မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Published 6 December 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဒီဇင်ဘာ ၅ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

တတိယအကြိမ်မြောက် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကော်မရှင် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဒီဇင်ဘာ ၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ၂ ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးများ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရုရှား-မြန်မာဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆက်စပ်အစည်းအဝေးများကို အစီအစဉ်သုံးခုဖြင့် ဆောင်ရွက်ခဲ့ရာ အစီအစဉ် (၁)အရ ကျင်းပသည့် “ဘဏ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာ” (On prospects for interbank cooperation) နှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Mr.Alexey Guznov နှင့် ရုရှားနိုင်ငံ၏ အမျိုးသားငွေပေးချေမှုကတ်ကုမ္ပဏီမှ ဥက္ကဋ္ဌ Mr.Vladimir Komlev တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက်အစီအစဉ် (၂)အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding on bilateral cooperation between the Bank of Russia and the Central Bank of the Republic of the Union of Myanmar) ကို နှစ်နိုင်ငံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လက်မှတ်ရေးထိုးသည်။

အစီအစဉ် (၃)အရ နှစ်နိုင်ငံဗဟိုဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအကြား ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ (Roundtable “Banks and Finance” တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့် ရုရှားနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Mr.Alexey Guznov တို့က အမှာစကားများပြောကြားကြပြီး နှစ်နိုင်ငံဗဟိုဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများက ရုရှား-မြန်မာနှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ တတိယအကြိမ် ရုရှား-မြန်မာအစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်က ကျင်းပခဲ့ရာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်နှင့် သဘောတူစာချုပ်ခုနစ်ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Most Read

Most Recent