လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှုတွင် ယခင်နှစ်ကာလတူထက် ပို့ကုန်/သွင်းကုန် ကဏ္ဍနှစ်ခုလုံးမြင့်တက်ခဲ့သဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန် သွယ်မှုပမာဏ ဒေါ်လာ ၂၀ ဒသမ ၈၂၄ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၁၇ ဒသမ ၀၇၇ ဘီလျံသာရှိသည်။ လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၁ ဒသမ ၇၄၆ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်ပမာဏ ဒေါ်လာ ၁၀ ဒသမ ၀၇၂ ဘီလျံရှိပြီး ယခင်နှစ်ကာလတူ ထက် ၁ ဒသမ ၃၇၆ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏ ဒေါ်လာ ၁၀ ဒသမ ၇၅၁ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၃၇၀ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။
ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေ ထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံကျော်သာရရှိပြီး ယခင် ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၇ ဒသမ ၁၄၆ ဘီလျံကျော် ကုန်သွယ်မှုလျော့ကျခဲ့ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၉၂၇ ဒသမ ၀၆၅ သန်း( ၁၄ ဒသမ ၉၂၇ ဘီလျံ)၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်း (၁၄ ဒသမ ၆၅၈ ဘီလျံ) ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလျံ)ရရှိခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၇၆၈၁ ဒသမ ၀၈၇ သန်း၊ သွင်းကုန် တန်ဖိုးဒေါ်လာ ၁၉၀၅၀ ဒသမ ၈၅၅ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၆၇၃၁ ဒသမ ၉၄၂ သန်းရရှိခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန် သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။