မြောက်ကိုရီးယားခေါင်းဆောင်နေရာကို ရောက်လာနိုင်သည့် စတုတ္ထ ကင်မျိုးဆက်

မြောက်ကိုရီးယားခေါင်းဆောင်နေရာကို ရောက်လာနိုင်သည့် စတုတ္ထ ကင်မျိုးဆက်
Photo: Reuters
Photo: Reuters
Published 7 January 2023
TRANSLATED BY- ခက်ဝေ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပြီးခဲ့သည့်လများက ၎င်း၏ ၁၀ နှစ်ခန့်အရွယ် သမီးလေးတစ်ဦးကို လူပုံအ လယ်ပွဲထုတ်ပြခဲ့ခြင်းသည် ၎င်း၏သားသမီးတစ်ဦးဦးက တစ်နေ့နေ့တစ်ချိန်ချိန်တွင်  ၎င်း၏အမွေကိုဆက်ခံလိမ့်မည်ဖြစ်ကြောင်းကို ပြည်သူများအား အရိပ်ပြခြင်းတစ်မျိုးဖြစ်နိုင်သည်ဟု တောင်ကိုရီးယားထောက်လှမ်းရေးဌာနက ပြီးခဲ့သည့်လွှတ်တော်ကော်မတီအစည်းအဝေးတစ်ရပ်တွင် ပြောကြားခဲ့သည်။ဤမှန်းဆချက်သာမှန်ခဲ့ပါက တိုင်းပြည်အာဏာကို ကင်မိသားစုဝင်တစ်ဦးက တတိယအကြိမ်လွှဲယူမှုဖြစ်လာလိမ့်မည်။

ကင်ဂျုံအွန်သည် ပြီးခဲ့သည့်လပိုင်းက အရေးပါသည့်နေရာသုံးခုသို့ သမီးဖြစ်သူကိုခေါ်လာခဲ့သည်။ ပဲ့ထိန်းဒုံးပစ်လွှတ်သည့် နေရာသို့ တစ်ခါ ၊ မြောက်ကိုရီးယား လက်နက်ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံသည့် တစ်ခါ၊ ဒုံးလက်နက်သိုလှောင်ရေးနေရာသို့ လာကြည့်သည့် တစ်ခါတို့တွင် ကင်နှင့်အတူထိုကလေးပါလာခဲ့သည်။ သားသမီးများထဲ တွင် ကင်ပထမဆုံးပွဲထုတ်ခံရသည့်ကလေးလည်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ထိုကလေးကို ကင်ဂျုံအွန်အချစ်ဆုံးသမီးဟု ကြေညာခဲ့သည့်အတွက် ကင်၏နေရာကို ဆက်ခံမည့်သူအဖြစ် လက်သပ်မွေးထားသလားဆိုသည့် ငြင်းခုံမှုများလည်း ပေါ်ထွက်လာခဲ့သည်။နိုင်ငံပိုင်မီဒီယာက ကင်၏သား သမီးများအကြောင်းကို တစ်ခါမျှထည့်သွင်း ကြေညာတတ်သည် မဟုတ်ပေ။

ကင်သည် ကမ္ဘာ့အသိုသိပ်ဆုံး တိုင်းပြည်များထဲမှတစ်ခုကို ဦးဆောင်နေသူဖြစ်သည့်အလျောက် ၎င်း၏ကိုယ်ရေးကိုယ်တာ ကို အသိခံသူမဟုတ်ဘဲ ဇနီးရီဆိုးဂျူနှင့် လက်ထပ်ပြီးနောက်လည်း ထိုကိစ္စကို အချိန်အတိုင်းအတာတစ်ခုအထိ လျှို့ဝှက်ထားခဲ့သည်။

ကင်ဂျူအယ် လူမြင်ကွင်းတွင် ပေါ်လာခြင်းသည် ကင်ဂျုံအွန်တွင် သားသမီးရှိသည်ကို မြောက်ကိုရီးယားအစိုးရက ပထမဆုံး အတည်ပြုခြင်းဖြစ်ပြီး နိုင်ငံပိုင်မီဒီယာသတင်းတွင် ကင်ဂျူအယ် ပါမလာမီအထိ သာမန်မြောက်ကိုရီးယားပြည်သူများမှာ ကင်၏သားသမီးများကို မမြင်ခဲ့ဖူးပေ။

ဇန်နဝါရီ ၅ ရက်က တံခါးပိတ်ပြုလုပ်သည့် လွှတ်တော်ကော်မတီအစည်းအဝေးတွင် လူမြင်ကွင်းနေရာများသို့ သမီးဖြစ်သူကို ခေါ်လာခြင်းမှာ ကင်မိသားစုအတွင်း အာဏာလက်ဆင့်ကမ်းဆက်ခံမှု နောက်တစ်ချီဆက်ရန် ဆုံးဖြတ်ထားသည်ကို ကင်ဂျုံအွန်ကပြည်သူများအားသိစေလိုခြင်းဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးဌာန(NIS) က ပြောကြားသွားသည်ဟု ထိုအစည်းအဝေးသို့ တက်ရောက်သည့် လွှတ်တော်အမတ် ယူဆန်းဘမ်ဆိုသူက ပြောသည်။

သို့သော် ကင်ဂျူအယ်ကို ဖခင်နှင့်တွဲမြင်ရရုံဖြင့် ကင်နေရာကို ဆက်ခံမည့်သူဟု သေချာပေါက်မမှတ်ယူနိုင်ဟုလည်း NIS က ပြောသည်။ တောင်ကိုရီးယားမီဒီယာများ၏ ဖော်ပြချက်အရ ကင်တွင် ၂၀၁၀ ၊ ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်တွင်မွေးဖွားသည့် သားသမီးသုံးဦးရှိပြီး ပထမကလေးက သားယောက်ျားလေး၊ တတိယကလေးက သမီးလေးဖြစ်သည်။NIS အဆိုအရ ဂျူအယ်သည် ဒုတိယကလေးဖြစ်ပြီး အသက်အားဖြင့် ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ကင်ဂျူအယ်သတင်းက ၂၀၁၃ ခုနှစ်က မြောက်ကိုရီးယားသို့ အမေရိကန်ဘတ်စကတ်ဘောကစားသမားဟောင်း ဒန်းနစ်ရော့မန်း  လာရောက်လည်ပတ်စဉ်က တစ်ကြိမ်ထွက်လိုက်သေးသည်။ ထိုစဉ် ရော့မန်းက ကင်၏သမီး ဂျူအယ်ဆိုသည့်ကလေးနှင့် ၎င်းတို့ ဆုံဖူးကြောင်း၊ ကင်ဂျုံအွန်သည် ဖခင်ကောင်းတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

ဇန်နဝါရီ ၈ ရက်တွင် အသက် ၃၉ နှစ် ပြည့်မည့်ကင်ဂျုံအွန်က ၁၉၄၈ ခုနှစ်တွင် နိုင်ငံထူထောင်ပြီးချိန်မှစ၍ မြောက်ကိုရီးယားကိုအုပ်ချုပ်လာသည့် ကင်မိသားစု၏ တတိယမျိုးဆက်ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာတွင်

ဖခင်ကင်ဂျုံအီ ကွယ်လွန်ပြီးနောက် ကင်ဂျုံအွန်က အာဏာအမွေကိုရခဲ့ပြီး ကင်ဂျုံအီက ဖခင်လည်းဖြစ်၊ နိုင်ငံထူထောင်သူလည်း ဖြစ်သည့် ကင်အီဆွန်း ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်သွားချိန် ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ကင်ဂျုံအွန်၏ဖခင် ကင်ဂျုံအီသည် သားသမီးအကြီးများကိုကျော်ကာ ၎င်းနှင့်အတူဆုံး ဆိုသည့်ကင်ဂျုံအွန်ကိုသာ အရိုက်အရာ ဆက်ခံစေခဲ့သည်။

ထို့ကြောင့်ကင်ဂျုံအွန်ကလည်း ထိုလမ်းစဉ်အတိုင်း လိုက်ချင်ပုံရသည်။ ထိုကလေးတွင် ၎င်းနှင့်အတော်ပင်တူသည်ဟု ကင်ဂျုံအွန် မြင်ထားသည့်အရည်အချင်းများရှိနေပုံရသည်ဟု တောင်ကိုရီးယားရှိ Sejong Institute မှ မြောက်ကိုရီးယားအရေး လေ့လာမှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူ ချောင်ဆုန်းချန်က AFP ကို ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်များစွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အခြားနှစ်များထက် ဒုံးကျည်ပစ် လွှတ်မှုစံချိန်တင်များပြားခဲ့သည်။ ယင်းအခြေအနေမျိုးတွင် ကင်ဂျုံအွန်က သမီးဖြစ်သူကို ကမ္ဘာကို ချပြလိုက်ခြင်းသည် မြောက်ကိုရီးယားအစိုးရ ပျောက်ပျက်သွားမည်မဟုတ်ကြောင်းကို ကမ္ဘာကို အသိပေးလိုက်ခြင်းဖြစ်သည်ဟုလည်း ခွဲခြမ်းလေ့လာသူ နောက်တစ်ဦးကဆိုသည်။

နိုဝင်ဘာက ထွက်ပေါ်ခဲ့သည့် ဓာတ်ပုံများကို ကြည့်ခြင်းဖြင့် ကင်နှင့်သမီးဖြစ်သူတို့ သားအဖနှစ်ဦးအကြား ရင်းနှီးမှုအတိုင်းအ တာကို မြင်နိုင်သည်၊ ကလေးကို အနာဂတ်ခေါင်းဆောင်လောင်းအဖြစ် ပျိုးထောင်ထားသည့်ပုံရသည်ဟု ၎င်းက AFP ကို သုံးသပ်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအရေးစောင့်ကြည့်လေ့လာသူများအတွက်မူ ကင်ဂျူအယ် ထွက်ပေါ်လာမှုသည် အကြီးအကျယ် အံ့အားသင့် စရာဖြစ်ခဲ့ရသည်။ အကြောင်းကား ကင်ဂျုံအွန်နှင့် ဖခင်ကင်ဂျုံအီတို့နှစ်ဦးစလုံးက အရွယ်ရောက်ပြီးနောက်မှ ပွဲထုတ်ခံရခြင်းကြောင့် ဖြစ်သည်။

မြောက်ကိုရီးယားအရေး သုံးသပ်သူများအတွက် သမီးဖြစ်သူကို ကင်ဂျုံအွန် ထုတ်ပြလိုက်သည့်သတင်းက အစွမ်းထက်ဆုံးတိုက် ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာလွှတ်တင်လိုက်သည်ဆိုသည့် သတင်းထက် ပို၍စိတ်ဝင်စားစရာကောင်းခဲ့သည်။ အဘယ်ကြောင့်နည်း။၎င်းသည် မြောက်ကိုရီးယားအစိုးရနှင့် နျူကလီးယားလက်နက်စီမံကိန်း အနာဂတ်တို့နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာများစွာ ဖြစ်စေသည်။

ကင်ဂျူအယ်က ဖခင်နေရာအတွက် အရွေးခံထားရပြီး တစ်နေ့တွင် တိုင်းပြည်ကို အုပ်ချုပ်မည့်သူလားဆိုသည့် ခန့်မှန်းချက် အပြင် ကင်ဂျူအယ်ကို ငယ်ငယ်ရွယ်ရွယ်ဖြင့် ပွဲထုတ်သည့်အကြောင်းရင်းကလည်း မေးချင်စရာဖြစ်သည်။ ကင်က သမီးဖြစ်သူကို ခေါင်းဆောင်လောင်းအဖြစ် ပြင်ဆင်ပေးနေသည် မှန်ခဲ့လျှင် ကင်၌ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ရှိနေပြီလား တွေးစရာဖြစ်ပြန်သည်။ လူမြင်ကွင်းမှ ကင်ပျောက်သွားတိုင်းလည်း ၎င်း၏ကျန်းမာရေးသည် ထင်ကြေးပေးကြ သည့် အကြောင်းကိစ္စများထဲမှ တစ်ခုဖြစ်ခဲ့သည်။အကြောင်းမူကား အစိုးရတည်ငြိမ်ရေးအတွက် အန္တရာယ်ရှိလာနိုင်ခြင်းကြောင့် ဖြစ်သည်။

သမီးဖြစ်သူကို ဒုံးလက်နက်များရှိရာ အရေးပါသည့်နေရာသို့ ခေါ်လာပြခြင်းသည် ထိုကလေးက လက်နက်ထုတ်လုပ်မှုကဏ္ဍတွင် တစ်နေ့ပါဝင်လာမည်ဆိုသည့် အရိပ်ပြမှုလည်း ဖြစ်နိုင်ပြီး (နျူလက်နက်စီမံကိန်းကို  မည်သည့်အခြေအနေတွင်မဆို စွန့်လွှတ်မည်မဟုတ်ဟု ကြုံးဝါးထားသည့်) ကင်ဂျုံအွန်က နောက်မျိုးဆက်အထိ ၎င်း၏နျူလက်နက်များ တိုးပွားနေမည်ကို ကမ္ဘာကိုအသိပေးခြင်းလည်း ဖြစ်နိုင်သည်။

မြောက်ကိုရီးယားသည် ဘုရင်စနစ် ကျင့်သုံးသည့်နိုင်ငံမဟုတ်ဘဲ နိုင်ငံ့ခေါင်းဆောင်ကို အာဏာရအလုပ်သမားများ ပါတီညီလာခံက ရွေးကောက်တင်မြှောက်ရသည်။ သို့သော် တကယ်တမ်းကင်မိသားစုသည် နိုင်ငံကိုပုဂ္ဂလိကမိသားစုပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကဲ့သို့သာ မှတ်ယူအုပ်ချုပ်လာခဲ့သည်။

အကယ်၍ကင်က သားထက်သမီးကို ၎င်းနေရာဆက်ခံရန် ရွေးလိုက်သည်ရှိသော်ယောက်ျားသား ကြီးစိုးသည့်မြောက်ကိုရီး ယားနိုင်ငံတွင် အတော်ပင်ထူးခြားသည့် ဆုံးဖြတ်ချက်ဖြစ်လာပေလိမ့်မည်။ သို့သော် ကင်ကိုယ်တိုင်လည်း ခေါင်းဆောင်ဖြစ်လာရန် အလားအလာနည်းသူဖြစ်ခဲ့ဖူးပြီး သားသုံးဦးတွင် အထွေးဆုံး၊ ကြီးစိုးခြယ်လှယ်ချင်သည့် စိတ်နေစိတ်ထားရှိသူ ကင်ဂျုံအွန်ကို ဖခင်ကင်ဂျုံအီက ၎င်းနေရာကိုဆက်ခံမည့်သူအဖြစ် နောက်ဆုံးတွင် ရွေးချယ်ခဲ့ခြင်း ဖြစ် သည်။

Ref: Al Jazeera/BBC

Most Read

Most Recent