ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ်(KBC)၏ အမြဲတမ်းအကြံပေးနှင့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့၏ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ် မန္တလေးတံတားဦးလေဆိပ်တွင် ထိန်းသိမ်းခံရ

ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ်(KBC)၏ အမြဲတမ်းအကြံပေးနှင့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့၏ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ် မန္တလေးတံတားဦးလေဆိပ်တွင် ထိန်းသိမ်းခံရ
Published 5 December 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ် (KBC)၏ အမြဲတမ်းအကြံပေးနှင့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့၏ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွမ်သည် မန္တလေးတံတားဦးလေဆိပ်တွင် ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီကျော်က ဖမ်းဆီးထိန်းသိမ်းခံရကြောင်း KBC တာဝန်ရှိသူများက ပြောကြားသည်။

ဒေါက်တာခလမ်ဆမ်ဆွမ်အပါအဝင် သုံးဦးသည် ထိုင်းနိုင်ငံဘန်ကောက်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ရန် ထွက်လာစဉ် ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း KBC မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဆရာကြီးတစ်ဦးထဲကိုပဲ မန္တလေးလေဆိပ်မှာ ခေါ်ထားလိုက်တယ်လို့ သိရတယ်။ အခုနေ့လည် ၁ နာရီ လေယာဉ်နဲ့ မန္တလေးကနေ မြစ်ကြီးနားကို ပြန်ပါလာပြီးလို့ သိရတယ်။ အခုတော့ကျွန်တော်တို့လည်း ဆရာကြီးနဲ့ မတွေ့ရသလို ဘယ်ကိုမှလည်း မေးမြန်းလို့မရသေးပါဘူး။ ဘာကြောင့် ဘန်ကောက်သွားတာ မသိရပေမယ့် ဆေးစစ်စရာရှိလို့ သွားတယ်ဆိုလည်းဖြစ်နိုင်ပါတယ်။ အသက်က ၆၃ ဝန်းကျင်လောက်ရှိပါပြီ။ အခုတော့ ဘယ်ကိုခေါ်ဆောင်သွားမှန်း မသိရသေးပါဘူး” ဟု KBC မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါက်တာခလမ်ဆမ်ဆွမ်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)တွင် အတွင်းရေးမှူးအဖြစ်ရှစ်နှစ်၊ ဥက္ကဋ္ဌအဖြစ် လေးနှစ်တာဝန်ယူခဲ့သူဖြစ်သည်။

 လက်ရှိတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)တွင် အမြဲတမ်းအကြံပေးအဖြစ်လည်းကောင်း၊ ကချင်တိုင်းရင်းသားများတွင် သြဇာကြီးသည့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့(WMR)တွင်ဥက္ကဋ္ဌ အဖြစ်လည်ကောင်း ဆောင်ရွက်နေသူဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွမ်အား လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အိမ်ဖြူတော်တွင်တွေ့ဆုံစဉ် ဘာသာရေးဖိနှိပ်သည့်ဆိုသည့်ကိစ္စရပ်နှင့် လက်နက်ကိုင်ပဋိပက္ခကိစ္စရပ်များ တင်ပြပြောဆိုခဲ့မှုကို အကြောင်းပြု၍ ၂၀၁၉ ခုနှစ် သြဂုတ် ၂၆ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက မြစ်ကြီးနားမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီးယင်းအမှုကို တပ်မတော်က စင်တင်ဘာ ၉ ရက်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

 

Most Read

Most Recent