူတကွပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်ဖြစ်ကြောင်း၊ သို့မှသာစစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာမည်ဖြစ်ပြီး မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်စေရေးဦးတည်ချက်နှင့် လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို လှမ်းချီတည်ဆောက်နေရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး၏ စဉ်းစားတွေးခေါ်မြော်မြင်နိုင်မှု၊ အသိဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့သည် လွန်စွာအရေးကြီးကြောင်း၊ တစ်နိုင်ငံလုံးအတွက်၊ ပြည်သူတစ်ရပ်လုံးအတွက် စဉ်းစားလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ မိမိတို့၏ ရပ်တည်ဆောင်ရွက်နေမှုများအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး အကောင်းအဆိုး၊ အမှားအမှန်ကို ခွဲခြားဆင်ခြင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုနည်းတူ မိမိတို့ပြည်နယ်၏ အနာဂတ်ကို ဆက်လက်ဖော်ဆောင်ကြမည့် လူငယ်များကိုလည်း အသိပညာဗဟုသုတပြည့်ဝရေး၊ မျိုးချစ်စိတ်ဓာတ်ရှိရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံကြွယ်ဝရေး ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံနှင့်လူမျိုးနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုအင်အားဖြင့် အခိုင်အမာရင်ဆိုင် ကျော်လွှားနိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါဖြစ်ရာ ယခုကဲ့သို့ ထူးမြတ်သော (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခါသမယတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်စုံပိုင်ဆိုင်နိုင်ကြပါစေကြောင်း မေတ္တာပို့သပါသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent