ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာအတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူထောင်နှင့်ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာအတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူထောင်နှင့်ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ
Published 3 January 2023

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် (ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်) အတွင်းရှိ တောင်စွန်းကျေးရွာအတွင်း တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၆)နှင့် ပူးပေါင်းပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူထောင်နှင့်ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

တောင်စွန်းကျေးရွာဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁  ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းအထိ တိုက်ပွဲများဖြစ်ပွားနေကြောင်းနှင့် ယင်းတိုက်ပွဲများကြောင့် တောင်စွန်းကျေးရွာအပြင် အနီးပတ်ဝန်းကျင်ရှိ ကျောက်ဘီလင်း၊ ဆင်ပြေး၊ မယ်ဇလီ၊ ဝင်းခန၊ ခုံခန်းနှင့် အနန်းကွင်းကျေးရွာတို့မှ ဒေသခံစုစုပေါင်း ၃၀၀၀ ခန့်မှာ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“တိုက်ပွဲတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကတည်းကဖြစ်နေတာ။ ဒေသခံတွေကလည်း ကိုယ့်အိမ်မှာကိုယ် မနေရဲကြတော့ဘူး။ အဲဒီနေ့ကတည်းက ဘေးလွတ်နိုင်မယ့်နေရာတွေကို ပြေးနေကြရတယ်။ တချို့လည်း အနန်းကွင်းဘက်ကနေ သံဖြူဇရပ်ဘက် တက်သွားကြသူတွေရှိသလို၊ တခြားရွာတွေဘက်ကို ပြောင်းသွားကြတဲ့သူတွေလည်းရှိတယ်။ တောထဲတောင်ထဲမှာပဲ နေနေကြတဲ့သူတွေလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

တိုက်ပွဲတိမ်းရှောင်နေရသည့်ရက် ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာများနှင့် နေရာထိုင်ခင်းအခက်အခဲများရှိလာသလို ဆေးဝါးလိုအပ်ချက်များလည်း ရှိလာကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများတွင် မွေးကင်းစကလေးငယ်များမှအစ သက်ကြီးရွယ်အိုများအထိ ပါဝင်ကြောင်းနှင့် တောတောင်ထဲတွင်ပိတ်မိနေသူများအနေဖြင့်လည်း အေးချမ်းသည့် ဆောင်းရာသီ၏ဒဏ်ကို ခံစားနေကြရကြောင်း တိုက်ပွဲရှောင်ပြည်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က သံဖြူဇရပ်-အနန်းကွင်း-ဘုရားသုံး ဆူလမ်းပေါ်ရှိ တောင်စွန်းကျေးရွာအနီး တည်ရှိသော နယ်ခြားစောင့်တပ် (BGF) ဂိတ်စခန်းနှစ်ခုအား KNLA နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent