ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီးသုံးမြို့အကြား နှစ်ဖက်လေကြောင်း ခရီးစဉ်များ ပျံသန်းနိုင်ရေး နှစ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များ သဘောတူညီချက် လက်မှတ်ရေးထိုး

ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီးသုံးမြို့အကြား နှစ်ဖက်လေကြောင်း ခရီးစဉ်များ ပျံသန်းနိုင်ရေး နှစ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များ သဘောတူညီချက် လက်မှတ်ရေးထိုး
Published 21 November 2022

ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီးသုံးမြို့အကြား နှစ်ဖက်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E.Mr.Vitaly Saveliev ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport ၂၀၂၂ ပြပွဲသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်အတွင်း အထက်ပါသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရောက်ရှိစဉ်အတွင်း နိုဝင်ဘာ ၁၆ ရက်တွင် မီးရထားစက်ခေါင်း၊ တွဲများနှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှုအရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ မောင်းသူမဲ့လေယာဉ်များကို မြို့တွင်းသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုခြင်းဆိုင်ရာဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး ရန်ကုန်-ဗလာဒီဗော့စတော့၊ ရန်ကုန်-နိုဗိုစီဗစ်၊ ရန်ကုန်-ကရာနိုရက်စ် နှစ်ဖက်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Igor Petrovich Chalik နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုစုံညီဆွေးနွေးပွဲ (International Transport Cooperation in 2022) သို့တက်ရောက်ခဲ့ပြီး Transport Week ကာလအတွင်း ခင်းကျင်းပြသထားသော ပြခန်းများကိုလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့အတူ နှစ်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနများအကြား တွေ့ဆုံမှုအစီအစဉ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်က ရထားပို့ဆောင်ရေးဆိုင်ရာ တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကဏ္ဍများတွင် အတွေ့အကြုံရင့်ကျက်သည့် ကျွမ်းကျင်ပညာရှင်များနှင့် ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများစွာရှိသဖြင့် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အကူအညီများပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်က ရန်ကုန်မြို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြို့ကြီးသုံးမြို့တို့အကြား လေယာဉ်ခရီးစဉ်များပြေးဆွဲရေးကို အထောက်အကူပြုနိုင်ရန်အတွက် နှစ်နိုင်ငံမြို့ပြလေကြောင်း အာဏာပိုင်များအကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Myanmar Airways International (MAI)ကလည်း နှစ်နိုင်ငံအကြားခရီးစဉ်များကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် အဆိုပြုလွှာတင်ပြထားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရထားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့ပြင်အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု စုံညီဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရဒေသတွင်း အချက်အချာကျသည့်နေရာတွင်တည်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ခွင့်ပြုပေးနိုင်သည့် လုပ်ငန်း၊ နယ်ပယ်အများအပြားရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရထားလမ်းကွန်ရက်အောက်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကားလမ်းကွန်ရက်ဆက်သွယ်မှုအတွက် အာရှလမ်းမကြီး၊ အာဆီယံလမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံလမ်းမကြီးတို့ကို ဖော်ဆောင်လျက်ရှိကြောင်း၊ တစ်ဆက်တည်းတွင် အာဆီယံ၊ ဘင်းမ်စတက်နှင့် ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်စည်နှင့်ခရီးသည်များ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအား နှစ်နိုင်ငံအကြား လွယ်ကူချောမွေ့စေရေးနှင့် တစ်ပြေးညီဖြစ်စေရေး၊ ဘက်စုံပို့ဆောင်မှုမြှင့်တင် အကောင်အထည်ဖော်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံနှင့် ရုရှားဆက်သွယ်နိုင်ရေးအတွက် မြောက်-တောင် အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးစင်္ကြန် (North-South Transport Cooridor) ဖော်ဆောင်ရန်လိုအပ်ကြောင်း၊ စွမ်းရည်ရှိသော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်က ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံမှုကို ပေးစွမ်းနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၁၅ ရက်မှ ၁၈ရက်အထိ ကျင်းပသည့် Transport Week သို့ နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ကိုယ်စားလှယ် ၁၆၀ ခန့်နှင့်် ရုရှားနိုင်ငံမှ တာဝန်ရှိသူများ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်း/အဖွဲ့အစည်းများနှင့် လေ့လာသူများ စုစုပေါင်း ၁၄၀၀ ခန့်တက်ရောက်ခဲ့ပြီး ရုရှား-မြန်မာနှစ်နိုင်ငံအကြား လေကြောင်းဆက်သွယ်မှုအပါအဝင်ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းကဏ္ဍများပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်းသိရပြီး ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိကြောင်း သိရသည်။

Most Read

Most Recent