တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခဲ့ပြီး SU-30 SME၊ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်၊ FTC 2000 G၊ FT-7K-8W အမျိုးအစား တိုက်လေယာဉ်များနှင့် Ka-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်များ တပ်တော်ဝင်

တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခဲ့ပြီး SU-30 SME၊ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်၊ FTC 2000 G၊ FT-7K-8W အမျိုးအစား တိုက်လေယာဉ်များနှင့် Ka-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်များ တပ်တော်ဝင်
Published 15 December 2022

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတက်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပခဲ့ပြီး လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ် စခန်းဌာနချုပ်မှူးများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အခမ်းအနားစတင်ရန် ခွင့်ပြုချက်တောင်းပြီးချိန်တွင်(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် တပ်တော်ဝင် အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်(လေ)မှ စမ်းသပ်ထုတ်လုပ်သည့် MTX-1A အပါအဝင် PT-6 လေယာဉ် ၁၅ စီးဖြင့် အင်္ဂလိပ်အက္ခရာ ၇၅ ပုံစံ အုပ်စုဖွဲ့ ပျံသန်း၍ ရှုရပ်မဏ္ဍပ်၏ရှေ့တူရှုမှ ပျံသန်းဝင်ရောက်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပျံသန်းအလေးပြုခြင်းအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားခြင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်က လေယာဉ်၊ ရဟတ်ယာဉ်များအားတပ်တော်ဝင်အဖြစ် ကြေညာခြင်း၊ ရဟတ်ယာဉ်၊ လေယာဉ်များက အုပ်စုဖွဲ့ပျံသန်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုခြင်း၊ သရုပ်ပြစွမ်းရည်ပြသခြင်း၊ တပ်မတော်(လေ) ၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည် နေ့အထိမ်းအမှတ်အဖြစ် ငှက်အကောင်ရေ ၇၅ ကောင်တို့အား ဘေးမဲ့လွှတ်ပေးခြင်းနှင့် တပ်တော်ဝင်လေယာဉ်၊ ရဟတ်ယာဉ်များကို အမွှေးနံ့သာရည်များပက်ဖျန်းပေးခြင်း စသည်တို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယခုတပ်တော်ဝင်ခြင်း အခမ်းအနားတွင်ပါဝင်သည့် Su-30 SME လေယာဉ်သည် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစား တိုက်လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)အတွက် ပထမဦးဆုံးစတင်အသုံးပြုသည့် Heavy Fighter အမျိုးအစားဖြစ်ကြောင်း သိရသည်။

အလားတူ FTC 2000 G လေယာဉ်သည် ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေးလေယာဉ် အမျိုးအစားဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ် လေကြောင်း ပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင် ကင်းထောက်ခြင်း တာဝန်များကိုထမ်းဆောင်နိုင်ကြောင်းသိရသည်။

ထို့အတူ Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်သည် ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်အောက်ရှိ ရေငုတ်သင်္ဘောများအား ရှာဖွေတိုက်ခိုက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်းသိရသည်။

FT-7 ကြားဖြတ်တိုက်ခိုက်ရေးလေ ယာဉ်နှင့် K-8 W လေယာဉ်များသည် အမောင်းသင်ဂျက်တိုက်လေယာဉ်နှင့် အပေါ့စားတိုက်ခိုက်ရေး လေယာဉ်အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ ဝေဟင် - မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်း နှင့်လွှဲပြောင်းသင်တန်းပို့ချခြင်းတာဝန်များကို ထမ်းဆောင်နိုင်ကြောင်းသိရသည်။

ထို့အပြင် Y-8  လေယာဉ်သည် သယ်ယူပို့ဆောင်ရေးလေယာဉ်အမျိုးအစားဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ပို့ခြင်း၊ ခရီးသည်သယ်ပို့ခြင်း၊ ကုန်ပစ္စည်းများသယ်ပို့ခြင်း၊ ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း၊ လေထီးခုန်ခြင်း၊ ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း သိရသည်။

Most Read

Most Recent