ရဟတ်ယာဉ်ငှားရမ်းခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာကိစ္စများအ​ပေါ် အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ဦးဝင်းမြင့်အား စစ်​ဆေး

ရဟတ်ယာဉ်ငှားရမ်းခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာကိစ္စများအ​ပေါ် အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ဦးဝင်းမြင့်အား စစ်​ဆေး
Published 21 November 2022

ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် သမ္မတဟောင်း ဦးဝင်းမြင့်အား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် နိုဝင်ဘာ ၂၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​​​ကြောင်း သိရသည်။

ယင်းရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၇၊ ၄၈ နှင့် ၄၉ အတွက် ဦးဝင်းမြင့်အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ်ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ဦးဝင်းမြင့်အား ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့် ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အားအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီး ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေး​​ပေးချေမှုများ၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှသုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေသည့်စွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ​​ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​ကြောင်း သိရသည်။

Most Read

Most Recent