မြန်မာနယ်စပ်အနီးတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသူ ခြောက်ဦးကို ထိုင်းစစ်တပ်က ပစ်သတ်

မြန်မာနယ်စပ်အနီးတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသူ ခြောက်ဦးကို ထိုင်းစစ်တပ်က ပစ်သတ်
Photo - the thaiger
Photo - the thaiger
Published 10 January 2023

ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနိုင်ငံနှင့် နယ်စပ်အနီးတောတွင်းတစ်နေရာတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူများဟု သံသယရှိသူ ခြောက်ဦးကို ထိုင်းစစ်တပ်က ပစ်သတ်လိုက်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသည် ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံတို့ တွေ့ဆုံရာ ရွှေတြိဂံနယ်မြေအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေရာသည် အကြိမ်ကြိမ်နှိမ်နင်းမှုများ ရှိနေသည့်ကြားက မှောင်ခိုကုန်ကူးရာ အချက်အချာနေရာလည်းဖြစ်သည်။

ဇန်နဝါရီ  ၉ ရက် အရုဏ်မတက်မီ မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် ဖန်းခရိုင်တွင် ရိန်းဂျားတပ်ဖွဲ့သည် ၁၅ ဦးမှ ၂၀ ဦးအထိပါဝင်သော လူအုပ်စုနှင့် ရင်ဆိုင်တွေ့ခဲ့ရကြောင်း ထိုင်းစစ်တပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နယ်စပ်ပြည်နယ်ခြောက်ခုကို စောင့်ကြည့်နေသည့် ဖာမူအန်းတာဝန်ကျတပ်ဖွဲ့သည် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မှောင်ခိုကုန်ကူးသူခြောက်ဦးကို သေဆုံးစေခဲ့ကြောင်း သိရသည်။

စစ်သားများက အမျိုးသားများ ပိုင်ဆိုင်သည့် ကျောပိုးအိတ် ၁၉ အိတ်ကို ရှာဖွေခဲ့ရာ ကီတမင်း ၃၀၀ ကီလိုဂရမ် (ပေါင် ၆၆၀) နှင့် သေနတ် သုံးလက်တို့ကို တွေ့ရှိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လကလည်း မြန်မာနယ်စပ်အနီးတွင် မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးသူ ၁၅ ဦးကို ထိုင်းစစ်သားများက ပစ်သတ်ခဲ့သေးသည်။

အဆိုပါလူအုပ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် ၎င်းတို့က ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းနောက် မြန်မာနိုင်ငံဘက်တွင် ထုတ်လုပ်လေ့ရှိပြီး အာရှတစ်ဝန်းသို့ တင်ပို့ရန်အတွက် ထိုင်းနှင့် လာအိုနိုင်ငံတို့မှတစ်ဆင့် သယ်ဆောင်တတ်သည့်  မက်အမ်ဖီတမင်းစိတ်ကြွဆေးပုံဆောင်ခဲများအား ၎င်းတို့က သယ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှတစ်ဝန်းရှိ အာဏာပိုင်များသည် မကြာသေးမီနှစ်များအတွင်း စိတ်ကြွဆေးများ ဖမ်းဆီးရရှိမှု စံချိန်တင်ခဲ့သည်။                                               

Ref:AFP

Most Read

Most Recent