ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားရန် နိုင်ငံရေးအင်အားစုအသီးသီးနှင့် လက်တွဲ၍ ဆောင်ရွက်လျက်ရှိဟု NLD ပါတီ ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားရန် နိုင်ငံရေးအင်အားစုအသီးသီးနှင့် လက်တွဲ၍ ဆောင်ရွက်လျက်ရှိဟု NLD ပါတီ ထုတ်ပြန်
Published 3 January 2023

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်သွားရန် နိုင်ငံရေးအင်အားစုအသီးသီးနှင့် လက်တွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ  ပြည်သူလူထုထံသို့ပေးပို့သော ၂၀၂၃ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ယနေ့အချိန်အခါသည် ပြည်သူလူထုတစ်ရပ်လုံး စိန်ခေါ်မှုပေါင်းများစွာရင်ဆိုင်နေရပြီး အနာဂတ်တွင် မျှော်လင့်ချက်ပေါင်းများစွာ ရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့် တွန်းလှန်နေရသော အချိန်အခါလည်း ဖြစ်ကြောင်း NLD ပါတီ၏ နှစ်သစ်ကူးသဝဏ်လွှာတွင် ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်မှ ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုအကျိုးစီးပွားကိုသာ ထာဝစဉ်ဦးထိပ်ပန်ဆင်ထားသော ပါတီဖြစ်ကြောင်းနှင့် ပါတီစတင်တည်ထောင်ခဲ့ချိန်မှ ယနေ့အထိ နိုင်ငံတစ်ဝန်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းထားရှိခဲ့သည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကြုံလာသည့် အခက်အခဲဘေးအန္တရာယ်မှန်သမျှတို့ကို မတွန့်မဆုတ် ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ခဲ့ကြောင်း NLD ပါတီ၏ နှစ်သစ်ကူးသဝဏ်လွှာတွင် ဖော်ပြထားသည်။

ယနေ့ကာလတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ချမှတ်ထားပြီးသော မူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင်အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်လျက်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားရန်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မူဝါဒချမှတ်ပြီး နိုင်ငံရေးအင်အားစုအသီးသီးနှင့် တန်းတူညီမျှလက်တွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း NLD ပါတီ၏ နှစ်သစ်ကူးသဝဏ်လွှာတွင် ဖော်ပြထားသည်။

Most Read

Most Recent