ဖီဖာ ပြင်ဆင်နေသည့် ၄၈ သင်း ပါဝင်သော၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ

ဖီဖာ ပြင်ဆင်နေသည့် ၄၈ သင်း ပါဝင်သော၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ
Published 20 December 2022
Translate by ဇင်မျိုး

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းအရေအတွက်သည် ၄၈ သင်းရှိလာမည်ဖြစ်သည်။ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် နိုင်ငံအရေအတွက်သည် သုံးနိုင်ငံဖြစ်သည်။ ယှဉ်ပြိုင်ကစားမည့် ပွဲအရေအတွက်သည် ၁၀၄ ပွဲဖြစ်သည်။

သမိုင်း၌ အကျစ်လျစ်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ဖီဖာသည် ယခုအခါ အကြီးဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေသည်။

စက်တင်ဘာ ၁၈ ရက် ကမ္ဘာ့ဖလားဗိုလ်လုပွဲက ငြိမ်သက်သွားရုံမျှသာရှိသေးသည်။ ပြိုင်ပွဲဝင်အသင်း အရေအတွက်တိုးလာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲထံ အာရုံရောက်နေသည်။

ပထမဆုံးအကြိမ်အဖြစ် ဘောလုံးလောက၏အကြီးမားဆုံးပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ တွင်ကျင်းပမည်ဖြစ်သည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအရေအတွက် ၄၈ သင်းရှိလာမည်ဖြစ်သည်။ လတ်တလောအသုံးပြုနေသောပုံစံမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက် ၃၂ သင်းပါသောပုံစံဖြစ်၍ ဤပုံစံကို ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက စတင်အသုံးပြုခဲ့သည်။ အမေရိကန် သို့မဟုတ် မက္ကဆီကိုတွင် နောက်ဆုံးကျင်းပသော ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သည့်အသင်းအရေအတွက်၏ နှစ်ဆ ဖြစ်ရှိလာမည်ဖြစ်သည်။

တိုးချဲ့လိုက်သောပြိုင်ပွဲမှာ ဖီလာဥက္ကဋ္ဌ ဂျီယန်နီအင်ဖန်တီနိုအတွက် အောင်ပွဲကို ကိုယ်စားပြုနေသည်။ သူသည် ၂၀၁၆ ခုနှစ်တွင် ဖီဖာအကြီးအကဲဖြစ်လာပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ တိုးချဲ့ရေးကိစ္စကို ဦးစားပေးဆောင်ရွက်မည်ဟု ပြောထားသည်။

၁၆ သင်းတိုးလာခြင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဆင့်ကဲအပြောင်းအလဲတွင် အကြီးမားဆုံးအပြောင်းအလဲကို ဖော်ညွှန်းလျက်ရှိသည်။

ပထမဆုံးကျင်းပသည့် ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ၁၃ သင်း ပါဝင်ခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၁၉၃၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ၁၆ သင်းပါသော ပြိုင်ပွဲအဖြစ်ရှိနေခဲ့သည်။ ၁၉၈၂ ပြိုင်ပွဲတွင် ၂၄ သင်းအထိရှိလာသည်။

အသင်းအရေအတွက်ကို ၄၈ သင်းအထိ တိုးချဲ့ရာတွင် ကြီးကြီးမားမားအကျိုးခံစားရသောဘောလုံးအဖွဲ့ချုပ် (ဇုန်) များမှာ အာဖရိကနှင့် အာရှတို့ဖြစ်သည်။

အသင်းအရေအတွက်တိုးလာသောကြောင့် အာဖရိကသည် ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်သော အသင်းအရေအတွက် ကိုးသင်းရှိလာမည်ဖြစ်သည်။ ယခင်က အာဖရိကသည် ငါးသင်းသာခြေစစ်ပွဲအောင်သည်။ အာရှသည် ခြေစစ်ပွဲအောင်သောအသင်းအရေအတွက် နှစ်ဆနီးပါးရှိလာမည်ဖြစ်သည်။ အာရှသည်မူလက လေးနေရာခွဲ ခြေစစ်ပွဲအောင်ရာမှ ပုံစံသစ်အရ ရှစ်သင်းအထိ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။

အစဉ်အလာအားဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်တစ်နေရာကို ပလေးအော့ဖ်မှတစ်ဆင့်ယှဉ်ပြိုင်နေရသော သမုဒ္ဒရာပိုင်းဇုန်သည် အလိုအလျောက်ခြေစစ်ပွဲအောင်သည့် နေရာတစ်နေရာကို ရရှိလာတော့မည်ဖြစ်သည်။

ဘုရားမ,သော အခွင့်အရေး

“ကျွန်တော်တို့ အာဖရိကသားတွေအတွက် ဒါဟာ ဘုရားမ,တာဖြစ်ပါတယ်” ဟု နိုင်ဂျီးရီးယားလက်ရွေးစင်ဟောင်း ဆန်းဒေးအိုလီဆက်က ပြောသည်။

“(အာဖရိက)ဟာ ကိုယ်စားပြုအသင်းများများ စေလွှတ်သင့်တယ်လို့ ကျွန်တော်အမြဲတမ်းစဉ်းစားပါတယ်။ ကစားတဲ့အကြိမ် ရေပိုများလေလေ အခွင့်အရေး ပိုများလေလေပါပဲ။ အာဖရိကဟာ လူဦးရေသန်းတစ်ထောင်ကျော်ရှိတဲ့ တိုက်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့နိုင်ငံဟာ လူဦးရေ သန်း၂၀၀ ရှိပါတယ်။ ပိုကြီးပြီး အသင်းအရေအတွက်ပိုများတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြင်ရတာဟာ ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

အာဖရိကထိပ်တန်းအသင်းအချို့အတွက် အာဖရိကခွဲတမ်းတိုးလာခြင်းမှာ ကြိုဆိုစရာသတင်း ဖြစ်သည်။ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယားတို့သည် ခြေစစ်ပွဲမအောင်သဖြင့် ကာတာပြိုင်ပွဲတွင် မပါခဲ့ကြပေ။

ဥရောပကိုယ်စားပြုအသင်းအရေအတွက်သည်လည်း ၁၃ သင်းမှာ ၁၆ သင်းရှိလာမည်ဖြစ်သည်။ တောင်အမေရိကသည် ခြေစစ်ပွဲအောင်သော အသင်းအရေအတွက် ခွဲတမ်းလေးနေရာခွဲရရှိနေရာမှ ခြောက်နေရာရရှိလာတော့မည်ဖြစ်သည်။

အိမ်ရှင်နိုင်ငံများအဖြစ် ကနေဒါ၊ အမေရိကန်၊ မက္ကဆီကိုတို့ ခြေစစ်ပွဲအောင်ထားခြင်းနှင့်အတူ ကွန်ကာကပ်ဖ်ဇုန်သည် ခြေစစ်ပွဲအောင်မည့်အသင်းအရေအတွက် သုံးနေရာတိုးလာမည်ဖြစ်သည်။ ထို့ကြောင့် ကွန်ကာကပ်ဖ်ဒေသမှ ခြောက်သင်း ခြေစစ်ပွဲအောင်မည်ဖြစ်သည်။

နောက်ထပ်နှစ်နေရာကို ပလေးအော့ဖ်ဖြင့် အဆုံးအဖြတ်ယူမည်ဖြစ်သည်။ အသင်းအရေအတွက် တိုးချဲ့မှုက ပြိုင်ပွဲပုံစံကို စောင့်ကြည့်ရမည့်အနေအထားဖြစ်လာစေသည်။

သုံးသင်းပါသည့် အုပ်စု ၁၆ ခုပုံစံကို သဘောကျသည်ဟု ကနဦးတွင် ဖီဖာက ပြောထားသည်။ တစ်အုပ်စုမှ ထိပ်ဆုံးနှစ်သင်းသည် ၃၂ သင်းရှုံးထွက်အဆင့်ကို တက်ရောက်မည်ဟု ဆိုသည်။

သို့သော် ကာတာပြိုင်ပွဲ၌ အုပ်စုနောက်ဆုံးပွဲကစားပြီးမှ အုပ်စုတက်ရေးအဖြေထွက်သည့် အုပ်စုအချို့ ရှိခဲ့ခြင်းကြောင့် လေးသင်းပါသော အုပ်စုအဆင့်ပုံစံ၏ အောင်မြင်မှုသည် ပြန်စဉ်းစားရမည့်အနေအထားဖြစ်သည်။

ဖီဖာက သုံးသင်းပါသောအုပ်စုပုံစံ ပြန်သွားရန် ယခုစီစဉ်နေသည်ဟုအင်ဖန်တီနိုက သတင်းထောက်များကို ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားသည်။

၂၀၂၆ ပြိုင်ပွဲ၏ ဖြစ်နိုင်ခြေအရှိဆုံးပုံစံမှာ တစ်အုပ်စုလေးသင်းဖြင့် အုပ်စု ၁၂ ခုပုံစံဖြစ်သည်။ အုပ်စုထိပ်ဆုံးနှစ်သင်းက အုပ်စုတွင်း အကောင်းဆုံးတတိယရသောရှစ်သင်းနှင့်အတူ ရှုံးထွက်ကို တက်ရောက်ကြမည်ဖြစ်သည်။

သည်ပုံစံဖြင့်ဆိုလျှင် ပွဲအရေအတွက်က ၁၀၄ ပွဲရှိလာမည်ဖြစ်သည်။ ကာတာတုန်းက ၆၄ပွဲ ယှဉ်ပြိုင်ခဲ့သည်။ ၂၀၂၆ ဗိုလ်လုပွဲရောက်သောအသင်းမှာ ရှစ်ပွဲကစားရန်လိုအပ်မည်ဖြစ်သည်။

အမြတ်တိုးလာမည်

ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်များအတွက် ကွင်းအရေအတွက်သည် နှစ်ဆရှိလာမည်ဖြစ်သည်။ ကာတာတုန်းက ရှစ်ကွင်း၊ ၂၀၂၆ တွင် ၁၆ ကွင်းဖြစ်လာမည်ဖြစ်သည်။

အမေရိကန်တွင် ၁၁ ကွင်း၊ မက္ကဆီကိုတွင် သုံးကွင်း၊ ကနေဒါတွင် နှစ်ကွင်းဖြစ်သည်။ အမေရိကန်တွင်ကစားမည့် ကမ္ဘာ့ဖလားပွဲများသည် NFL အသင်းများ ကစားနေသောကွင်းများ၌ ကစားမည့်ပွဲများဖြစ်လာမည်ဖြစ်သည်။ ဗိုလ်လုပွဲကျင်းပမည့်ကွင်းမှာ လော့စ်အိန်ဂျလိစ်မြို့က အမေရိကန်ဒေါ်လာ ငါးဘီလျံ ကုန်ကျသော ဆိုဖီကွင်း သို့မဟုတ် နယူးယောက်ဂျိုင်းယင့်အသင်း၏ ပရိသတ် ၈၂၀၀၀ ဆံ့  မတ်လိုက်ဖ်ကွင်းဖြစ်မည်ဟုဆိုသည်။

ရှုံးထွက်အဆင့်အလွန် ကွာတားဖိုင်နယ်ပွဲများ၊ အကြိုဗိုလ်လုပွဲများ၊ တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲတို့ကို အမေရိကန်ပြည်ထောင်စုတွင် ကစားစေမည်ဖြစ်သည်။

ပြိုင်ပွဲကို နိုင်ငံကြီးသုံးနိုင်ငံတွင် ကျင်းပမည်ဖြစ်သောကြောင့် ခရီးသွားလာမှုအနည်းဆုံးဖြစ်စေရေးအတွက် အုပ်စုအဆင့်တွင် အသင်းများအနေဖြင့် တစ်နိုင်ငံတည်း၌ ကစားနိုင်စေရန်ဖီဖာက လေ့လာနေသည်။

“မြောက်အမေရိကလို ဒီလောက်ကြီးမားတဲ့ဒေသကို ကိုင်တွယ်လုပ်ဆောင်တဲ့အခါ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေကို အလေးထားဖို့ လိုပါတယ်။ အသင်းတွေ တစ်စုတစ်စည်းတည်း ကစားရအောင် လုပ်ပေးဖို့လည်းလိုပါတယ်။ ဒါမှသာ ပရိသတ်တွေရော အသင်းတွေရော ခရီးဝေးဝေးမသွားရမှာဖြစ်ပါတယ်” ဟု ယခုနှစ်အစောပိုင်းတွင် အင်ဖန်တီနိုက ပြောကြားသည်။

တိုးချဲ့လိုက်သည့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဝင်ငွေအမြောက်အမြားလာမည်ဟု ဖီဖာက မျှော်လင့်ကြောင်း အင်ဖန်တီနိုက ပြောသည်။

၂၀၂၆ ခုနှစ်အထိ လေးနှစ်တာဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိတိုးလာမည်ဟု မျှော်မှန်းထားသည်။ ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ လေးနှစ်တာဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလျံရှိသည်။

“ကျွန်တော်တို့က ဘောလုံးရဲ့ပါ၀ါကို ယုံကြည်နေပါတယ်။ ပြိုင်ပွဲရဲ့သက်ရောက်မှု အင်မတန်ကြီးမားမယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်။ ပြိုင်ပွဲဟာ ဒီနေရာ (ကာတာ) မှာ ကြီးမားမယ်။ မြောက်အမေရိကမှာ မယုံနိုင်လောက်အောင်ဖြစ်လာလိမ့်မယ်” ဟု ဖီဖာအကြီးအကဲက ပြောသည်။

Ref:AFP

Most Read

Most Recent