ALP စစ်ဦးစီးချုပ်နှင့် တပ်မှူး နှစ်ဦးတို့ကို ULA / AA အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ALP သတင်း ထုတ်ပြန်

ALP စစ်ဦးစီးချုပ်နှင့် တပ်မှူး နှစ်ဦးတို့ကို ULA / AA အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ALP သတင်း ထုတ်ပြန်
Published 5 January 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ စစ်ဦးစီးချုပ်နှင့် တပ်မှူးနှစ်ဦးတို့ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင် တပ်တော် (ULA / AA) အဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ALP ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့သည် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ကောင်စီ က ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားမှ နေအိမ်သို့အပြန် စက်ရုံစုရပ်ကွက် ဆီတန်းလမ်းမပေါ်တွင် ကားဖြင့် သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့သုံးဦးကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင် တပ်တော် (ULA / AA) အဖွဲ့က အကြမ်းဖက်လုပ်ကြံသဖြင့် ၎င်းတို့ စီးလာသော ကားပေါ်တွင်ပင် သေနတ်ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) က သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ် ခိုင်စိုးမြနှင့် တပ်မှူးနှစ်ဦးအား ULA / AA အဖွဲ့က ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ခြောက်ခြားစေသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ALP က သတင်းထုတ်ပြန်သည်။

ULA / AA အဖွဲ့က ALP အဖွဲ့မှ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်သာမက ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပါတီ ဝင်များ၊ အပြစ်မဲ့ ရဟန်းသံဃာများနှင့် ပြည်သူများကိုပါမချန် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ လုပ်ကြံသတ် ဖြတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေခြင်းအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း ALP က သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ် ခိုင်စိုးမြသည် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၈၄ ခုနှစ်မှစ၍ နှစ်ပေါင်း ၄၀ ခန့် ပါတီ/တပ်မ တော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ် ခိုင်စိုးမြသည် မဟာမိတ်ကရင်ပြည်နယ်နှင့် အနောက်ဖက် စစ်ဒေသ (ရခိုင်ပြည်) တို့တွင် ပါတီ/တပ်မတော်မှ ပေးအပ်သည့် တာဝန်အဆင့်ဆင့်တို့ကို ကျေပွန်စွာ ထမ်း ဆောင်ခဲ့သည့် စစ်သည်ကောင်းတစ်ဦးဖြစ်ကြောင်း၊ ဗိုလ်ချုပ် ခိုင်စိုးမြနှင့် တပ်မှူးနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ  ခြင်းသည် ALP နှင့် ရခိုင်ပြည်သူများအတွက် အစားထိုးမရသော ဆုံးရှုံးမှုဖြစ်ကြောင်း ALP ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်အဖွဲ့အစည်းဖြစ်ပြီး နစကဥက္ကဋ္ဌ၏ ဖိတ်ခေါ် ချက်အရ နစကအစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်ထားသည်။

 

Most Read

Most Recent