၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့ကြသည့် အနုပညာနယ်ပယ်အသီးသီးမှ ထင်ရှားသူများ

၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့ကြသည့် အနုပညာနယ်ပယ်အသီးသီးမှ ထင်ရှားသူများ
Published 1 January 2023

၂၀၂၂ ခုနှစ်အတွင်း အနု ပညာ နယ်ပယ်အသီးသီးမှ ကွယ်လွန်ခဲ့ကြသည့် ထင်ရှားသူများကို စုစည်းဖော်ပြအပ်ပါသည်။

‘နစ်နာမယ်’ သီချင်းဖြင့် ပရိသတ်အားပေးမှုရရှိခဲ့သူ အဆိုတော် နော်ဒင့်သည် ဇန်နဝါရီ ၂၆ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၃၆ နှစ်ရှိပြီဖြစ်သည်။

ဇာတ်ပို့ အနုပညာရှင် သရုပ်ဆောင် ဒေါ်သဲနုခိုင်သည်လည်း ဇန်နဝါရီ ၂၉ ရက်က နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်ရှိပြီဖြစ်သည်။

စာမဲ့ကာတွန်းများ၊ နိုင်ငံရေး သရော်စာ ကာတွန်းများ ရေးဆွဲခဲ့သည့် နာမည်ကျော် ကာတွန်းဆရာ တစ်ဦးဖြစ်သော ကာတွန်းဟန်လေးသည် ဖေဖော်ဝါရီ  ၉ ရက်က အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌အသက် ၅၆ နှစ်ရှိပြီဖြစ်သည်။

သရုပ်ဆောင် လူရွှင်တော် ဖိုးဖြူသည် မတ် ၁၁ ရက်က အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ရှိ ပြီဖြစ်သည်။

မြန်မာ့ဇာတ်သဘင်၏ သက် တော်ရှည် မင်းသားကြီး ရွှေနန်းတင် သည် ဇွန် ၆ ရက်က မန္တလေးနေအိမ် ၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ရှိပြီဖြစ်သည်။

မြန်မာ့ဇာတ်သဘင်လောက ၏ နာမည်ကျော် မင်းသားတစ်ဦးဖြစ်သည့် အသက်  ၇၅ နှစ်အရွယ် မင်းသားကြီး ညီဝင်းစိန်သည် ဧပြီ ၂၆ ရက်က ကွယ်လွန်ခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများစွာရိုက် ကူးခဲ့သူ ဒါရိုက်တာ ခင်စောမျိုးသည်လည်း ဇွန် ၂၉ ရက်က ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီဖြစ်သည်။

အမျိုးသားစာပေ တစ်သက်တာစာပေဆုရှင် ခေတ်ပေါ်ကဗျာ ဆရာ၊ စာရေးဆရာကြီး ဆရာမောင် သာနိုးသည် ဇူလိုင် ၁၂ ရက် ညနေ  ၆ နာရီ ၄၅ မိနစ်တွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည်။

အကယ်ဒမီဆုရှင် စန္ဒရားတင်ဝင်းလှိုင်သည် ဇူလိုင် ၁၄ ရက်က အဆုတ်နှင့် ကျောက်ကပ်ဝေဒနာကို ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ပြီး  ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီဟု သိရသည်။

အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်သည့် သရုပ်ဆောင် ရဲဦးမြညွန့်သည် အောက်တိုဘာ ၃ ရက်တွင် ကွယ်လွန်ခဲ့သည်။

ကဗျာဆရာ ကြည်ဇော်အေးသည် အောက်တိုဘာ ၃ ရက်က ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရက် ကွယ်လွန်ခဲ့သည်။  ကွယ်လွန်ချိန်တွင် အသက် ၄၄ နှစ်ရှိပြီဖြစ်သည့် ကဗျာဆရာ ကြည်ဇော်အေး၏ ကဗျာများအနက် “တော်လှန်ရေး သမားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ” ကဗျာမှာ ထင်ရှားသည်။

စာပေဗိမာန်စာမူဆုနှင့် အမျိုးသားစာပေဆုများရရှိခဲ့သူ စာရေးဆရာကြီး တက္ကသိုလ် ကြယ်ပွင့်သည် အောက်တိုဘာလကုန်ပိုင်းက ရုတ်တရက် ကွယ်လွန်ခဲ့သည်။ အသက် ၇၈ နှစ်ရှိပြီဖြစ်သည့် ဆရာကြီးနှင့် ဇနီးဖြစ်သူတို့ကို မင်္ဂလာတောင်ညွန့် မြို့နယ် မန္တလေးလမ်းရှိ တိုက်ခန်း၌ ဒဏ်ရာများနှင့် သေဆုံးနေခြင်းကို အောက်တိုဘာ ၃၀ ရက် ညပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဒါရိုက်တာ ညာဏတင်စိုးသည် အောက်တိုဘာ ၃၁ ရက်က နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၀ နှစ်ရှိပြီဖြစ်သည်။

စာရေးဆရာ အကြည်တော်သည် နိုဝင်ဘာ ၉ ရက် ည ၈ နာရီ မိနစ် ၃၀ တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၁ နှစ်ရှိပြီ ဖြစ်သည်။

ဇာတ်ပို့သရုပ်ဆောင် ဘိုကလေးစိန်သည် ရင်သားကင်ဆာဝေဒနာဖြင့် နိုဝင်ဘာ ၁၈ ရက်က ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီဖြစ်သည်။

ပခုက္ကူဦးအုန်းဖေ စာမူဆုများရှင် ဦးသာဌေး ( စာရေးဆရာကြီး နီငြိမ်း- အညာတက္ကသိုလ်) သည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန်သွား ခဲ့သည်ဟု သိရသည်။ ကွယ်လွန်ချိန်တွင် အသက်  ၈၂ နှစ်ရှိပြီဖြစ်သည်။

တေးသံရှင် တက္ကသိုလ် ဇော်မင်းမင်းသည် ဒီဇင်ဘာ ၁၈ ရက် အသက် ၇၂ နှစ်တွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

မြို့မငြိမ်း၏ သားဖြစ်သူ ဂီတ မှူး မြို့မ ဦးရွှန်းမြိုင်သည် ဒီဇင်ဘာ ၁၈ ရက်က မန္တလေးမြို့ နေအိမ်၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်သည်။

၁၉၇၆ မှိုင်းရာပြည့် အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကဗျာဆရာ၊ စာရေး ဆရာ ဦးတင်အေးကြူ (ခ) မောင်မှိုင်း လွင် (အင်းဝ) သည် ဒီဇင်ဘာ ၂၀ ရက်က အဆုတ်ကင်ဆာရောဂါဖြင့် ထိုင်းနိုင်ငံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၂ ရှိ ပြီဖြစ်သည်။

ကိုယ်ပိုင်သံစဉ် Alternative တေးသီချင်းများကို ရေးသားသီဆိုခဲ့သူ အဆိုတော် ကိုင်ဇာတင်မုံသည် ဒီဇင်ဘာ ၂၅ ရက်က ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးခဲ့ကြောင်း သိရ သည်။

တေးသီချင်းကောင်းများစွာကို ရေးသားခဲ့သူ တေးရေး ရယ်ဂျီသည် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ရုတ် တရက် နှလုံးရပ်ကာ ကွယ်လွန်သွားခဲ့သည်။

Most Read

Most Recent