ယူကရိန်းကို ရုရှားဘက်က ပထမဆုံး ဗုံးကြဲတိုက်ခိုက်ပြီး သုံးရက်အကြာတွင် ယူကရိန်းမြို့တော်ကိဗ်မြောက်ဘက်ရှိ ရွာတစ်ရွာ၏ ခေါင်းဆောင်အန်ဒရီကူပရက်ရှ်သည် သူ့အိမ်အနီးရှိတောအုပ်ထဲသို့သွားကာ ကျင်းတူးနေခဲ့သည်။ သူ့ကဲ့သို့လူတစ်ဦးစာ ဆံ့နိုင်လောက်သည့်ကျင်းမဖြစ်မချင်း သူအတူးမရပ်ခဲ့ပေ။ လိုအပ်လာလျှင် ထိုနေရာသည် သူပုန်းနိုင် မည့်နေရာဖြစ်လိမ့်မည်။
သူသည်အိမ်သို့ပြန်မလာမီ ကျင်းကို သစ်ကိုင်းများဖြင့်ပြန်ဖုံးခဲ့သည်။ တစ်ပတ်ကြာပြီးသည့်နောက် မနက်ရှစ်နာရီဝန်းကျင်တွင် ကူပရက်ရှ်ကို နံပတ်စိမ်းတစ်ခုက ဖုန်းခေါ်ခဲ့ သည်။ ဖုန်းထဲတွင် ရုရှားစကားဖြင့် အမျိုးသား တစ်ဦးက သူ့ကိုရွာအကြီးအကဲဟုတ်မဟုတ်မေးသည်။ တစ်ခုခုလွဲနေပြီကို သူသိလိုက်သည်။
“မဟုတ်ဘူး၊ ဖုန်းမှားနေပါတယ်” ဟု သူ လိမ်ဖြေသော်လည်း တစ်ဖက်လူက “ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ငါတို့ရှာတွေ့မှာပါ၊ ငါတို့နဲ့ ပူးပေါင်းရင် ပိုကောင်းလိမ့်မယ်”ဟု ပြန်ပြောသည်။ ထို့နောက်ကူပရက်ရှ်သည် စခန်းချနေရန် အသုံးအဆောင်များနှင့် အနွေးဆုံးကုတ်အကျႌကိုဆွဲကာ တောအုပ်အတွင်းရှိ ကျင်းရှိရာသို့ ထွက်လာခဲ့သည်။
စစ်ချီလာသည့် ရုရှားတပ်သားများ၏ ပစ်မှတ်ထဲတွင် ကူပရက်ရှ်လည်းပါသည်ဟု ကြိုသတိပေးခံထားရပြီး အထင်ကရ ယူကရိန်း နိုင်ငံသားများအကြားတွင် အိမ်မှာမအိပ်ပါ နှင့် ၊ ဖုန်းမသယ်ပါနှင့် ၊ ယူကရိန်းကနေပြေးပါ ဆိုသည့် အပြောအဆိုများ ပျံ့နှံ့လာသည်။
ကူပရက်ရှ်သည် ရှေ့အကြိမ်များတွင် ဖမ်းခေါ်မခံရဘဲ ကံကောင်းခဲ့သည်။ မတ် ၃၀ ရက်တွင်မူ ရုရှားမော်တော်ယာဉ်သုံးစီး မြို့တော်ခန်းမသို့ဆိုက်ရောက်လာပြီး ရွာခေါင်းဆောင်မည်သူလဲဟု စစ်သားများက မေးသည်။ “ကျွန်တော်ပါ”ဟု ကူပရက်ရှ်က ဖြေလိုက်သည်။ စစ်သားတစ်ဦးက “ငါတို့ မင်းကို တွေ့ပြီ မင်းတော့ သေပြီ”ဟု ပြောသည်။
စစ်သားများက ကူပရက်ရှ်၏ခေါင်းကို သေနတ်ဖြင့်ထုကာ ကားနောက်ခန်းသို့ တွန်းထိုးခေါ်သွားသည်။ ထို့နောက် တောအုပ် အတွင်းရှိ သချႋုင်းရှိရာသို့ မောင်းခေါ်လာသည်။ စစ်သားတစ်ဦးက ဓားရှည်ကို ကူပရက်ရှ်၏လည်ပင်းကိုထောက်ကာ “ဒီဓားက လူကိုးဦးသတ်ပြီးပြီ။ မင်းက ၁၀ ဦးမြောက်ဖြစ်သွားမယ်”ဟု ခြိမ်းခြောက်သည်။
ကူပရက်ရှ်သည် ကံကောင်းပေ့ဆိုသည့် သူများထဲတွင် ရှားရှားပါးပါးပါခဲ့သည်။ သူ့ကို ရုရှားစစ်သားများက သူ့အတွက်မြေပုံအုတ်ဂူ ကိုယ်တိုင်တူးခိုင်းခဲ့ပြီးနောက် တပ်မှူးဆိုသူက မြို့တော်ခန်းမရှိရာသို့ ပြန်ပို့ပေးခဲ့သည်။
ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းသား တို့၏တော်လှန်ရေးကို ချေဖျက်ရန်သြဇာရှိသည့် ယူကရိန်းနိုင်ငံသားများကို စနစ်တကျ ပစ်မှတ်ထားဖမ်းဆီးနှိပ်စက်ခြင်း၊ ကွပ်မျက်ခြင်းနည်းတို့ သုံးခဲ့သည်ဟု AP စုံစမ်းဖော် ထုတ်မှုတစ်ရပ်က တွေ့ရှိရသည်။
ရုရှားထောက်လှမ်းရေးဌာနအကူအညီဖြင့် စာရင်းထုတ်ကာ ယူကရိန်းနိုင်ငံသားများကို နာမည်စာရင်းဖြင့် ခြေရာခံလိုက် ရှာပြီး အစိုးရအရာရှိများ၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများ၊ စစ်မှုထမ်းဟောင်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ရှေ့နေများကို ပစ်မှတ်ထားခဲ့သည်။
ယူကရိန်းအာဏာပိုင်များရခဲ့သည့် ရုရှားပစ်မှတ်အမည်စာရင်း၊ နှိပ်စက်ထားသည့် ဓာတ်ပုံအထောက်အထားများ၊ ရုရှား မီဒီယာထွက်ဆိုချက်များ၊ ပစ်မှတ်ထားခံရသူ၊ ၎င်းတို့၏မိသားစုများ၊ မိတ်ဆွေများ၊ ယူကရိန်း အာဏာပိုင်များ ၊ တက်ကြွလှုပ်ရှားသူများနှင့် မေးမြန်းထားသည်များ စသည်တို့ကို အခြေခံကာယူကရိန်းနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ် ၆၁ ခုကို AP က မှတ်တမ်းတင်ထားသည်။
အသက်ရှင်ကျန်ခဲ့သူများ၏ ထွက်ဆိုချက်အရ ပစ်မှတ်ထားခံရသူအချို့သည် အကျဉ်းစခန်းများသို့ရောက်ပြီး စစ်ကြောခံရ၊ အရိုက်ခံရကာ လျှပ်စစ်နှင့်နှိပ်စက်ခံရမှုများလည်းရှိသည်။အချို့က ရုရှားကို အပို့ခံရပြီး အချို့ကသေသွားကြသည်။
ရုရှားသိမ်းပိုက်ခံ သို့မဟုတ် ယခင်သိမ်းပိုက်ခံဖြစ်ခဲ့သည့် (ကိဗ်မြို့ဝန်းကျင်၊ ခါဆွန်၊ ဇာပိုရီးရှား၊ ချာနီဟစ်နှင့် ဒွန်းညက်စ် ဒေသ) နေရာများမှ AP သတင်းဌာန စုဆောင်းရယူထားသည့် ထွက်ဆိုချက်၊သာဓကများအရလည်း အခြားသူများကို လက်တို့ သတင်းပေးသည်ဆိုသူများကို ရုရှားတပ်များက ဖမ်းဆီးနှိပ်စက်ခြင်း၊ ကလေးပါမကျန် မိသားစုဝင်များကို ဖမ်းဆီးခြင်းဖြင့် ဖိအားပေးခြင်း စသည့်ဖြစ်စဉ်များ နိုင်ငံတစ်ဝန်းပုံစံတူဖြစ်ခဲ့သည်ကို တွေ့ခဲ့ရသည်။
ကြိုတင်ကြံစည်ထားခြင်း
အမည်စာရင်းများထုတ်ထားမှုသည် ယူကရိန်းတွင်ဖြစ်ခဲ့သည့် အကြမ်းဖက်မှုအများစုက အလျဉ်းသင့်သလိုမဟုတ်ဘဲ ကြိုတင်ကြံစည်ထားသည်ဆိုသည့် အထောက်အထားတစ်ရပ်အဖြစ် ပါဝင်နေပြီး ရုရှားကစစ်ပရိယာယ်တစ်ခုအဖြစ် ကြမ်းကြုတ်မှုကို အသုံးချခဲ့သည်။ ထို့ပြင်ဆီးရီးယားစစ်ရာဇဝတ်မှုများ၌ ပါဝင်ပတ်သက်နေသူ ရုရှား ဗိုလ်ချုပ်ကြီးတစ်ဦး၏ ညွှန်ကြားမှုဖြင့် ယူကရိန်းရှေ့တန်းစစ်မျက်နှာတစ်ခုတွင် အရပ်သားများအကြမ်းဖက်ခံရမှု သာဓကများကိုလည်း AP ကမှတ်တမ်းတင်ထားသည်ဟု ဆိုသည်။
ပေါက်ကြားခဲ့သည့် အမေရိကန်ထောက်လှမ်းရေးနှင့် ဗြိတိန်အမျိုးသားလုံခြုံရေးဆိုင်ရာ စိစစ်တွေ့ရှိချက်အရ ဖက်ဒရယ်လုံခြုံရေးအေဂျင်စီ (FSB) ၏ ဦးဆောင်မှုဖြင့် ရုရှားထောက်လှမ်းရေးဌာနသည် ဖေဖော်ဝါရီ ၂၄ ကျူးကျော်မှုမပြုလုပ်မီကတည်းက ပစ်မှတ်စာရင်းများကို လနှင့်ချီ စုဆောင်းလာခဲ့သည်။
ယူကရိန်းထောက်လှမ်းမှုအရလည်း ရုရှားထောက်လှမ်းရေးအေဂျင်စီ၏ဌာနခွဲ တစ်ခုဖြစ်သည့် ယူကရိန်းကို လက်အောက်ခံ အဖြစ် သွတ်သွင်းရေးတာဝန်ယူထားသည့် ဌာနက ၂၀၂၁ ခုနှစ် နွေရာသီကတည်းက အင်အားသိသိသာသာ ကြီးလာခဲ့သည်။
ရုရှားအေးဂျင့်များက ၎င်းတို့ပစ်မှတ် ထားသည့် အထင်ကရယူကရိန်းသားများကို ပူးပေါင်းရန်အလားအလာရှိသူ ၊ စိတ်မချရသူ၊ မည်သူ့ကိုတော့ခြိမ်းခြောက်သင့်ပြီး မည်သူက သတ်သင့်သူစသဖြင့် အမျိုးအစားခွဲထားသည်ဟု လန်ဒန်ရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအကြံပေးအဖွဲ့ Royal United Services Institute(RUSI)က ဆိုသည်။
“အဲဒီလို ပစ်မှတ်ထားရှင်းလင်းတဲ့ နိုင်ငံရေးဗျူဟာဟာ ရုရှားအစိုးရရဲ့အရှိန်အဝါ သိပ်ကြီးတဲ့သူတစ်ဦးက ညွှန်ကြားထားတာ” ဟုလည်း RUSI ၏အကြီးတန်း သုတေသနပြုလေ့လာသူ ဂျက်ဝက်တလင်က ပြောသည်။
ခါဆွန်နှင့် နောက်ဒေသတစ်ခုတွင် ရုရှားတပ်များ လိုက်ရှာခဲ့သည့် လူ ၃၁ ဦးနှင့်သက်ဆိုင်သည့် ရက်စွဲမဲ့ စာရင်းငါးခု၏မိတ္တူများကို AP ကရခဲ့ပြီး စစ်သားရှစ်ဦး၊ စစ်မှုထမ်းဟောင်းခုနစ်ဦး၊ အရပ်သားခုနစ်ဦးနှင့် ယူကရိန်းစစ်တပ် သို့မဟုတ် ယူကရိန်းထောက်လှမ်းရေးဌာနကို ကူညီခဲ့သည်ဆိုသည့် လူကိုးဦး စာရင်းထဲတွင်ပါကာ နာမည်အပြည့်အစုံ (အချို့နာမည်ပြောင်များလည်းပါ) ၊ မွေးနေ့ရက်စွဲနှင့် လိပ်စာများလည်းပါသည်။
ရုရှားပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ အမေရိကန်က သိထားသည်ဆိုသည့် ပစ်မှတ်စာရင်းများသည် လံကြုပ်သက်သက်ဟု ပြောခဲ့သည်။
လူပျောက်မှုများကို အလုံးစုံမှတ်တမ်းတင်ထားနိုင်ရန်မှာ လက်ရှိတွင်မဖြစ်နိုင်ပေ။ ၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲရခဲ့သည့် ယူကရိန်း NGO အဖွဲ့ Center for Civil Liberaties က ဖေဖော်ဝါရီကျူး ကျော်မှုဖြစ်ပြီးနောက်ပိုင်း အရပ်သားဖမ်းဆီးခံရမှု ၇၇၀ ကျော်သာ မှတ်တမ်းတင်ထားနိုင်သည်။
၎င်းသည် တကယ့်ပမာဏ၏ တစ်စွန်းတစ်စမျှသာ ဖြစ်သည်ဟုလည်း Center for Civil Liberaties အဖွဲ့ခေါင်းဆောင် အိုလက် ဆန်ဒြာမတ်ဗီချော့က ဆိုသည်။ မတ်ဗီချော့သည် ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်နှင့် ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင် ရုရှားတပ်များပြုလုပ်ခဲ့သည့် အလားတူပစ်မှတ်ထားရှင်းလင်းမှုများကိုလည်း မှတ် တမ်းတင်ထားခဲ့သည်။
ယခုအကြိမ်တွင် မတ်ဗီချော့သည် ပြောင်းလဲမှုတစ်စုံတစ်ရာကို သတိထားမိလာသည်။ ၎င်းမှာ အထင်ကရမဟုတ်သူများပင် လျှင်ဖမ်းဆီးသည့်အထဲ ပါနေခြင်းဖြစ်သည်။
နည်းလမ်းဟောင်းကို ပြန်သုံးခြင်း
ကူပရက်ရှ်ကဲ့သို့ ဒေသခေါင်းဆောင်များကို ပစ်မှတ်ထားနှိမ်နင်းခြင်းသည် နည်းလမ်းသစ်မဟုတ်ပေ။ ရုရှားလုံခြုံရေးတပ်များ နှင့်ပတ်သက်ပြီး ကျွမ်းကျင်သူ သတင်းထောက် အန်ဒရေဆိုဒါတော့ဗ်အဆိုအရ ဒုတိယကမ္ဘာစစ်အတွင်း ယူကရိန်းအနောက် ပိုင်းကို ငြိမ်ဝပ်ပိပြားအောင် ဆိုဗီယက်ခေါင်းဆောင်စတာလင်လက်ထက်သုံးခဲ့သည့် နည်းလမ်းများထဲတွင် ပစ်မှတ်ထားရှင်းသည့် နည်းလည်းပါသည်။
ဖေဖော်ဝါရီမှ ဒီဇင်ဘာအစောပိုင်းအကြား ယူကရိန်းရှိ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာစောင့်ကြည့်အဖွဲ့မှ မှတ်တမ်းများ အရဖမ်းဆီးခံရသူ ၊ လက်စဖျောက်ခံရသူ ၅၀၈ ဦးအနက် ရာခိုင်နှုန်း ၄၀ သည် ဒေသခံအာဏာပိုင်များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် ဘာသာရေးခေါင်းဆောင်များဖြစ်နေသည်။
Ref: AP










