ကာကွယ်ရေးအသုံးစရိတ်နှင့် စစ်လက်နက်အင်အားကို ဂျပန် ဘာကြောင့်တိုးမြှင့်ရသလဲ

ကာကွယ်ရေးအသုံးစရိတ်နှင့် စစ်လက်နက်အင်အားကို ဂျပန် ဘာကြောင့်တိုးမြှင့်ရသလဲ
Published 19 December 2022
Translate by ဖြိုးဟိန်းကျော်

ယခုသီတင်းပတ်ထဲတွင် ဂျပန်က အတည်ပြုခဲ့သည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာအသစ်၌ ရန်သူ၏တိုက်ခိုက်မှုများကို ကြိုတင်ဟန့်တားမည့် တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်များ ပိုင်ဆိုင်လာစေရန် စိတ်ပိုင်းဖြတ်မှု၊ ထိုးစစ်အတွက် ပိုမိုဟန်ချက်ညီအောင်လုပ်ဆောင်ရန် စစ်အသုံးစရိတ်ကို နှစ်ဆတိုးမြှင့်မှုနှင့် တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့၏ အန္တရာယ်ပိုမိုကြီးထွားလာခြင်းမှ မိမိကိုယ်ကိုယ် ကြံ့ကြံ့ခံကာကွယ်နိုင်စွမ်းကို မြှင့်တင်မှုတို့ ပါဝင်နေသည်။

ယင်းမဟာဗျူဟာအသစ်သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက် ဂျပန်၏ ကိုယ်ပိုင်ကာကွယ်ရေးသက်သက်ဖြစ်သော မူဝါဒကို သမိုင်းဝင်ပြောင်းလဲမှုဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဂျပန်၏ လုံခြုံရေးနှင့် ကာကွယ်ရေးမဟာဗျူဟာအသစ်များနှင့် နိုင်ငံတော်ကာကွယ်ရေးအယူအဆကို မည်သို့မည်ပုံ ပြောင်းလဲသွားမည်ဆိုသည်ကို အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။

တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်

ဂျပန်၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာအပေါ် အကြီးမားဆုံးပြင်ဆင်ပြောင်းလဲမှုမှာ မရှိမဖြစ်လိုအပ်သည်ဟု ဆိုထားသော တန်ပြန်တိုက်ခိုက်ရေး စွမ်းရည်များကို ရရှိပိုင်ဆိုင်ရေးပင်ဖြစ်သည်။ ဂျပန်အစိုးရအနေဖြင့် တိုင်းပြည်အား ကျူးကျော်မှုများကို ပိုမိုဆောလျင်စွာနှင့် ထိရောက်စွာ ဟန့်တားချေမှုန်းနိုင်မည့် စွမ်းရည်များကို ၁၀ နှစ်တာအတွင်း ပိုင်ဆိုင်နိုင်ရန် ရည်မှန်းထားသည်။

ယင်းသည် ရန်သူ့ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းနိုင်စွမ်းအား ဘေးချိတ်ကာ ၎င်းကိုဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးအတွက် နောက်ဆုံးအဆင့် တန်ပြန်ကာကွယ်မှုအနေနှင့်သာ ခွင့်ပြုထားသည့် ၁၉၅၆ ခုနှစ် ဂျပန်အစိုးရ မူဝါဒကို အဆုံးသတ်လိုက်ခြင်းလည်းဖြစ်သည်။

၎င်းတို့အပေါ် ဒုံးလက်နက်ဖြင့် တိုက်ခိုက်မှုသည် ထင်သာမြင်သာရှိသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့ကြောင်းနှင့် ကြားဖြတ်ပစ်ချရေးကိုသာ အားထားနေရသည့် လက်ရှိဒုံးကျည်ကာကွယ်ရေးစနစ်သည် လုံလောက်မှုမရှိကြောင်း ဂျပန်အစိုးရက ပြောကြားထားသည်။ မြောက်ကိုရီးယားသည် ယခုနှစ်တစ်နှစ်တည်း၌ပင် ဒုံးကျည်စမ်းသပ်မှုအကြိမ် ၃၀ ကျော် ပြုလုပ်ထားပြီး ၎င်းတို့အနက်မှ ဒုံးကျည်တစ်စင်းသည် ဂျပန်ကို ဖြတ်ကျော်ပျံသန်းသွားသကဲ့သို့ တရုတ်သည်လည်း ဂျပန်၏ တောင်ပိုင်းကျွန်းစုအနီး ရေပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုများ ပြုလုပ်ခဲ့သည်။

ရန်သူ၏တိုက်ခိုက်မှုနှင့် ကြုံအံ့ဆဲဆဲအခြေအနေများကို တုံ့ပြန်ရမည်ဆိုလျှင် တန်ပြန်တိုက်ခိုက်မှုစွမ်းရည်ကို အသုံးချခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လျော်ညီသည်ဟု ဂျပန်က ဆိုထားသည့်တိုင် မိမိက စတင်တိုက်ခိုက်သည်ဟု အပြစ်ဖို့ခံရနိုင်သည့်အရေးကို ထည့်မတွက်ဘဲ ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ရန် လွန်စွာခက်ခဲလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ တိုက်ခိုက်ရေးစွမ်းရည် တည်ဆောက်ခြင်းသည် ဂျပန်၏ စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကိုယ်ပိုင်ကာကွယ်ရေးဟူသော သတ်မှတ်ချက်ကို ကျော်လွန်သွားလိမ့်မည်ဟု ဆန့်ကျင်ကန့်ကွက်သူများက ပြောကြားသည်။

“ဂျပန်ရဲ့ မိမိကိုယ်ကိုယ်ကာကွယ်ရေးသက်သက်ဖြစ်တဲ့ မူဝါဒဟာ အနှစ်သာရကင်းမဲ့နေတယ်” ဟု လစ်ဘရယ်ယိမ်း အဆာဟိသတင်းစာတွင် ရေးသားဖော်ပြထားသည်။

ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးမြှင့်

ဂျပန်အစိုးရသည် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးမြှင့်ကာ နိုင်ငံ့ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းခန့် အသုံးပြုလျက် ၂၀၂၇ ခုနှစ်အထိ စုစုပေါင်း ဂျပန်ယန်း ၄၃ ထရီလျံ (အမေရိကန်ဒေါ်လာ ဘီလျံ ၃၂၀) အထိ သုံးစွဲရန် ရည်မှန်းထားသည်။ ဂျပန်၏ကာကွယ်ရေး ဘတ်ဂျက်လျာထားချက်အသစ်သည် နေတိုးမဟာမိတ်အဖွဲ့၏ စံသတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခြင်းဖြစ်ကာ နောက်ဆုံးတွင် ဂျပန်၏နှစ်စဉ်ကာကွယ်ရေး အသုံးစရိတ်သည် ယန်း ၁၀ ထရီလျံ (ဒေါ်လာ ၇၃ ဘီလျံ) ခန့်အထိ ရှိလာမည်ဖြစ်ပြီး အမေရိကန်နှင့် တရုတ်ပြီးလျှင် ကမ္ဘာ့တတိယအများဆုံးဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ်ကိရှိဒကမူ ၎င်း၏အစိုးရအနေဖြင့် နှစ်စဉ်ယန်းလေးထရီလျံကို ထပ်ဆောင်းလိုအပ်လိမ့်မည်ဟု ပြောကြားထားပြီး ထိုပမာဏ၏ လေးပုံတစ်ပုံအတွက် အခွန်တိုးမြှင့်ကောက်ခံခြင်းမှရရှိသည့် ဘဏ္ဍာငွေကို အသုံးပြုသွားမည်ဟု အဆိုပြုထားသည်။ အခွန်နှုန်းထားတိုးမြှင့်ရန် ၎င်း၏ အဆိုပြုချက်သည် ရလဒ်ပြောင်းပြန် ထွက်ပေါ်ခဲ့ပြီး ကာကွယ်ရေးအင်အား တိုးချဲ့မည့် ငါးနှစ်စီမံချက်ကို ရန်ပုံငွေအပြည့်အဝရရှိမည့် အစီအစဉ်မရှိဘဲ ထုတ်ပြန်ခဲ့ရကာ အခြားတစ်ဖက်တွင် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် လိုငွေပမာဏကို ဖြည့်တင်းမည့် နည်းလမ်းများကို ဆက်လက်ဆွေးနွေးနေသည်။

တာဝေးပစ်ဒုံးလက်နက်များ

လာမည့်ငါးနှစ်အတွင်း ဂျပန်သည် တာဝေးပစ်ဒုံးကျည်များအတွက် ယန်းငါးထရီလျံ (ဒေါ်လာ ၃၇ ဘီလျံ)ခန့် အသုံးပြုသွားမည်ဖြစ်ကာ အဆိုပါဒုံးကျည်များကို ၂၀၂၆ ခုနှစ်တွင် စတင်ဖြန့်ကြက်ရန် စီစဉ်ထားသည်။ ဂျပန်သည် အမေရိကန်လုပ် တိုမာဟော့ခ်ဒုံးကျည်များနှင့် Joint Air-to-Surface Standoff  ဝေဟင်မှ မြေပြင်တာဝေးပစ်ဒုံး ကျည်များကို ဝယ်ယူမည်ဖြစ်သကဲ့သို့ ဂျပန်၏ မစ်ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်းသည်လည်း Type-12 သင်္ဘောခွင်း ပဲ့ထိန်းဒုံးကျည်များကို အဆင့်မြှင့်ကာ အမြောက်အမြားထုတ်လုပ်သွားမည်ဖြစ်သည်။ ဂျပန်ကာကွယ်ရေးဌာန တာဝန်ရှိသူများကမူ ၎င်းတို့သည် တိုမာဟော့ခ်ဒုံးကျည်များ ဝယ်ယူရေးနှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို အပြီးသတ်ဆွေးနွေးနေဆဲဖြစ်သည်ဟု ဆိုသည်။

ဂျပန်အနေဖြင့် ဟိုက်ပါဆောနစ် လက်နက်များသာမက ဗြိတိန်၊ အီတလီတို့နှင့် ပူးပေါင်းထုတ်လုပ်ကာ ၂၀၃၅ ခုနှစ်တွင် ဖြန့်ကြက်ရန်စီစဉ်ထားသည့် F-X မျိုးဆက်သစ် ဂျက်တိုက်လေယာဉ်များနှင့် ချိတ်ဆက်ဖွယ်ရှိသည့် ဘက်စုံသုံးနှင့် မောင်းသူမဲ့ယာဉ်များကဲ့သို့သော စစ်လက်နက်ပစ္စည်း အမျိုးအစားများကိုလည်း တီထွင်ထုတ်လုပ်သွားမည်ဖြစ်သည်။ ဝေဟင်မှ မြေပြင်တာဝေးပစ်ဒုံးကျည် စနစ်အချို့ကိုလည်း ထုတ်ဖော်ကြေညာခြင်းမရှိသည့် နေရာများတွင် ဖြန့်ကြက်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။

ဆိုက်ဘာလုံခြုံရေး

ဂျပန်သည် လုံလောက်သော ဆိုက်ဘာလုံခြုံရေးနှင့် ထောက်လှမ်းရေးစွမ်းရည် ကင်းမဲ့နေသည့်အတွက် သတ်မှတ်ထားသော ပစ်မှတ်များကို တာဝေးပစ်ခရုစ်ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းကဲ့သို့သော နယ်ပယ်တို့တွင် အမေရိကန်အပေါ်၌ အလွန်အမင်း မှီခိုရလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

“ဆိုက်ဘာလုံခြုံရေးမရှိဘူးဆိုရင် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အသာစီးယူနိုင်စွမ်းနဲ့ အမေရိကန်-ဂျပန် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်းကို တည်ဆောက်ဖို့ ခက်ခဲနေမှာဖြစ်တယ်” ဟု ဒီဇင်ဘာ ၁၆ ရက်က အတည်ပြုခဲ့သည့် ငါးနှစ်တာကာကွယ်ရေးစီမံချက်တွင် ဖော်ပြထားပြီး ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် ဂျပန်ကာကွယ်ရေးလုပ်ငန်းများ၌ ဆိုက်ဘာလုံခြုံရေး ခိုင်မာသေချာမှုရှိအောင် လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း ဖော်ပြထားသည်။

ဂျပန်အစိုးရ၏ ဆိုက်ဘာလုံခြုံရေး အားနည်းချက်သည် မဟာမိတ်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ ဖော်ဆောင်ရန်နှင့် သတင်းအချက်အလက်မျှဝေရေးကို တိုးမြှင့်ရာတွင် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်နေခြင်းကြောင့် ယင်းသည် အမေရိကန်အတွက် ဝမ်းမြောက်ဖွယ်အခြေအနေတစ်ရပ်ဖြစ်သည်ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ(ဂျပန်)၏ အကြီးတန်းအကြံပေးဖြစ်သူ ခရစ္စတိုဖာဂျွန်စတုန်းက ဆိုသည်။

ဂျပန်သည် လာမည့်ငါးနှစ်တာအတွင်း ဆိုက်ဘာလုံခြုံရေးနှင့် အာကာသနယ်ပယ်အပါအဝင် ကာကွယ်ရေးကဏ္ဍအတွက် ယန်းရှစ်ထရီလျံ အသုံးပြုသွားမည်ဖြစ်သည်။

တရုတ်သည် မဟာဗျူဟာအရ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေ စစ်ပြီးခေတ်တွင် အပြင်းထန်ဆုံးနှင့် အရှုပ်ထွေးဆုံး ဖြစ်လာခဲ့သည့် ဒေသတွင်းလုံခြုံရေးဝန်းကျင်အပေါ် စိုးရိမ်မှုသည် ဂျပန်၏ ကာကွယ်ရေးမဟာဗျူဟာ မွမ်းမံပြင်ဆင်မှုနောက်ကွယ်မှ တွန်းအားတစ်ရပ် ဖြစ်လာခဲ့သည်။

စစ်လက်နက်အင်အား တည်ဆောက်မှုကို တစ်ဟုန်ထိုး လုပ်ဆောင်ကာ ရန်လိုသော စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လာပြီး အမေရိကန်နှင့် အားပြိုင်နေသည့် တရုတ်သည် ဂျပန်နှင့် နိုင်ငံတကာအသိုက်အဝန်းအတွက် မကြုံဖူးလောက်သည့် မဟာဗျူဟာအရအကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်ဟု ဂျပန်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်တွင် ဖော်ပြထားသည်။

ယူကရိန်းကို ရုရှားက စစ်ပွဲဆင်နွှဲခြင်းသည်လည်း ထိုင်ဝမ်၏ အခြေအနေအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ကာ လာမည့်ငါးနှစ်အတွင်း ဂျပန်၏ ကာကွယ်ရေးအင်အား မြှင့်တင်မှုကိုလည်း အရှိန်မြင့်တက်စေခဲ့ သည်။ မြောက်ကိုရီးယားက ၎င်းတို့၏ နျူကလီးယားလက်နက်နှင့် ဒုံးလက်နက်စွမ်းရည်များကို အရှိန်မြှင့် တည်ဆောက်နေသည့်တိုင် တရုတ်သည် ဂျပန်အတွက် အဓိကခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေသည့်အတွက် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုဟု အယောင်ပြလျက် ပြင်ဆင်မှုများ လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း ဂျပန်ရေတပ်မှ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး တိုမိုဟိဆာတာကဲအိက ဆိုသည်။

ကိုယ်ပိုင်ကာကွယ်ရေး မူဝါဒကိုပင် ဆက်လက်ကျင့်သုံးမည်လော

စစ်အတွင်းက အခြားနိုင်ငံများကို ကျူးကျော်သည့် အတိတ်သမိုင်းရှိခဲ့ကာ စစ်ရှုံးပြီးနောက် မရှုမလှ ပျက်စီးဆုံးရှုံးခဲ့သော ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ် မူဝါဒသည် လုံခြုံရေးထက် စီးပွားရေးကဏ္ဍကိုသာ အဓိကထားခဲ့ပြီး လုံခြုံရေးအတွက် နှစ်နိုင်ငံလုံခြုံရေးသဘော တူညီချက်အရ ဂျပန်တွင် အခြေစိုက်သည့် အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် မှီခိုအားထားလျက်ရှိသည်။

ဂျပန်အနေဖြင့် စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာလွှဲပြောင်းမှုတွင် စံသတ်မှတ်ချက်မြင့်မားသော စစ်ဆန့်ကျင်ရေး မူဝါဒကို ဆက်လက်ကိုင်စွဲသွားမည်ဟု ပြောဆိုထားသော်လည်း တိုင်းပြည်၏ ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ခိုင်မာအားကောင်းအောင် တည်ဆောက်ရေးအတွက် မျိုးဆက်သစ် F-X ဂျက်တိုက်လေယာဉ်များအပါအဝင် တိုက်ပွဲဝင် စစ်လက်နက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ တင်သွင်းမှုအပေါ် ကန့်သတ်ပိတ်ပင်မှုအချို့အား ဖြေလျှော့ရန် စီစဉ်လျက်ရှိသည်။    Ref:AP

Most Read

Most Recent