နစက၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP ကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ်ဆွေးနွေးပွဲ ညှိနှိုင်းမှုများမှ သဘောတူညီချက်များကို လက်မှတ်ရေးထိုး လဲလှယ်

နစက၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP ကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ်ဆွေးနွေးပွဲ ညှိနှိုင်းမှုများမှ သဘောတူညီချက်များကို လက်မှတ်ရေးထိုး လဲလှယ်
Published 8 January 2023

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ တတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ တတိယနေ့ကို ဇန်နဝါရီ ၇ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြခဲ့ကြောင်းသိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် သုံး ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများအား ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြောင်းသိရသည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြပြီးနောက် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုတတိယအကြိမ်ဆွေးနွေးပွဲတွင် ဒုတိယအကြိမ်ဆွေးနွေးပွဲ သဘောတူညီချက်များအရ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသညိ့ ကိစ္စရပ်များနှင့် အဖွဲ့အသီးသီး၏ နိုင်ငံရေးလိုလားချက်များကို နှစ်အပြန်အလှန်ဆွေးနွေးခြင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှ အခြေခံကျသော ပုဒ်မများကိုပြင်ဆင်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

Most Read

Most Recent