ယခုဆောင်းပါးကလေးအား လွတ်လပ်ရေး ကြေညာစာတမ်း၊ အပိုဒ် ၅ တွင် ဖော်ပြထားရှိသည့် အချက်ကလေးနှင့် စတင်ပါမည်။ မူရင်းအတိုင်း ရေးသားတင်ပြထား ရှိသည်ကို တင်ပြရပါလျှင် - “ ၅။ ငါ တို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏အမွေအနှစ်မဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင် သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ ….” (Reference : 1) စသည်ဖြင့် အကြောင်းအရာ အချက်အလက်များ ပါဝင်လျက်ရှိရာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် အခြေအနေများနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပါသည်။
စာရေးသူ သိမြင်နားလည်သည့် အချိန်က စတင်ပြီး အောက်ဖော်ပြပါ မေးခွန်းကလေးကို အမြဲ မေးမြန်းနေမိပါသည်။ “စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများ၊ နိုင်ငံတော် အကြီးအကဲများ၊ တိုင်းပြည် နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများ၊ တာဝန်ရှိသူများသည် လွတ်လပ်ရေးကြေညာစာတမ်းတွင် ပါရှိသည့် အချက်အလက်များ၊ သဘောတရားများ၊ အနှစ်သာရများကို တိုင်းပြည် နိုင်ငံတော်တွင် ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းစဉ်များတွင် အခြေခံအဖြစ် ထည့်သွင်းအသုံ ပြုခဲ့ကြပါသလား။” ဆိုသည့် မေးခွန်းဖြစ်ပါသည်။ စာဖတ်သူတို့အနေဖြင့် လွတ်လပ်ရေး ကြေညာစာတမ်းတွင် ပါရှိသည့် အချက်အလက်များကို လေ့လာဆန်းစစ်ပြီး တိုင်းပြည်နိုင်ငံတော်တွင် ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် အခြေအနေများနှင့် တိုက်ဆိုင်စစ်ဆေး လေ့လာကြည့်ကြပါရန် မေတ္တာရပ်ခံ အကြံပြု တင်ပြအပ်ပါသည်။
လွတ်လပ်ရေး ရရှိပြီးချိန် နောက်ပိုင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများအနေဖြင့် လွတ်လပ်ရေးကို တန်ဖိုးထား လေးစားလိုက်နာပြီး လွတ်လပ်ရေးကြေညာစာတမ်းတွင် ပါဝင်သည့် အချက်များကို အခြေခံကာ တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါလျှင် ယနေ့အချိန်တွင် မြန်မာနိုင်ငံတော်ကြီး ကြုံတွေ့နေရလျက်ရှိသည့် ဆိုးရွားပြင်း ထန်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံသားများ၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးခဲ့ရသည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံများအလယ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ သို့မဟုတ် အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိစေပြီး တိုင်းပြည် နိုင်ငံတော်နှင့် နိုင်ငံသားများ ဂုဏ်သိက္ခာမဲ့စွာ ရပ်တည်နေရသည့် အခြေအနေများ၊ တစ်နိုင်ငံလုံး ပရမ်းပတာ ဖြစ်ပေါ်နေရသည့် အခြေအနေများ စသည်တို့ကိုရှောင်လွှဲနိုင်စေမည် ဖြစ်ပါသည်။
အထက်ဖော်ပြပါ ဆိုးရွားပြင်းထန်မှုများ တည်ရှိဖြစ်ပေါ်နေခြင်းများသည် သူ့အလိုလို အကြောင်းမဲ့ ဖြစ်ပေါ်စေခဲ့သည်မဟုတ်ပါ။ အခြေအနေ အကျိုးတစ်ရပ် ဖြစ်ပေါ် လာစေရန် အကြောင်းတရားများသည် အစဉ်အမြဲ တည်ရှိနေသည်မှာ သဘာဝပင် ဖြစ်ပါသည်။ စာရေးသူအနေနှင့် စာရေးသူ လေ့လာသိရှိရသည့် သတင်းအချက်အလက်များ၊ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများအရ ဝေဖန်ဆန်းစစ် တင်ပြရပါလျှင် အကြောင်းတရားတစ် ရပ်မှာ သမိုင်းထောင်ချောက်အတွင်းသို့ ကျဆင်းလျက်ရှိပြီး သမိုင်းထောင်ချောက်အတွင်းမှ လွတ်မြောက်နိုင်စေရန် မစွမ်းဆောင်နိုင်ကြခြင်းပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သမိုင်းထောင်ချောက်အတွင်းမှ လွတ်မြောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်မည့် တိုင်းပြည်နိုင်ငံခေါင်းဆောင်ကြီးများ မပေါ်ပေါက် မဖြစ်ထွန်းနိုင်သေးခြင်းပင် ဖြစ်ပါသည်။
စာရေးသူ၏ အထက်ပါ ဖော်ပြချက်အရ သမိုင်းထောင်ချောက်အကြောင်းကို စာဖတ်သူများ အလွယ်တကူ သိမြင် နားလည်နိုင်စေရန် အနည်းငယ် ရှင်းလင်း တင်ပြပါမည်။ ပုံတွင် အကျိုးတရားများကို အလယ်တွင် တင်ပြထားရှိပြီး၊ အကျိုးတရားများ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်စေမည့် အကြောင်းရင်းများကို ဘယ်ဘက်နှင့် ညာဘက်တွင်ဖော်ပြထားပါသည်။ စာဖတ်သူများအနေနှင့် ဘယ်ဘက်တွင်ရှိ အကြောင်းတရားများနှင့် ညာဘက်တွင်ရှိ အကြောင်းတရားများ တည်ရှိနေသည်များကို လေ့လာကာ မည်သည့်ဘက်တွင်ရှိ အကြောင်းတရားများက အလယ်တွင်ရှိ အကျိုးတရားများကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့ကြောင်း အလယ်တကူ တွေ့မြင်နိုင်ပါသည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ လွတ်လပ်ရေး ရရှိပြီးချိန် နောက်ပိုင်းမှ စတင်ကာ ယနေ့ အချိန်အထိ မြန်မာနိုင်ငံတော်ကြီး ကြုံတွေ့နေရသော ဆိုးရွားပြင်းထန်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံသားများ၏ အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးခဲ့ရသည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံများအလယ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ သို့မဟုတ် အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိစေပြီး တိုင်း ပြည် နိုင်ငံတော်နှင့် နိုင်ငံသားများ ဂုဏ်သိက္ခာမဲ့စွာ ရပ်တည်နေရသည့် အခြေအနေများ၊ တစ်နိုင်ငံလုံး ပရမ်းပတာ ဖြစ်ပေါ်နေရသည့် အခြေအနေများ စသည်တို့ကို ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်းများတွင် သမိုင်းထောင်ချောက်အတွင်းသို့ ကျဆင်းလျက် တည်ရှိနေခြင်းသည် အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး သမိုင်း ထောင်ချောက် အတွင်းသို့ ကျဆင်းနေခြင်းမှ အလျင်အမြန် ရုန်းထွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ သမိုင်းထောင်ချောက် ဖြစ်ပေါ်စေခြင်း အကြောင်းရင်းကို အကျဉ်းချုံးပြီး ရှင်းလင်းတင်ပြပါမည်။ သမိုင်းကြောင်းကို လေ့လာဆန်းစစ်ရာတွင် ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် တည်ရှိ ဖြစ်ပေါ်နေစေသည့် အကျိုးတရားများသည် ကုန်းဘောင်ခေတ် မြန်မာရှင်ဘုရင်များ အုပ်ချုပ်ခဲ့သည့် အခြေအနေများနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိဟု စာရေးသူအနေနှင့် ယုံကြည်ပါသည်။ ထို့ကြောင့် အကြောင်းရင်းများကို ရှာဖွေ စိစစ်ရာတွင် အကြောင်းရင်း နှစ်ရပ်ကိုသာလျှင် ရှာဖွေစိစစ်ရန် လိုအပ်ပါသည်။ ပထမအကြောင်းရင်းမှာ ဗြိတိသျှ အင်္ဂလိပ်တို့ မြန်မာ နိုင်ငံတွင် အုပ်ချုပ်ခဲ့သည့် အခြေအနေဖြစ်ပြီး ဒုတိယ အကြောင်းရင်းမှာ ဂျပန်တို့ မြန်မာနိုင်ငံတွင် အုပ်ချုပ်ခဲ့သည့် အခြေအနေဖြစ်ပါသည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင် ဖော်ပြထားသည့် သတင်းအချက်အလက်များကို အခြေခံကာ တင်ပြပါမည်။
ပထမအကြောင်းရင်းအနေနှင့် ပုံ၏ ဘယ်ဘက်တွင် တင်ပြထားသည့် ဗြိတိသျှ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေးကို တင်ပြပါမည်။ ဗြိတိသျှ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား စစ်ပွဲသုံးကြိမ် ပြုလုပ်ဆင်နွှဲခဲ့ပြီး အုပ်ချုပ်မှုကို စတင်ခဲ့ကြရာ ပထမစစ်ပွဲတွင် သိမ်းယူခဲ့သည့် နယ်မြေဧရိယာများတွင် စုစုပေါင်းအုပ်ချုပ်ခဲ့သည့်ကာလမှာ နှစ်ပေါင်း ၁၁၉ နှစ်ခန့်ကြာမြင့်ခဲ့ပြီး တတိယစစ်ပွဲတွင် သိမ်းယူခဲ့သည့် နယ်မြေဧရိယာများတွင် စုစုပေါင်း အုပ်ချုပ်ခဲ့သည့် ကာလမှာ ၅၉ နှစ်ခန့် ကြာမြင့်ခဲ့ပါသည်။
ဗြိတိသျှ အင်္ဂလိပ်တို့၏ ကိုလိုနီအုပ်ချုပ်ရေးစနစ်ကြောင့် မြန်မာနိုင်ငံနှင့် မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း များစွာ ပြောင်းလဲစေခဲ့ပါသည်။ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး နယ်ပယ်၊ လူမှုရေးနယ်ပယ်စသည်တို့တွင် များစွာ ပြောင်းလဲစေခဲ့ပါသည်။ ထူးခြားသည့် အခြေအနေတစ်ရပ်မှာ ဗြိတိသျှ အင်္ဂလိပ်တို့သည် အချို့သော နယ်မြေဧရိယာများတွင် နှစ်ပေါင်း ၁၀၀ ကျော်ခန့် အုပ်ချုပ်ချိန် ကြာမြင့်ခဲ့ပါသော်လည်း မြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားများကို အခြေခံပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် တပ်မတော် လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်ကို သီးခြား မထူထောင် မတည်ဆောက်ခဲ့ခြင်းပင် ဖြစ်ပါသည်။
ဒုတိယအကြောင်းရင်းအနေနှင့် ပုံ၏ ညာဘက်တွင် တင်ပြထားသည့် ဂျပန်တို့၏ အုပ်ချုပ်ရေးကို တင်ပြပါမည်။ ဂျပန်တို့သည် မြန်မာနိုင်ငံအား ၁၉၄၂ ခုနှစ်ခန့်မှ ၁၉၄၅ ခုနှစ်ခန့်အထိ အုပ်ချုပ်ချိန် သုံးနှစ်ခန့်သာ ကြာမြင့်ခဲ့ပါ သော်လည်း မြန်မာလူငယ်များအား စစ်ပညာရပ်များ သင်ကြားပေးခြင်း၊ စစ်လက်နက်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ စစ်ရေးစစ်ရာများနှင့် သက်ဆိုင်သည့် သင်တန်းကျောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ဗမာ့တပ်မတော်ကြီးကို ထူထောင်တည်ဆောက်ပေးခြင်းတို့အပြင် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ်ကို စတင်ကျင့်သုံးစေခဲ့ပြီး စစ်အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို စာတွေ့၊ လက်တွေ့၊ ထဲထဲဝင်ဝင် သင်ကြားပေးခဲ့ပါသည်။
လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း အကျိုးတရားများ ဖြစ်ပေါ်စေသည့် အခြေအနေများကို ပုံ၏အလယ်တွင် ဖော်ပြထားပါသည်။ မည်သည့်အကြောင်းတရားများကြောင့် ယခုကဲ့သို့အကျိုးတရားများ ဖြစ်ပေါ်စေလျက်ရှိသည်ကို စာဖတ် သူများကပင် ဆက်စပ်စဉ်းစားကြစေလိုပါသည်။ စာရေးသူအနေနှင့်မူ တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများအတွက် စိတ်မကောင်းဖြစ်မိသည်မှာ တိုင်းပြည် နိုင်ငံတော်ကြီးတွင် ဦးဆောင်ဦးရွက် ပြုခဲ့ကြသူများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ကြီးများအနေနှင့် တိုင်းပြည် နိုင်ငံ တစ်နိုင်ငံအား စစ်အုပ်ချုပ်ရေးစနစ် ကာလတာရှည် ကျင့်သုံးစေခြင်းသည် တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူပြည်သားများအတွက် ဆိုးရွားပြင်းထန်သည့် ဆင်းရဲဒုက္ခအပေါင်းကို ဖြစ်ထွန်း ပေါ်ပေါက်စေသည်ဆိုသည့် အခြေခံအချက်ကလေးကိုပင် သိမြင် နားလည် သဘောပေါက်ခြင်း မရှိသည့် လူပုဂ္ဂိုလ်ကြီးများ ဖြစ်နေကြသည်မှာ ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်ပါသည်။
ဒုတိယအနေနှင့် အဘယ်ကြောင့် နှစ်ပေါင်း ၇၄ နှစ်ကျော် ကြာမြင့်သည့်တိုင်အောင် သမိုင်းထောင်ချောက်အတွင်းသို့ ကျဆင်းနေခြင်းမှ ရုန်းမထွက်နိုင်ခဲ့ကြပါသနည်းဟူသည့် မေးခွန်းဖြစ်သည်။ မေးခွန်းကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြရပါလျှင် ပထမအချက်အနေနှင့် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တိုင်း ပြည် နိုင်ငံတော်ကြီးတွင် ဦးဆောင် ဦးရွက် ပြုခဲ့ကြသူများ၏ အသိအမြင်နှင့် ဉာဏ်ရည် ဉာဏ်သွေးသည် ထောင်ချောက် ဖြစ်ထွန်းပေါ်ပေါက်လျက် ရှိနေသည်ကိုပင် နားမလည် သဘောမပေါက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်အနေနှင့် လွတ်လပ်ရေးရရှိပြီးချိန်တွင် တည်ရှိနေသည့် စစ်ရေးအင်စတီကျူးရှင်း၊ နိုင်ငံရေးအင်စတီကျူးရှင်းများနှင့် စီးပွားရေးအင်စတီကျူးရှင်းကြီးများသည် တိုင်းပြည် နိုင်ငံတော်ကို အမှန်တကယ် တည်ဆောက်မည့် ပြည်သူ ပြည်သားများ၏ အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်မည့် လူပုဂ္ဂိုလ်ကြီးများအား မွေးထုတ်မပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ တတိယအချက်အနေနှင့် တိုင်းပြည် နိုင်ငံတော်ကြီးကို ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများမှာ တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ခြင်းထက် လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ဖွဲ့ အာဏာရရှိရေး၊ အာဏာတည်မြဲစေရေးနှင့် အာဏာကိုလက်လွှတ် မဆုံးရှုံးစေရေးအတွက်သာ အစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့ခြင်းများကြောင့် ဖြစ်ပါသည်။
တတိယအနေနှင့် သမိုင်းထောင်ချောက်အတွင်းမှ ရုန်းထွက်နိုင်စေမည့် အကြံပြုချက်များကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ ပထမအချက်အနေဖြင့် တိုင်းပြည် နိုင်ငံတော်ကို ဦး ဆာင်ဦးရွက်ပြုကြသူများ ကိုယ်တိုင် သမိုင်းထောင်ချောက်အတွင်း သို့ (Historical Trap) ကျဆင်းလျက်ရှိသည့် အခြေအနေ အပြည့်အစုံကို သိမြင် နားလည် သဘောပေါက်စေရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့် တိုင်းပြည် နိုင်ငံတာ်ကို ဦးဆောင် ဦးရွက်ပြုကြသူများသည် လွတ်လပ်ရေးကြေညာစာတမ်းတွင် ပါဝင်သည့် အချက်အလက်များကို သိမြင် နားလည်စေရန် ကြိုးပမ်းအားထုတ်ပြီး လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ သမိုင်းထောင်ချောက်အတွင်းသို့ ကျဆင်းခဲ့ရသည့် အကြောင်းရင်းများတွင် တိုင်းပြည်နိုင်ငံ၏ လွတ်လပ်ရေးကို တန်ဖိုးမထားရှိဘဲ လွတ်လပ်ရေးကြေညာစာတမ်းတွင် ပါဝင်သည့် အချက်အလက်များကို လစ်လျူရှုပြီး မျက်ကွယ်ပြုခဲ့ခြင်းများကြောင့် ဖြစ်သည်ကို သတိပြုရန် ဖြစ်ပါသည်။
တတိယအချက်အနေဖြင့် တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားများ၏ အကျိူးကို ရှေးရှုသည့်အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ဖွဲ့ အာဏာ ရရှိရေး၊ အာဏာတည်မြဲစေရေးနှင့် အာဏာကိုလက်လွှတ် မဆုံးရှုံးစေရေးအတွက်သာ အစွမ်းကုန် ကြိုးပမ်းအားထုတ် လုပ်ဆောင်တတ်သည့် ယဉ်ကျေးမှုကို တတ်နိုင်သမျှ လျော့နည်း ပပျောက်စေရန် ကြိုးပမ်းအားထုတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရမည် ဖြစ်ပါသည်။
အလျဉ်းသင့်သဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာဆန်းစစ်ပြီး စာရေးသူ၏ သိမြင် နားလည် တွေ့ကြုံခဲ့ရသည်များကို အခြေခံကာ “လောက အမှန်တရား” တစ်ရပ်ကို စာဖတ်သူများအား တင်ပြပါမည်။ “တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သားများ၏ အကျိုးကို ရှေးရှုဆောင်ရွက်သည့် အကြီးအကဲများ၊ နိုင်ငံ ရေး ခေါင်းဆောင်ကြီးများ ဖြစ်ထွန်း ပေါ်ပေါက်လာသည့်အချိန်တွင် တိုင်းပြု ပြည်ပြု (တိုင်းကျိုး ပြည်ပြု) လူပုဂ္ဂိုလ်ကြီးများ အမြောက်အမြားပေါ်ထွက်လာစေမည်ဖြစ်ပါသည်။ အာဏာကိုသာလျှင် တည်ဆောက်သည့် အကြီးအကဲများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ ဖြစ်ထွန်းပေါ်ပေါက်လာပါက ၎င်းတို့၏ အာဏာအတွက် အသက်အသေခံပြီး ကာကွယ်စောင့်ရှောက်သည့် လူပုဂ္ဂိုလ်ကြီးများသာလျှင် ပေါ်ထွက်လာမည် ဖြစ်ပြီး တိုင်းပြု ပြည်ပြု လူပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်မလာနိုင်ပါ။}}
ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေကို စာရေးသူ၏ အတွေ့အကြုံ အရ တင်ပြရပါလျှင် တိုင်းပြု ပြည်ပြု လူပုဂ္ဂိုလ် ကြီးများပေါ်ထွက်လာစေရန်မှာ လွန်စွာ အလှမ်းဝေးကွာလျက်ရှိပြီး တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းနှင့် ပြည်သူ ပြည်သားများ၏ အကျိုးကို ရှေးရှုရေးသားသည့် စာပေများကို တွေ့ရှိရလျှင်ပင် တိုင်းပြည် နိုင်ငံတော်ကို ဦးဆောင် ဦးရွက်ပြုခဲ့ဖူးသည့် အချို့သောလူပုဂ္ဂိုလ်ကြီးများ၊ စီးပွားရေးအဖွဲ့အစည်းများတွင် ဦးဆောင် ဦးရွက်ပြုလျက်ရှိသည့် အချို့သော လူပုဂ္ဂိုလ်ကြီးများ၊ ဌာနများ၊ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အချို့ သော လူပုဂ္ဂိုလ်ကြီးများသည် တီကို ဆားနှင့် တို့လိုက်သကဲ့သို့ ဖြစ်ပေါ်လျက် ရှိနေသည်များမှာ တိုင်းပြည် နိုင်ငံတော်၏ အနာဂတ်အတွက် စိတ်မကောင်းဖွယ်ရာ အခြေအနေ ပတ်ဝန်းကျင် ဖြစ်ပါသည်။
နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ လွတ်လပ်ရေးရရှိပြီးချိန် နောက်ပိုင်းမှ စတင်ကာ ယနေ့ အချိန်အထိ မြန်မာနိုင်ငံတော်ကြီး ကြုံတွေ့နေရသော ဆိုးရွားပြင်းထန်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံသားများ၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးခဲ့ရသည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံများအလယ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ သို့မဟုတ် အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိစေပြီး တိုင်းပြည် နိုင်ငံတော်နှင့် နိုင်ငံသားများ ဂုဏ်သိက္ခာမဲ့စွာ ရပ်တည်နေရသည့် အခြေအနေများ၊ တစ်နိုင်ငံလုံး ပရမ်းပတာ ဖြစ်ပေါ်နေရသည့်အခြေအနေများစသည်တို့ကို ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်းများတွင် သမိုင်းထောင်ချောက်အတွင်းသို့ ကျဆင်းလျက် တည်ရှိနေခြင်းသည် အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး သမိုင်းထောင်ချောက်အတွင်းသို့ ကျဆင်းနေခြင်းမှ အလျင်အမြန် ရုန်းထွက်နိုင်စေရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
Reference : ၁။ “လွတ်လပ်ရေးေြ ကညာစာတမ်း”










